နိုင်ငံရေးအစွန်းရောက်မှုများက နိုင်ငံကို မည်မျှပျက်စီးစေနိုင် ကြောင်းကို ပစ္စုပ္ပန်ကာလ မိမိတို့ဖြတ်သန်းနေကြရသည့် သမိုင်းဝင် ဖြစ်ရပ်များတွင် တွေ့မြင်နိုင်သည်။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ သက်တမ်းနုသေးသည့် နိုင်ငံတစ်နိုင်ငံသာဖြစ်သည်။ နိုင်ငံဟူသည့် အနက်အဓိပ္ပာယ်တွင် နိုင်ငံသားမပါဘဲမပြည့်စုံ။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖို့ ဉာဏ်အမြော်အမြင်ရှိသော၊ မိမိကိုယ်ကိုယ် ထိန်းသိမ်း စောင့်စည်းတတ်သော၊ စည်းကမ်းဥပဒေကို ရိုသေလေးစားလိုက်နာ တတ်သော၊ အညီအညွတ် ပူးပေါင်းဆောင်ရွက်တတ်သော၊ နိုးကြွ ထကြွလုံ့လနှင့် ပြည့်စုံသော နိုင်ငံသားများ အင်ပြည့်အားပြည့်ရှိနေဖို့ လိုအပ်သည်။
ကြီးမြတ်သော နိုင်ငံတော်ကို ဖိုးသုညများဖြင့် တည်ဆောက်၍ မရနိုင်။ နိုင်ငံတစ်နိုင်ငံ၏ ကြီးမြတ်ခြင်းကို ဉာဏ်အမြော်အမြင်နှင့် စိတ်ဓာတ်မြင့်မားသည့် နိုင်ငံသားများဖြင့်သာ ရယူနိုင်သည်။ တွေးခေါ်မြော်မြင်မှုနိမ့်ကျပြီး အများယောင်၍ လိုက်ယောင်၊ ဟိုလူ ပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုးနှင့် ဆင်ခြင်တွေးဆနိုင်မှု စွမ်းအားကင်းမဲ့သူများမှာ နိုင်ငံကို ကြီးမြတ်အောင် တည်ဆောက်ရန် မဆိုထားဘိ မိမိကိုယ်ကိုယ်ပင် တည်ဆောက်နိုင်မည်မဟုတ်ပေ။
ထို့နည်းတူစွာပင် မိမိကိုယ်ကိုယ် ထိန်းသိမ်းစောင့်စည်းနိုင်သူ သည် ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စည်းကမ်း လိုက်နာခြင်း၊ ရိုသေလေးစားတတ်ခြင်း စသည့်ကိုယ်နှုတ်နှလုံး သုံးပါးသော အရည်အချင်းတို့နှင့် ပြည့်စုံသူများဖြစ်ကြသည်။ မိမိ၏ အကျိုးနှင့် အများ၏အကျိုးတို့ ယှဉ်လာလျှင် မိမိ၏ အကျိုးကို စွန့်လွှတ်နိုင်သော စိတ်ဓာတ်၊ လူမှုရေးရာပြဿနာများကို အခြေခံ ကျကျ ရှုမြင်နိုင်စွမ်းရှိပြီး ပြဿနာများကို ဖြေရှင်းနိုင်ရန် ရေရှည် မျှော်တွေးနိုင်သည့် စွမ်းရည်များက နိုင်ငံသားကောင်းတို့၏ စွမ်းရည် များပင်ဖြစ်သည်။
နိုင်ငံဟူသည် နိုင်ငံသားများ ပါဝင်ဖွဲ့စည်းထားသည့် လူ့အဖွဲ့ အစည်းကြီးပင် ဖြစ်သည့်အလျောက် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတို့ နှင့် ချည်နှောင်ဖွဲ့စည်းထားရသည်။ စည်းကမ်း၊ ဥပဒေဆိုသည်တို့မှာ အများအကျိုး၊ တစ်ဦးချင်းတို့၏ အကျိုးများ ပါဝင်နေသည့်အတွက် နိုင်ငံသားတိုင်းက ရိုသေလေးစားလိုက်နာကြရမည်သာ ဖြစ်သည်။ မိမိကိုယ်ကျိုးအတွက် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းသည် နိုင်ငံသားတစ်ယောက်၏ တာဝန်ပျက်ကွက်ခြင်း သာမက စာရိတ္တပျက်ယွင်းခြင်းပင်ဖြစ်ပြီး နိုင်ငံသားတိုင်း ပြည်သူ့ တာဝန်ကို ကျေပွန်ကြရမည်ဖြစ်သည်။ ပြည်သူ့တာဝန်ဟုဆိုရာတွင် နိုင်ငံ၏ အကျိုးစီးပွားကို ပျက်ပြားစေမည့် အတွင်းရန်၊ အပြင်ရန်တို့ကို တွန်းလှန်ဖြိုဖျက်မည်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး သာယာဝပြောရေး အတွက် မိမိစွမ်းဆောင်နိုင်သည့်ဘက်မှ ဝင်ရောက်ဆောင်ရွက်မည် ဟူသည့် သန္နိဋ္ဌာန်မျိုးရှိသင့်ကြသည်သာဖြစ်သည်။ နိုင်ငံသားတစ်ဦး အနေဖြင့် နိုင်ငံ့တာဝန်ကို နားလည်မှုမရှိ၊ ကျေပွန်မှုလည်းမရှိ၊ ထမ်းဆောင်လိုသည့် ဆန္ဒလည်းမရှိပါက နိုင်ငံသားအဖြစ် ထိုက်တန် တော့မည် မဟုတ်ပေ။
အညီအညွတ်ပူးပေါင်းဆောင်ရွက်ခြင်းက မိမိတို့နိုင်ငံကဲ့သို့သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖို့ ပို၍ပင်အရေးကြီးသည်။ အညီ အညွတ် ပူးပေါင်းဆောင်ရွက်ခြင်းကသာ အကျိုးရလဒ်ကောင်း ဖြစ်ထွန်းစေနိုင်သည်။ အများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရာတွင် သဘောထားသေးသိမ်ခြင်း၊ မယုံကြည်ခြင်း၊ မနာလိုဝန်တိုခြင်း၊ ရိုးဖြောင့်မှုမရှိခြင်းတို့က ဖယ်ရှားပစ်ရမည့် အယုတ်တရားများ ဖြစ်ကြသည်။ ဖြူစင်သော စေတနာ၊ မှန်ကန်သောလုပ်ငန်းစဉ်တို့ကို နိုးကြားထကြွ လုံ့လနှင့် ပြည့်စုံစွာ အညီအညွတ် စုပေါင်းလုပ်ဆောင် ကြခြင်းဖြင့် နိုင်ငံသည် ကြီးမြတ်သည့် နိုင်ငံတော်ဖြစ်လာမည်ဖြစ်ပြီး ရေမြင့်ပါက ကြာတင့်သည့် သဘောသဖွယ်ပင် နိုင်ငံသားတိုင်းသည် လည်း ကြီးမြတ်သည့် နိုင်ငံသားများအဖြစ် ရောက်ရှိလာမည်ဖြစ်သည် ကို သတိမူကြကာ နိုင်ငံသားတိုင်းက နိုင်ငံသားကောင်းဖြစ်ရေး အားထုတ်နိုင်ကြပါစေကြောင်း။ ။