အယ်ဒီတာ့အာဘော်
===========
ကြီးလေးသည့်ကျူးလွန်မှုကို တားဆီး
=======================
ကံ ကံ၏အကျိုး၊ ဘဝကံ အကျိုးပေးကြောင့်ဟူသည့် တရားတော်လာအတိုင်း လူ့ဘဝတွင် လူရယ်လို့ဖြစ်လာသော်လည်း လူလူချင်း အကြောင်းမဲ့နှိပ်စက် ညှဉ်းပန်းခြင်းခံနေရသည့်အဖြစ်များကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ကံကြမ္မာသည် မည်သို့မည်ပုံရှိသည်ကို မည်သူမျှ မခန့်မှန်းနိုင်သော်လည်း ကောင်းသောကံကြမ္မာဖြစ်ပေါ်လာနိုင်ရန် လူသားအချင်းချင်း စောင့်ရှောက် ကယ်တင် ကာကွယ်ပေးကြရမည်ဖြစ်သည်။
လူအချင်းချင်း နှိပ်စက်ညှဉ်းပန်းမှု၊ အဓမ္မအနိုင်ကျင့်မှု ပြုလုပ်ခြင်း ခံရသည်ဆိုရာ၌ တရားဥပဒေစိုးမိုးမှု၊ လူသားချင်းစာနာထောက်ထားမှုရှိသော နေရာတို့တွင် အဖြစ်နည်းပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့သော လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ပို၍အဖြစ်များသည်။ အထူးသဖြင့် ပဋိပက္ခဒေသများတွင် အသက်အရွယ်ငယ်ရွယ်သည့် ကလေးသူငယ်များ အပေါ် လူသားဆန်စွာ ပြုမူကျင့်သုံးခြင်းမရှိသဖြင့် ထိခိုက်နာကျင်မှုများ ပိုဖြစ်လာပါသည်။
ထို့ကြောင့် ၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက် အမှတ် ၁၆၁၂ နှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များအရ သတ်မှတ် ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု (၆) ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုဆုံးဖြတ်ချက် နှင့်အညီ ကမ္ဘာတစ်ဝန်းရှိ သတ်မှတ်ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း မှ ကလေးသူငယ်များအား ကုလသမဂ္ဂနှင့် နိုင်ငံအစိုးရများက ကာကွယ် စောင့်ရှောက်ပေးခဲ့ရာ မြန်မာနိုင်ငံလည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ကြီးလေးသောကျူးလွန်မှု (၆) ရပ်မှာ ကလေးသူငယ်များအား သတ်ဖြတ်ခြင်းနှင့် သေရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းစေခြင်း၊ တပ်မတော် နှင့် လက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးသူငယ်များအား စုဆောင်းခြင်း နှင့်အသုံးပြုခြင်း၊ ကလေးသူငယ်များအား အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်းအမျိုးမျိုး၊ ကလေးသူငယ်များအား အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများအား တိုက်ခိုက်ခြင်း၊ ကလေး သူငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးခြင်းကို တားဆီးခြင်း သို့မဟုတ် ခွင့်မပြုခြင်းဟူသည့် အချက်များ ဖြစ်သည်။
ဖော်ပြပါ ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများကို မငြိမ်းချမ်းသောဒေသများ၊ မငြိမ်းချမ်းသော တိုင်းပြည်များ၊ တိုင်းပြည်ပြိုကွဲပြီး ဆင်းရဲတွင်းနက်နေသော နိုင်ငံများ၌ အများဆုံးဖြစ်ပွားလေ့ရှိသည်။ တရား ဥပဒေစိုးမိုးမှုရှိသော နိုင်ငံများတွင် ကလေးငယ်များ၏ဘဝများမှာ လုံခြုံ စိတ်ချမှုရှိပြီး တရားဥပဒေစိုးမိုးမှုပျက်ယွင်းကာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော နိုင်ငံများ၊ ဒေသများ၌ ကလေးငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသောဒေသများတွင် အပြစ်မဲ့ကလေးသူငယ်များ ထိခိုက် ပျက်စီးသေဆုံးမှုများရှိနေသည်ဟု ကြားသိရသည်။
ကလေးစစ်သားများစုဆောင်းခြင်းနှင့် အသုံးချခြင်းဖြစ်ရပ်များ အစောပိုင်းကာလက နေရာဒေသမရွေး ဖြစ်ပွားခဲ့ပြီး ယင်းကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ တပ်မတော်ရော လက်နက်ကိုင်အဖွဲ့များပါ များသောအားဖြင့် လိုက်နာသည်ကို တွေ့ရသည်။ လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများသည် မငြိမ်းချမ်းခြင်း၏ နောက်ဆက်တွဲအကျိုးရလဒ်များဖြစ်၍ ကလေးသူငယ် များ ပြဿနာမျိုးစုံကိုဖြေရှင်းရာ၌ ငြိမ်းချမ်းရေးရရှိလာအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်မှ အောင်မြင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ အကျိုးစီးပွားကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးနေပြီး ၂၀၁၉ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် လက်နက်ကိုင် ပဋိပက္ခများ မချုပ်ငြိမ်းသေးသောနိုင်ငံဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အစဉ်တစိုက် ဆောင်ရွက်နေသောနိုင်ငံဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခများ ရှိနေဆဲကာလ တွင်ပင် ပြည်သူများ လုံခြုံမှုရှိအောင်ဆောင်ရွက်ပေးရင်း ကလေးသူငယ် အပေါ် ကျူးလွန်သည့် ကြီးလေးသောအပြစ်များကို ကုလသမဂ္ဂ၏ ဆုံးဖြတ် ချက်နှင့်အညီ ရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်သွားရမည် ဖြစ်သည်။
သို့ဖြစ်ရာ ယခုအခါ ကလေးသူငယ်ဆိုင်ရာ ဥပဒေသစ်နှင့် ထိုဥပဒေကို အကောင်အထည်ဖော်မည့် ကော်မတီကို ဖွဲ့စည်းပေးထားပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများ လျော့နည်းကျဆင်းအောင် ကြိုးပမ်းဆောင်ရွက်ရင်း ပိုမို ကြီးလေးသည့် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန် ဖောက်ဖျက်မှုများ မဖြစ်ပေါ်အောင် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်နှင့်အညီ အဖွဲ့အစည်းများ ပူးပေါင်းညှိနှိုင်း၍ ကာကွယ်စောင့်ရှောက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။