
မောင်မောင်ကျော့(ပလက်၀)
ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ တောင်တန်းဒေသတစ်ခုဖြစ်သည်။ မြင့်မားမတ်စောက်သော တောင်တန်းကြီးများ၊ ချိုင့်ဝှမ်းများနှင့် အတူ ချယ်ရီပန်း၊ တောင်ဇလပ်ပန်းနှင့် ထင်းရှူးတန်းများသည်ကား ချင်းပြည်နယ်၏ သဘာဝအလှတရားများပင်ဖြစ်သည်။ ဟားခါးမြို့တွင် ဆောင်းရာသီ ရောက်ပြီဆိုလျှင် မီးသတ်ကုန်းတစ်လျှောက် ချယ်ရီပန်းပင်များ မြိုင်မြိုင်ဖူးပွင့်နေသကဲ့သို့ မြို့ပေါ်နေရာအနှံ့အပြားတွင်လည်း ချယ်ရီပန်းပင်များ ဖူးပွင့်ဝေဆာ မှုကြောင့် “ချယ်ရီမြို့” ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။
တောင်ထိပ်တည်ထား မြို့ဟားခါးဆီသို့
ဟားခါးမြို့သို့ အလည်အပတ်လေ့လာဖို့ သွားရောက်မည်ဆိုလျှင် ယခင်က ရန်ကုန်မှသည် မန္တလေးသို့ ဦးစွာသွားရသည်။ မန္တလေးမှ မုံရွာ-ဂန့်ဂေါမြို့ တို့ကို ဖြတ်ပြီးခရီးဆက်ရသည်။ ယခုအခါ ရန်ကုန်မှသည် ဟားခါးမြို့သို့ Highclass ယာဉ်ကြီးများဖြင့် တိုက်ရိုက်သွားလာနိုင်ပေပြီ။ ဟားခါးမြို့အဝင် ရုန်းတောင်ကြောလမ်း ဖြတ်သန်းလာသည်နှင့် မိုးရာသီသဘာဝအတိုင်း နှင်းမှုန်ထုများက ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစိမ့်စိမ့်နှင့် အချမ်းဓာတ် ကြိုက်သူ မြေပြန့်သားများအတွက် အကောင်းဆုံးရာသီဥတု ဖြစ်သည်။
နံနက်ခင်းရောက်ပြီဆိုသည်နှင့် မြူနှင်းမှုန်များက ရုန်းတောင်ပေါ် အုပ်မိုးလျက်ရှိသည်။ နှင်းထူသောနေ့ဆိုလျှင် ဟားခါးမြို့သည် မြူနှင်း လှိုင်းပင်လယ်ကြား နစ်မြုပ်နေ၍ ဘာမှမမြင်ရဘဲ နေခြည်ဆမ်းမှ တောင်ကြော နှစ်ခုကြား မြူနှင်းများ လွင့်မျောသွားကာ ဟားခါးမြို့အလှကို စတင်တွေ့ မြင်နိုင်ပါသည်။ ညချမ်းချိန်တွင်ကား ဟားခါးမြို့သည် ရောင်စုံမီးများ လင်းလက်လျက်၊ ချင်းတောင်တန်းကြီး၏ ကျောကုန်းထက်ဝယ်တည်ငြိမ်အေးချမ်းစွာ အနားယူအိပ်စက်လေ့ရှိသည်။
မိုးအကုန် ဆောင်းအကူး ဟားခါးမြို့၏ ဆောင်းညချမ်းသည်ကား ဆီးနှင်း မြူတို့ သိုင်းခြုံလျက် အေးမြလှပါဘိ၊ စောင်ကိုယ်စီ ခြုံပါသော်လည်း မေးဖျားရိုက်၊ အရိုးကွဲအောင် အေးခိုက်လှသည်။ ဆောင်းည၏ နံနက် မိုးသောက် အလင်းရောက်သော်ကား ဆီးနှင်းမိုးတို့ ဖြိုးဖြိုးဖြောက်ဖြောက် ရွာသွန်းလျက် တွေ့ရသည်။ နံနက် ၉ နာရီခွဲသည့်တိုင် နှင်းကမကွဲသေး၊ သို့သော် ဟားခါးမြို့၏ လမ်းများပေါ်တွင် ဆိုင်ကယ်စီးသူစီး၊ လမ်းလျှောက် သူ လျှောက်ဖြင့် လှုပ်လှုပ်ရွရွ သွားလာနေကြပြီ။ နံနက် ၁၀ နာရီ၊ ၁၁ နာရီလောက်တွင် ဆီးနှင်းဖွေးဖွေး မြူနှင်းများကြား ဟားခါးမြို့အလှ ရုပ်လုံး ပေါ်လာသည်ကိုတွေ့ရမည်။ ဟားခါးမြို့အဝင် လမ်းမကြီးသည် တောင်ကြော တစ်နေရာက နိမ့်ဆင်းသွားရာမှ အခြားတောင်တန်းဆီသို့ သွယ်တန်းလျက်ရှိ သည်။ တောင်ထိပ်ရှုရပ်မှကြည့်လျှင် ဟားခါးမြို့သည် ကင်းမြီးကောက် အမြီးထောင်နေသကဲ့သို့ အလားသဏ္ဌာန်တူနေသည်။ နွေရာသီဆိုလျှင် ခြောက်သွေ့၍ ချင်းပြည်နယ်တစ်ခွင်သို့ မြန်မာပြည်အနှံ့အပြားမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။
မြို့တွင်းရှိ နေအိမ်များမှာ တောင်ပတ်လမ်းများကို ကပ်လျက် တည်ဆောက်ထားကြသည်။ နေအိမ်အများစုမှာ ယခင်က သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာအိမ်များ ဖြစ်သော်လည်း ယခုအခါ မြို့လုံးကျွတ်နီးပါး တိုက်တာ အဆောက်အအုံများဖြင့် သပ်ရပ်လှပနေသည်ကို တွေ့ရသည်။ အရစ်လိုက် အရစ်လိုက် တည်ရှိနေသော တောင်ပတ်လမ်းများကို ကပ်၍တည်ဆောက်ထား သဖြင့် အဝေးမှကြည့်လျှင် အစီအရီအထပ်ထပ် တွေ့ရသည်။
ဟားခါးမြို့ဝန်းကျင်တစ်ခွင်တွင် ထင်းရှူးပင်များဖြင့် လှပနေသော တောင်တန်းကြီးများ ရှိလေသည်။ မြို့တွင်း မြို့ပြင် နေရာအနှံ့တွင်လည်း တောင်ဇလပ်ပန်းများနှင့် ချယ်ရီပန်းများသည် အဆုပ်လိုက်အဆုပ်လိုက် အပြိုင်အဆိုင် ပွင့်နေကြသည်။ ဟားခါးမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၆၁၂၀ အမြင့်တွင် ရှိသည်။
ဤသို့ဖြင့် ဟားခါးမြို့သည် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် တိုးတက် ပြောင်းလဲလာသည်ကို တွေ့ရသည်။
သွားလမ်းသာ၍ လာလမ်းဖြောင့်ခဲ့ပြီ
ယခင်က ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတို့သည် လမ်းပန်း ဆက်သွယ်မှု အလွန်ခက်ခဲခဲ့သည်။ ယခုအခါ ဤသို့မဟုတ်ချေပြီ။ တောင်ပေါ် မြေပြန့် မြို့ပြအားလုံး ဟန်ချက်ညီညီ အသွင်သစ်၊ အမြင်သစ်တို့ဖြင့် အခြေ အနေတစ်ခုသို့တိုင် ဖွံ့ဖြိုးလာခဲ့ပြီဟု ဆိုရပါမည်။ ဤသို့ ဖွံ့ဖြိုးလာမှုနှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးချင်းဆက်၊ ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက်လမ်း များကိုလည်း ချဲ့ထွင်ဖောက်လုပ်ပေးထားပြီ ဖြစ်သည်။
ဟားခါးမြို့သို့ ဂန့်ဂေါမှလာလျှင် ၈၆ မိုင်၊ ကလေးမြို့မှ ဖလမ်းမြို့ကို ဖြတ်၍လာလျှင် မိုင် ၁၂၀ ၊ ဖလမ်းမှလာလျှင် ၅၅ မိုင်၊ ထန်တလန်မှလာလျှင်၂၄ မိုင်၊ မတူပီမှလာလျှင် ၁၇၃ မိုင် ကွာဝေးသည်။ မတူပီ-ပလက်ဝလမ်း ၁၃၅ မိုင် ကိုလည်း မြေသားလမ်းဖောက်လုပ်ပြီးစီးပြီ ဖြစ်သည်။ အချို့လမ်းပိုင်းများကို ကျောက်ချောလမ်း၊ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည်။ ဤလမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်မှုလုပ်ငန်း ပြီးစီးသွားပါက ပလက်ဝမှ မတူပီ၊ ရေဇွာမြို့များကိုဖြတ်၍ ဟားခါးမြို့သို့ ၃၀၅ မိုင် ခရီးကိုလည်း အသုံးပြုသွားလာနိုင်တော့မည်။
ဟားခါးမြို့သို့ ခရီးမိုင် အတိုဆုံးနှင့် သွားလာနိုင်သည့် ဂန့်ဂေါ- ဟားခါး လမ်းပိုင်းကို လမ်းအကျယ်ချဲ့ထွင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း များ ပြီးစီးနေပြီဖြစ်၍ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာခဲ့ပြီး တောင်ပေါ်ခရီးကို သုံးနာရီခွဲဖြင့် အရောက်သွားလာနိုင်ပြီဖြစ်သည်။ ထို့ကြောင့် သွားလမ်းသာ၍ လာလမ်းဖြောင့်နေပြီဟု ဆိုနိုင်ပါသည်။
မြို့နယ်အားလုံးသို့ ဆက်သွယ်
ဟားခါးမြို့ကို ခရိုင်မြို့အဖြစ်ပါ သတ်မှတ်ပေးခဲ့ပြီးဖြစ်သည့်အပြင် ပြည်နယ်မြို့တော်လည်း ဖြစ်ပေသည်။ ပြည်နယ်၏ ဗဟိုအချက်အချာကျသည့် မြို့လည်းဖြစ်၏။ ပြည်နယ်မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်လာစေရန် မြို့တော် အတွင်း သစ်လွင်ခံ့ညားသော အထပ်မြင့်အဆောက်အအုံကြီးများ၊ ကားကြီးဝင်း၊ နာရီစင်၊ အပန်းဖြေစရာပန်းခြံ၊ အားကစားကွင်း စသည့် ဥပဓိရုပ် ကောင်းသည့် လေ့လာချင်စဖွယ် အခင်းအကျင်းမျိုးစုံတို့ဖြင့် ဖြည့်ဆည်းထားရှိပြီးဖြစ်သည်နှင့်အညီ မြို့တွင်းအဓိကကျသည့် လမ်းမကြီးများကို ဖြူနီအနားသတ် ပလက်ဖောင်းနှင့်အတူ နိုင်လွန်ကတ္တရာလမ်းများအဖြစ် သို့ အဆင့်မြှင့်တင်ပေးခဲ့ပြီးလည်း ဖြစ်သည်။ ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံးသို့ ဆက်သွယ်ထားရှိသည့် လမ်းပိုင်းများကိုလည်း သွားလာမှု ပိုမိုလွယ်ကူချောမွေ့လာစေရန် မြေသားလမ်းအကျယ်ချဲ့ခြင်း၊ ကျောက်ချော လမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပြီးလည်း ဖြစ်သည်။ ထို့ကြောင့် ပြည်နယ်တွင်းလမ်းကွန်ရက်များ လွှမ်းခြုံလာပြီဖြစ်၍ မြို့နယ်အားလုံးသို့ ဆက်သွယ်သွားလာမှုတို့လည်း လွယ်ကူချောမွေ့လာခဲ့ပြီ ဖြစ်သည်။
သမိုင်းဝင်မြို့
ရှမ်းပြည်နယ် ပင်လုံမြို့၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်မှုနှင့်အတူ အမြော်အမြင်ကြီးမားလှသော တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ စစ်မှန်သော ပြည်ထောင်စုအမြင်ကြောင့် လွတ်လပ်ရေး၏ ရှေ့ပြေးဖြစ်သည့် ပင်လုံစာချုပ်ကို ညီညွတ်အရင်းတည်၍ ချုပ်ဆိုနိုင်ခဲ့ပါသည်။ ထိုပင်လုံစာချုပ်တွင် ချင်းတိုင်းရင်းသားကိုယ်စားလှယ် များအဖြစ် ဦးကီယိုမန်း၊ ဦးလူရ်မှုန်း၊ ဦးသောင်ဇာခုတ်တို့ သုံးဦး လက်မှတ် ရေးထိုးခဲ့သည်။ ထိုအထဲမှ ဦးကီယိုမန်း မွေးဖွားရာမြို့လည်း ဖြစ်ပေသည်။ ထိုမြို့ကား အခြားမဟုတ်၊ ချယ်ရီမြို့ သို့မဟုတ် ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ပင်ဖြစ်သည်။ ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ပါဝင်ခဲ့သည့် သမိုင်းဝင် ပုဂ္ဂိုလ်၏ ဇာတိချက်ကြွေ သမိုင်းဝင်မြို့ဟုလည်း ဆိုနိုင်ပါသည်။
သမိုင်းဝင်ကန်
မြို့တွင်းသို့ ဝင်လာသည်နှင့် မြို့အဝင်ရှိ ပထမခွာရုံဆရာတော် ကျောက် ဖြစ်ရုပ်ကြွင်း တပ်ဦးစေတီရှိသည်။ တောင်ဇလပ်ပန်းပင်များ ပေါများပြီး ရှုခင်းလှပသဖြင့် လာရောက်ကြသူများ သဘောကျနှစ်ခြိုက်ကြသည်။ ၎င်းမှ တစ်ဆင့် View Point မျှော်စင်ပေါ်မှ မြို့ရှုခင်းကို ကြည့်ရှုခံစားနိုင်သည်။ View Point အဝင်မုခ်ဦးတွင် ချင်းတိုင်းရင်းသား ဝတ်စုံဝတ်ဆင်ထားသော မောင်မယ်နှစ်ဦးပုံ၊ ကျားနှင့် နွားနောက်ပုံတို့ကို ပန်းချီဖြင့် ရေးဆွဲထားပုံမှာ အလွန်လှပသည်။ တောင်ကုန်းပေါ်ရှိ မျှော်စင်မှာ ပေ ၄၀ အမြင့် ရှိသည်။ မြို့တစ်မြို့လုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။ ဝေဟင်မှ လေယာဉ်စီး၍ တွေ့မြင်ရသည့် မြင်ကွင်းမျိုး ဖြစ်သည်။ သန့်ရှင်းသပ်ရပ်စိတ်ကြည်နူး ဖွယ်ကောင်းလှသည်။
View Point မှ ထွက်လာသည်နှင့် ဌာနဆိုင်ရာရုံးများ တွေ့ရသည်။ ကွေ့ကောက်သော ကတ္တရာလမ်းအတိုင်းဆင်းလာပြီး လမ်းဆုံတစ်နေရာ တွေ့ရမည်။ လမ်းဆုံ၏တစ်ဖက်တွင် ဝမ္မသူးမောင်အားကစားကွင်းကြီး ရှိသည်။ အားကစားကွင်းညာဘက်ချိုးပြီး ဆက်လက်သွားပါက တော်လှန်ရေး ကန်နှင့် ချင်းတောင်တန်းဆရာတော် သီတင်းသုံးရာ ဇေတဝန်ဘုန်းတော်ကြီး ကျောင်း၊ အိပ်မက်တော်ရသစ္စာ အောင်မြင်ကုန်းသို့လည်း သွားရောက်နိုင်သည်။ ထိုကုန်းမြင့်ဝန်းကျင်တစ်ခိုတွင် တော်လှန်ရေးကန်ဟု အမည်ရသည့် ရေကန် တစ်ကန်လည်းရှိပါသည်။ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့ကြသည့် ချင်းတိုင်း ရင်းသားများ ဤရေကန်အနီးရှိ ကွင်းပြင်တွင် စုစည်း၍ စတင်တော်လှန်ခဲ့ ကြသောကြောင့် တော်လှန်ရေးကန်ဟု ခေါ်ခြင်းဖြစ်သည်။ တော်လှန်ရေးကန် မှာ ရေကန်နက်ပြီး တောင်ကျရေများ ပြန်လည်စီးဆင်းစေသည်။ ယခုအခါ တော်လှန်ရေးကန် ဝန်းကျင်တစ်ခုလုံးကို ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် သဘာဝပန်းခြံအဖြစ် တည်ဆောက်ထားသော်လည်း ဤပန်းခြံအတွင်းတွင်ပင် တော်လှန်ရေးကန်ကို သမိုင်းဝင်ရေကန် အဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း တွေ့ရပေမည်။ ဤနေရာတို့သည်လည်း လေ့လာစရာကောင်း သည့် နေရာတစ်ခုဖြစ်သည်။
ဟားခါးရင်ခွင် ရှုတိုင်းယဉ်
ဟားခါးမြို့ထဲသို့ ဝင်လာပါက လမ်းဘေးဝဲယာတစ်လျှောက်တွင် သန့်ရှင်းသပ်ရပ် သစ်လွင်တောက်ပသော စားသောက်ဆိုင်၊ ထမင်းဆိုင်၊ အထည်ဆိုင်၊ ကုန်စုံဆိုင်၊ ခေတ်မီ တည်းခိုခန်းများ၊ လူနေအိမ် တိုက်တာများ၊ ပျဉ်ထောင်အိမ်များ အထပ်ထပ်အစီအရီ တွေ့ရသည်။ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များလည်းရှိသဖြင့် မြို့၏စီးပွားရေး ကောင်းမွန်သည်ဟု ဆိုနိုင်ပါ သည်။ ချင်းရိုးရာအိမ်၊ ချင်းရိုးရာယဉ်ကျေးမှုပြတိုက်တို့လည်း ရှိသဖြင့် ဧည့်သည်များ လာရောက်လေ့လာကြသည်။ ထန်တလန်မြို့ သို့အထွက် ကားလမ်းဘေးရှိ သီးမစ်ချိုင့်ဝှမ်းရှုခင်းမှာ သာယာလှပသဖြင့် ဓာတ်ပုံရိုက်ကြ သူများ အကြိုက်ဖြစ်သည်။ ဆုတောင်းတောင်ကလည်း ဒေသခံများ အမြဲ ရောက်ရှိ ဆုတောင်းကြသည့်နေရာတစ်ခု ဖြစ်ပေသည်။ အားကစားကဏ္ဍ တွင် နိုင်ငံလက်ရွေးစင်လူငယ်များ မွေးထုတ်ပေးနိုင်ရန် အားကစားသိပ္ပံ အဆောက်အအုံကိုလည်း ဆောက်လုပ်လျက်ရှိသည်။ ခုတင်၂၀ဝ ဆံ့ ပြည်သူ့ဆေးရုံ၊ သားဖွားသင်တန်းကျောင်း၊ ပညာရေးကောလိပ်၊ စက်မှုလက်မှု သိပ္ပံ၊ ဟားခါးကောလိပ်၊ အထက်တန်းကျောင်း လေးကျောင်းတို့ရှိသည့်အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ပံ့ပိုးပေးလျက်ရှိသည်မှာ အထင်အရှားပင် ဖြစ်သည်။
ပြည်နယ်တစ်ခွင် အလှဆင်
ချင်းပြည်နယ်တွင် ရိဒ်ခေါဒါရ်မြို့အနီးရှိ ကမ္ဘာကျော် အသည်းနှလုံး သဏ္ဌာန်ရိဒ်ရေကန်၊ ကန်ပက်လက်မြို့နယ်ရှိ ဝိတိုရိယ(ခေါ်)ခေါ်နူးစုန်း(ခေါ်)နတ်မတောင် အမျိုးသားဥယျာဉ်၊ မတူပီမြို့ အနီးရှိ ဘုံတလာရေတံခွန်၊ ပလက်၀မြို့နယ်၊ ဆမီးမြို့အနီးရှိ ကီမိုတောင်(ခေါ်) ကျောက်ပန်းတောင်း တောင်နှင့် ကုလားတန်မြစ်ဖျားရှုခင်းများ၊ တီးတိန်မြို့နယ်ရှိ ကနေဒီ တောင်တန်းနှင့် လေထန်ကုန်း၊ ဟားခါးမြို့နှင့် နီးနီးနားနား ထန်တလန်မြို့ အလှသဘာဝများ၊ သီးကီရ်ရေလှောင်တမံနှင့် သီးမစ်ချိုင့်ဝှမ်း အလှတို့သည် အလှပေါ်အယဉ်ဆင့်ဆိုသလို ပြည်နယ်၏အလှကို ပိုမိုကြွရွအောင်တန်ဆာ ဆင်ထားကြသည်ဟုဆိုလျှင် မှားမည်မထင်။
ဝေဟင်ခရီးလေဟုန်စီး၍
ချင်းပြည်နယ် ဖလမ်းမြို့၏ အနောက်မြောက်ဘက် ၈ ဒသမ ၅ မိုင် အကွာတွင်ရှိ ဆူရ်ဘုန်တောင်ကြော၌ ဖလမ်း(ဆူရ်ဘုန်)တောင်ပေါ် လေဆိပ် သစ်စီမံကိန်း တည်ဆောက်ပြီးစီးပြီ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀ပေါ် တည်ဆောက်ထားခြင်းဖြစ်သည်။ စီမံကိန်းတစ်ခုလုံး ပြီးစီးပြီ ဖြစ်၍ လေယာဉ်စမ်းသပ်ဆင်းသက်မှုများလည်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် (၇၃) နှစ်မြောက် ချင်းအမျိုးသားနေ့ ပြည်နယ်အဆင့် အခမ်းအနားကို အဆိုပါ လေယာဉ်ကွင်းတွင်ပင် ကျင်းပရန် စီစဉ်ထားရှိမှုနှင့်အတူ လေယာဉ်ကွင်းဖွင့်ပွဲကို တစ်ပါးတည်း ဆောင်ရွက် မည်ဖြစ်သည်။
ခရီးစဉ်သစ်တစ်ခု
ရန်ကုန်မှသည် ဖလမ်း(ဆူရ်ဘုန်) လေဆိပ်သို့ ဝေဟင်ခရီးဖြင့် ဦးစွာ သွားရမည်။
ဆူရ်ဘုန်လေဆိပ်မှသည် ကားလေးဖြင့် ဖလမ်း မြို့နယ်ရှိ ဇိန်မှူးတောင် အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့အနီး ရိဒ်ရေကန်သို့ သွားရောက် လေ့လာနိုင်သည်။ ထန်တလန်မြို့နယ်ရှိ သီးကီရ် ရေလှောင်တမံ၊ ထန်တလန်မြို့ သဘာဝအလှများကို သွားရောက် လေ့လာနိုင်သည်။
ရက်အနည်းငယ် အချိန်ပေးလေ့လာနိုင်မည်ဆိုပါ က ထန်တလန်မြို့မှသည် ဟားခါးမြို့ကိုဖြတ်၍ မတူပီ မြို့အနီးရှိ ဘုံတလာရေတံခွန်၊ ကန်ပက်လက်မြို့အနီးရှိ နတ်မတောင် အမျိုးသားဥယျာဉ်သို့လည်း သွားရောက် လေ့လာနိုင်သည်။ ကန်ပက်လက်မြို့မှသည် အနီးဆုံး မကွေးတိုင်းဒေသကြီး ကျောက်ထုလေဆိပ်မှ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။ ဤသို့ သဘာဝ အခြေခံခရီးသွားလုပ်ငန်း ခရီးစဉ်သစ်တစ်ခု ပီပြင်စွာ အကောင်အထည်ဖော်ပေးနိုင်ပါက ပြည်နယ်၏ ခရီး သွားလုပ်ငန်း ဝင်ငွေတိုးတက်လာမှုအတွက် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်သည်။
ယခုအခါ လေကြောင်းခရီး၊ ကားလမ်းခရီးတို့ဖြင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမှု ကြောင့် ပြည်ထောင်စု ဥယျာဉ်ထဲတွင် လှပစွာဖူးပွင့်နေ သည့် ချင်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများ၊ စိတ်ဝင်စားဖွယ်ကောင်းသော ရိုးရာဓလေ့များ၊ အထင်ကရနေရာများသို့ လာရောက်လေ့လာလိုသူများ အဖို့ ရေလည်းမဝေး၊ မြေလည်းမဝေးတော့ပါ။ ဝေဟင် ခရီးလည်း အသင့် ဖြစ်နေသည်မို့ လေ့လာနားခိုအပန်း ဖြေသူများအဖို့ ရေကန်အသင့် ကြာအသင့် ဆိုသလို လှပသပ်ရပ်သော ခေတ်မီတည်းခိုဆောင်များ၊ ဒေသ ထွက်ကုန်ပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင် များဖြင့် အသွင်သစ်၊ အမြင်သစ်များကို ဖန်တီးကာ ဆွဲဆောင်လျက်ရှိနေပြီ ဖြစ်သည်။
ဤသို့သော သဘာဝအလှတရားများနှင့် မြို့ကြီး ပြကြီးအသွင်လက္ခဏာများ ပိုင်ဆိုင်လာခဲ့ပြီဖြစ်သော ချယ်ရီမြို့ သို့မဟုတ် ဟားခါးမြို့ ဒေသခံချင်းတိုင်း ရင်းသားတို့၏ ရိုးရာလွယ်ပလိုင်းလှကိုယ်စီနှင့် မီးပုံကို နှစ်ယောက်ချင်း တူယှဉ်ဝန်းရံကကြသည့် ကပွဲကို ပါဝင်ဆင်နွှဲဖို့ တောင်ထိပ်တည်ထား မြို့ဟားခါးသို့ တောင်ပေါ်တေးသံပြိုင်ဆိုကြရင်း တောင်ပေါ် ခေါင်ရည်ချိုချိုမြမြနှင့် သန့်ရှင်းလတ်ဆတ်သော ဒေသအစားအစာ ဆာဘူးသီး (ပြောင်းဖူးနှင့် အသား စွပ်ပြုတ်)ကျွေးမွေးဧည့်ခံပြီး နွေးထွေးစွာ ဧည့်ဝတ် ပျူငှာမှုနှင့်အတူ ချင်းစကားနှင့် “မန်းထာမော”ဟု ကြိုဆိုနှုတ်ဆက်မှုတို့ကို အမြင်ချင်းနီးကာ၊ ရွှေရင် ချင်းဆက်နိုင်ရန် တစ်ခါတစ်ခေါက် အဆွေရောက်ဖို့ ကြိုထောက်အသင့် ပြင်ဆင်နှင့်လျက်၊ ယခင်နှင့်မတူ တစ်မူပြောင်းကာ အသွင်သစ်၊ အမြင်သစ်များဖြင့် ခရီးသွားများကို ဆွဲဆောင်လျက်ရှိ၍ သန့်ရှင်းသော သဘာ၀ လေအေးနုများ ရှူရှိုက်ရင်းနှင့် လတ်ဆတ် သော အသီးအနှံများကို စားသုံးကာ စိတ်အပန်း ဖြေကြည်နူးနှစ်သက်မှုကို မလွဲဧကန်ခံစားနိုင်ဖို့ ခွန်းဆင့် ဖိတ်ခေါ်ပါရစေ။ ။
- Log in to post comments