
ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်၏ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်းအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်
လို့ မှန်ကန်တဲ့ သတင်းအချက် အလက်တွေ၊ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ သိသင့်သိထိုက်တဲ့ ကိစ္စတွေ သိချင်တဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အပတ်စဉ် အသိပညာပေး ရှင်းလင်းပြောကြားနေတဲ့ အစီအစဉ်ကနေ ကြိုဆိုပါတယ်။
ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုဟာ လူစု လူဝေးတွေကနေ အများဆုံး ပေါက်ဖွားပြီး လူထူထပ်မှု ရှိရင် ရှိသလောက် အန္တရာယ်ကြီးမားပါတယ်။ ဒါကြောင့် လိုက်နာကျင့်သုံးရမယ့်၊ သတိထားရမယ့် အခြေခံအချက် အလက်တွေကို စည်းကမ်းတကျ ဆက်လက်ကျင့်သုံးပြီး သတိထားနေထိုင်ကြဖို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက နှိုးဆော်သတိပေးလျက်ရှိပါတယ်။
ဒါပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ရောဂါခံစားခဲ့ရ သူတွေလည်း အများအပြားရှိနေပါတယ်။ ဒီနေ့ အစီအစဉ် မှာလည်း ကိုဗစ် - ၁၉ ရောဂါကို ရင်ဆိုင်ခဲ့ရပြီး မှန်ကန် တဲ့ ကုသမှုတွေ ခံယူကာ ပြန်လည်သက်သာ ပျောက်ကင်း လာသူတွေနဲ့ တွေ့ဆုံပြီး သူတို့ ဘယ်လိုကုသမှုတွေကို ခံယူပြီးတော့ ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ ဒီရောဂါ ကို ရင်ဆိုင်ကျော်လွှားခဲ့ရတယ်။ နောက်ဆက်တွဲအနေနဲ့ လည်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဘယ်လိုမျိုးလိုက်နာ ဆောင်ရွက်နေရတယ်ဆိုတဲ့ အတွေ့အကြုံတွေကို မိဘ ပြည်သူတွေ သင်ခန်းစာယူပြီး ခွန်အားဖြစ်စေဖို့ တွေ့ဆုံ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီနေ့အတွက် ဖိတ်ခေါ် ထားသူတွေက ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံက ပါမောက္ခဒေါက်တာတင်ဦးနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် က ကိုဝေယံကိုကိုတို့ပဲ ဖြစ်ပါတယ်။
ဆရာကြီးအနေနဲ့ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရ ပြီဆိုတာကို ဘယ်လိုမျိုးသိခဲ့လဲ။ အဲဒီလို သိခဲ့တုန်းက အခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။
ပါမောက္ခဒေါက်တာတင်ဦး ။ ။ ပထမဆုံးတော့ ဆရာ
တို့ ဆေးရုံမှာ ဆရာတို့ လုပ်ဖော်ကိုင်ဖက်ပေါ့နော်။ ဆရာဝန် တစ်ယောက်က ဖျားတယ်၊ ပြီးတော့ အနံ့ပျောက်သွားတယ်။ သူ ကိုဗစ် လက္ခဏာစတင် ခံစားရတာပေါ့နော်။ သူ ခံစားရတော့ သူ့ကို စစ်ဆေးကြည့်လိုက်တဲ့အခါ Positive ဖြစ်တာကို တွေ့ရတယ်။
အဲဒီတော့ ဆရာတို့က ဒီဆရာနဲ့ အမြဲထိတွေ့နေ တယ်ဆိုတော့ ဆရာတို့လည်း စစ်ကြပါတယ်။ စစ်တော့ ဆရာတို့လည်း Positive တွေ့တာပေါ့နော်။ အဲဒါစတွေ့ တာက စက်တင်ဘာလ ၂၂ ရက်နေ့ ပါ။ ကိုယ်က Positive ဖြစ်ပြီဆိုတော့ ပထမတော့ ဆရာတို့ရဲ့ စိတ်ကျန်းမာရေး ဆေးရုံမှာပဲ သီးခြားအဆောင်တစ်ခု စီစဉ်ပေးတယ်။ အဲဒီမှာ Quarantine လုပ်ပြီး နေပါတယ်။ ပြီးတော့ ကိုယ့်ကျန်းမာရေးကို ကိုယ်ကဆရာဝန်ဆိုတော့ အမြဲ စောင့်ကြည့်ပါတယ်။ အောက်ဆီဂျင်တိုင်းတယ်။ Pressure တိုင်းတယ်။ Pulse Rate တွေတိုင်းတယ်။ ဒီကိုဗစ် လက္ခဏာတွေ ခံစားရလားဆိုတာကို အမြဲကြည့်နေတာ ပေါ့နော်။
အဲဒီအတောအတွင်းမှာတော့ ဆေးရုံမှာနေပြီး ပုံမှန် လှုပ်ရှားတယ်။ ဘာမှ သိပ်မခံစားရဘူး။ ဆရာ Positive ဖြစ်တာနဲ့ ရောဂါလက္ခဏာခံစားရတာက နည်းနည်းကျ သွားတယ်။ ၂၉ ရက်ကြာတော့မှ စဖျားလာတယ်။ ဖျားပေမယ့် ဘာမှသိပ်ကြီးကြီးကျယ်ကျယ် မခံစားရဘူး။ နောက်တစ်ရက်မှာ စဖျားလာတာဆိုတော့ ဆရာ့ရဲ့ အသက်အရွယ်အရရယ်၊ ဆရာ့မှာ နှလုံးရောဂါကလည်း နည်းနည်း ရှိတယ်။ ဂေါက် ရှိတယ်။ ကျန်တဲ့ရောဂါတော့ မရှိဘူး။
ဒီအရွယ်မှာတော့ ပြည့်စုံတဲ့ဆေးရုံမှာပေါ့နော်၊ ဆရာ တို့ဆေးရုံက စိတ်ကျန်းမာရေးဆေးရုံဆိုတော့ စိတ်ကျန်း မာရေးကို အဓိကကုသပေးတဲ့အတွက် တောင်ဥက္ကလာပ ဆေးရုံကို ဆရာတို့နေတယ်။ တောင်ဥက္ကလာပ ဆေးရုံ ရောက်တော့ သူတို့ရောက်ရောက်ချင်းလိုတဲ့ဟာ အားလုံး ကို စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါ ဓာတ်မှန်ရိုက်တော့ ဆရာ့ရဲ့အဆုတ်မှာ Mild COVID Pneumonia လို့ခေါ်တဲ့ အဆုတ်ရောင်တာ တွေ့တယ်။ ပြင်းပြင်းထန်ထန်တော့ မတွေ့ပါဘူး။
ပထမပိုင်းတော့ ဖျားတော့ ဖျားနေသေးတယ်။ နုံးတယ်၊ မလှုပ်ချင်ဘူး၊ မလုပ်ချင်မကိုင်ချင် ဖြစ်တယ်။ အစားအသောက် မစားချင်ဖြစ်တယ်။ ချွေးထွက်တာ များတယ်။ အဲဒါတွေကို ခံစားရတယ်။ ဒါပေမယ့် အောက်ဆီဂျင်ကျသွားတာ မရှိဘူး။ ပထမတော့ ဆရာ့ကို သောက်ဆေးနဲ့ ကုသပေးတယ်။ သောက်ဆေးနဲ့ ကုပြီး (၂) ရက်အကြာ အဖျားက ဆက်ပြီးတက်နေတယ်၊ မကျ ဘူး။ အဲဒီတော့မှ ထိုးဆေးကို ပြောင်းကုလိုက်တယ်။
ထိုးဆေးပြောင်းကုလိုက်တော့ အားလုံး (၈)ရက် လောက်တော့ ဆရာ ဖျားလိုက်တယ်။ ဖျားပြီးတော့ ထိုးဆေးထိုးပြီး (၂) ရက်၊ (၃) ရက် နောက်ပိုင်းမှာ အဖျား ကျသွားတယ်။ တဖြည်းဖြည်း လူကလည်း ပြန်ကောင်း လာတယ်။ အစားအသောက်တွေလည်း ပြန်ကောင်းလာ တယ်။ အနံ့တွေလည်း ပြန်ရလာတယ်။ လူက ပြန်ပြီး လန်းလည်းလန်းလာတယ်၊ တဖြည်းဖြည်း တိုးတက် လာတာပေါ့နော်။ အဲဒီလိုပဲ ဆေးရုံမှာ (၂) ပတ်နေလိုက် ရပါတယ်။ တောင်ဥက္ကလာပဆေးရုံမှာ (၂) ပတ်နေလိုက် ရတာပါ။ အဲဒီလိုနေပြီး ၁၂ ရက်နေ့မှာတော့ ဆေးရုံက ဆင်းပါတယ်။
ဆေးရုံကဆင်းပြီး အိမ်မှာက အသက်ကြီးတဲ့လူရှိတော့ ပိုပြီးသေချာအောင် ဆရာ့ရဲ့ ဆေးရုံမှာ တစ်ပတ် ကိုယ့် ဘာသာကိုယ် Quarantine လုပ်ပြီးနေတယ်။ ပြီးတော့မှ ပြည့်တော့ ယခုအိမ် ပြန်ရောက်နေပြီ။
အစီအစဉ်မှူး ။ ။ ကိုဝေယံရှင့်။ အစ်ကို့အနေနဲ့ ကိုယ့်
ကိုယ်ကိုယ် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရပြီဆိုတာကို ဘယ်လိုမျိုးသိခဲ့လဲ။ အဲဒီအခြေ အနေလည်း ပြောပြပေးပါဦး။
ကိုဝေယံကိုကို ။ ။ ကျွန်တော်က ကိုရီးယားစားသောက်
ဆိုင်လေး ဖွင့်ထားတယ်။ ဖွင့်ထား တော့ အဲဒီမှာ လူနည်းနည်းတော့ များတာပေါ့နော်။ များတော့ အဝင်အထွက်တွေရှိတဲ့အချိန်မှာ ကျွန်တော် ဘာမှမဖြစ်ဘူး။
ကျွန်တော် မိုးမိပြီး ဖျားတယ်။ ဩဂုတ်လ ၂၅ ရက်နေ့ မှာ စပြီးဖျားတယ်။ စဖျားတဲ့အချိန်မှာ ရိုးရိုးဖျားတယ်လို့ ထင်ပြီး ဆေးထိုး၊ ဆေးသောက်တွေနဲ့ အိမ်မှာနေတယ်။ ဟိုငှက်ဖျားတက်သလို ဖြစ်ပြီးတော့ ငှက်ဖျားဆေး သောက်လိုက်တယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ အဖျား ကျတယ်ဆိုပေမယ့် အရှင်းမပျောက်သွားသေးဘူးပေါ့နော်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ်မသင်္ကာလို့ ဆေးရုံကြီးက Fever Clinic ကို သွားတယ်။ သွားပြီးတော့ အဲဒီမှာ ကျွန်တော့်ကို ဆေးစစ်တယ်။
Fever Clinic မှာ ဆေးစစ်လိုက်တော့ ၃၁ ရက်နေ့ ညနေမှာ ကျွန်တော် အဖြေရတယ်။ Positive ဖြစ်တယ် ဆိုတော့ ကျွန်တော့်ကို ၃၁ ရက်နေ့ ညမှာပဲ ဝေဘာဂီ ဆေးရုံကို ပို့ပါတယ်။ ဝေဘာဂီဆေးရုံကို မပို့ခင်မှာ Pressure တို့၊ Oxygen Level Checkup လုပ်တဲ့အချိန်မှာ ကျွန်တော်က Oxygen Level ကျနေတယ်။ Oxygen Level ကျနေတဲ့အတွက် ကျွန်တော့်ကို ဆေးရုံကြီးကနေ ဝေဘာဂီ ကို ပို့မယ့်အချိန်ကစပြီး အောက်ဆီဂျင်တပ်သွားပေး တယ်။
ဝေဘာဂီရောက်တော့လည်း ကျွန်တော့်ကို အောက်ဆီဂျင်နဲ့ ထားတယ်။ အောက်ဆီဂျင် အဆက် မပြတ် တပ်ထားရတယ်။ ၁ ရက်နေ့ကစပြီး ဆေးစပေး ပါတယ်။
အစီအစဉ်မှူး ။ ။ အဲဒီလိုမျိုး ကိုယ်က ရောဂါဖြစ်ပြီ
ဆိုတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် ခံစားရတဲ့ ခံစားမှုရယ်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ဘယ်လို ဆက်ဆံတာမျိုးတွေရှိလဲရှင့်။
ကိုဝေယံကိုကို ။ ။ ရောဂါစပြီး ခံစားရတဲ့အချိန်မှာ
ပထမက ကျွန်တော့်ကိုယ်ကျွန်တော် ရိုးရိုးဖျားတယ်လို့ စိတ်ထဲမှာထင်ထားတာ၊ ကျွန်တော်က အနံ့ပျောက်တာတို့၊ ချောင်းခြောက်ဆိုးတာတို့ ကိုဗစ်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေက ဘာမှထွေထွေထူးထူး မဖြစ်တော့ ရိုးရိုးသာမန် ဖျားတယ်လို့ပဲ ထင်ခဲ့ကြတယ်။
အဲဒါဆေးရုံကြီးကနေ ဝေဘာဂီရောက်တဲ့အချိန် မှာတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကိုဗစ်ဖြစ်ပြီဆိုပြီး အားတင်းပြီး ရင်ဆိုင်ရမယ်ဆိုတာကို လက်ခံလိုက်တယ်။ လက်ခံလိုက်တော့ ဆေးရုံကြီးမှာ ကျွန်တော် ဆရာ၊ ဆရာမတွေ ပြောတဲ့စကားအတိုင်း တစ်သဝေမတိမ်းနေ တယ်။ ဆရာ၊ ဆရာမတွေကလည်း မနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် ကျွန်တော်တို့ကို Oxygen Level, Pressure Level တိုင်းတယ်၊ ဆေးတွေ လာပေးတယ်။
ဒါတင်မက ကြားအချိန်တွေမှာ ကျွန်တော်တို့ အခန်းတွေထဲက ဖုန်းတွေကိုဆက်ပြီး အခြေအနေတွေ မေးတယ်။ အားပေးစကားတွေလည်း ပြောတဲ့အတွက် ကျွန်တော်တို့ အားတက်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့် ကိုယ်ကိုယ်အားတင်းပြီး အစားကိုဝင်အောင်စားတယ်။ အစားပျက်တယ်ဆိုပေမယ့်လည်း ဆေးရုံကပေးတဲ့ ထမင်းဘူးတစ်ဘူးကို ကုန်အောင် အားတင်းပြီးစားတယ်။ နေ့တိုင်းကို ဖုန်းဆက်တာပဲဖြစ်ဖြစ်၊ လာပြီးတော့ ဆေးပေးတာ၊ Checkup လုပ်တဲ့အခါပဲဖြစ်ဖြစ် အားပေး စကား ပြောကြပါတယ်။
ပတ်ဝန်းကျင်အနေနဲ့က ဖြစ်ဖြစ်ချင်းမှာ အပြစ် သားလို နည်းနည်းမြင်ကြတယ်။ ကျွန်တော်က ဖြစ်စေ ချင်တာက အဲဒီလိုမျိုးမြင်မယ့်အစား ကျွန်တော်တို့လို အခန့်မသင့်လို့ ကူးသွားတဲ့သူတွေကို ပေါ့နော်။ ကူးချင် လို့လည်း ကူးရတဲ့လူတွေလည်း မဟုတ်ဘူး။ ဒီအားပေး စကားလေးပြောလို့ရှိရင် ပိုပြီးစိတ်ဓာတ်ခွန်အားလေး ပေးရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး၊ တချို့တွေက အဲဒီလိုမျိုးလေး ရှိပါတယ်။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ။ ဆရာကြီးက ဒီရောဂါ
ဖြစ်နေတဲ့ အချိန်မှာ တောင် ဥက္ကလာပဆေးရုံမှာ ဆေးကုသမှုခံယူနေတာဆိုတော့ ဆေးရုံတက်ခဲ့စဉ် ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ လေးတွေကိုလည်း ပရိသတ်တွေ သိအောင်လို့ မျှဝေ ပေးပါဦး။
ပါမောက္ခဒေါက်တာတင်ဦး ။ ။ ဆေးရုံရောက် ရောက်
ချင်းတော့ အဲဒီမှာ တာဝန်ကျတဲ့ ဆရာဝန်၊ ဆရာမတွေက လိုတာတွေ အားလုံးကို လုပ်ပေးတာပေါ့နော်။ စောစောက မောင်ဝေယံ ပြောသွားသလိုပါပဲ နေ့စဉ်သူတို့ ကြည့်ပေးတယ်။ ဆေးထိုး ပေးတယ်။ အချိန်ကျရင် သူတို့ ဖုန်းလှမ်းဆက်ပြီး စုံစမ်း တယ်။ နောက် အားပေးစကားပြောတယ်။ လိုတဲ့အချိန် လည်း ကိုယ်တစ်ခုခု ခံစားရလို့ရှိရင် သူတို့ကို ဖုန်းဆက် ပြီး ပြောလို့ရပါတယ်။
နောက်ပြီး ကျွန်တော်တို့ နေတဲ့နေရာမှာ CCTV တွေ တပ်ထားတာပေါ့နော်။ CCTV တပ်ထားတော့ လူနာရဲ့ အခြေအနေတစ်ခုခုဆိုရင်လည်း သူတို့ ချက်ချင်းသိ တယ်။ အဲဒီမှာ ရောက်သွားခါစက ကျန်တဲ့ ပြန်နာလန်ထ လာတဲ့ လူနာတွေရှိတယ်။ သူတို့ကလည်း ကူညီတာ ပေါ့နော်။ ကျွန်တော် ရောက်ခါစက မလုပ်ချင်၊ မကိုင်ချင် နုံးနေတာပေါ့နော်။ တုပ်ကွေးဆိုတော့ ထုံးစံအတိုင်း နုံးတယ်။ မလုပ်ချင်၊ မကိုင်ချင်၊ မစားချင်၊ မသောက်ချင် အိပ်ရာထဲမှာပဲ ခွေချင်တယ်။ အဲဒီအချိန်ဆိုရင် လူနာ အချင်းချင်းက အစားအသောက်တွေ ယူလာပေးတာ၊ အားပေးတာ အဲဒီလိုမျိုးလည်း ရှိတာပေါ့နော်။ ဒါကတော့ အချင်းချင်းပေါ့လေ။
နောက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ စိုးတော့စိုးရိမ်တာ ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါက စိုးရိမ်ရ တယ်လို့လည်း ပြောလို့ရတယ်။ မစိုးရိမ်ရဘူးလို့လည်း ပြောလို့ရတယ်။ ဆရာတို့အရွယ်အရကတော့ စိုးရိမ်ရတဲ့ အရွယ်မျိုးပေါ့။ ဒါပေမယ့် စိုးရိမ်နေလို့လည်း ပြီးတာ မဟုတ်ဘူးဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်။ အိပ်တာကို ဂရုစိုက်တယ်။ အိပ်ရေးဝအောင် အိပ်တယ်။ အစား အသောက်ကလည်း မစားချင်ဘူး ဆိုပေမယ့်လည်း ကိုယ့်ရဲ့ အာဟာရပြည့်အောင် ဘာဖြစ်လို့လဲဆိုတော့ အာဟာရပြည့်မှပဲ ဒီရောဂါကို တိုက်နိုင်မှာဖြစ်တဲ့အတွက် အာဟာရပြည့်အောင် စားရပါတယ်။
ပြီးရင် အဲဒီအခန်းလေးထဲမှာပဲ ကိုယ်မမောရအောင် ကိုယ်လက်လှုပ်ရှားမှု လုပ်တယ်။ လေ့ကျင့်ခန်းလုပ် တယ်။ ပြီးတော့ ဒီရောဂါအကြောင်းကိုပဲ တစ်ချိန်လုံး မစဉ်းစားနေတော့ဘူး။ စဉ်းစားနေရင်လည်း အဖြေ လည်းထွက်မှာမဟုတ်ဘူးလေ။ ဒါက သူ့ရဲ့ ရောဂါသဘာဝ အတိုင်း သွားမယ်။ တစ်ချိန်ကျရင် ကောင်းသွားမှာပေါ့။ ကိုယ့်မှာခံစားနေရတာကိုတော့ လိုအပ်သမျှကို သတိထား နေတယ်။
ရေချိုးခန်းသွားတယ်၊ ရေချိုးတယ်။ ပြန်လာတယ်။ အဲဒီအခါမျိုးမှာ အောက်ဆီဂျင်များ ကျသွားမလား။ ကျသွားရင် ဒါက အရေးကြီးတာပေါ့။ တစ်ခါမှတော့ ကျသွားတာ မရှိပါဘူး။ အဖျား ရှိ / မရှိ ကို ကြည့်တယ်။ ပြီးရင် သွေးပေါင်တိုင်းတယ်။ နေ့စဉ်သွေးထဲမှာ ဂလူးကို့စ် ဘယ်လောက်ရှိတယ် အဲဒါတွေကို တိုင်းတယ်။ ဆရာမတွေ ကလည်း လာတိုင်းပေးပါတယ်။
တချို့အချိန်တွေမှာတော့ အခန်းထဲမှာ နှစ်ယောက် ရှိတော့ သူတို့နဲ့ စကားပြောတယ်။ ပြီးရင် အသက်ရှူ လေ့ကျင့်ခန်းလုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တို့ရဲ့ အဆုတ်က ကိုဗစ်ထိသွားရင် အဆုတ်မှာ ဒဏ်ရာ ရသွားတယ်။ အဲဒီအဆုတ်ကို ပြန်သန်စွမ်းဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းကို လုပ်ရပါတယ်။ အသက်ရှူ လေ့ကျင့်ခန်းလုပ်နည်းတွေလည်း ရှိပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ရတယ်။ တချို့အချိန်တွေမှာ တရား ထိုင်တယ်။ ညအိပ်ခါနီးဆိုရင် တရားထိုင်တယ်။ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်သွားပါတယ်။
ကိုယ့်ရဲ့အိမ်ကလူတွေ၊ မိတ်ဆွေတွေနဲ့ တချို့ အချိန်တွေမှာ စကားပြောတယ်။ အင်တာနက်ရှိတော့ Messenger ကနေ စကားပြောတယ်။ အဲဒီလိုမဟုတ်ရင် ကျန်တဲ့သူတွေကလည်း စိတ်ပူနေမှာစိုးလို့ နေကောင်း တဲ့အကြောင်း စကားပြောတယ်။ ဒီလိုနဲ့ပဲ အချိန်ကုန် သွားတယ်။ ပြီးတော့ အဖျား လေးကျသွားပြီး နည်းနည်း လန်းဆန်းလာတယ်။ ကိုယ် Concentration အာရုံစိုက်လို့ ရလာတဲ့အချိန်ကျတော့ ကိုယ်အရင်တုန်းက အလုပ်များလို့ တချို့စာတွေ မဖတ်နိုင်တာတွေ ရှိတယ်။ တချို့ဟာတွေ မလုပ်နိုင်တာတွေ ရှိတယ်။
ပြန်ပြီးနေကောင်းလာတော့ ကိုယ်ဖတ်ချင်တဲ့ စာတွေ ကို ဖတ်ဖို့အချိန်ရလာတယ်။ အဲဒီလိုနဲ့ စာဖတ်လိုက်၊ ဆရာတို့ဆေးရုံမှာ လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေမှာ Messenger Group လေးတွေ ရှိတယ်။ ဥပမာ - ဆေးရုံမှာရှိတဲ့ အခက်အခဲလေးတွေ သူတို့ရေးထားတာရှိရင် ကိုယ်ကဖတ်ပြီး ဝင်ပြီးအကြံ ဉာဏ်ပေးတာတွေ လုပ်တယ်။ ဒီလိုနဲ့ပဲ နှစ်ပတ်က ကုန်သွားတယ်။
အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ ဆရာကြီးရှင့်။ဆရာကြီး
အနေနဲ့ ကိုယ့်မှာ ကိုဗစ် Positive ဖြစ်ပြီး ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဘယ်လိုမျိုး ခံစား ရလဲ၊ အဲဒါလေးလည်း သိချင်ပါတယ်။
ပါမောက္ခ ဒေါက်တာတင်ဦး။ ။ စိုးရိမ်တာပေါ့နော်။
ဘာဖြစ်လို့လဲဆို တော့ ဒီရောဂါက အခန့်မသင့်ရင် သေတတ်တဲ့ ရောဂါမျိုးပါ။ စိုးရိမ်တယ်၊ စိုးရိမ်လို့လည်း ထူးတာမျိုးတော့ မဟုတ်ဘူး။ ဒီတော့ စိတ်ကိုတည်ငြိမ်အောင် ပြန်ထားရတယ်။ စောစောကပြောတဲ့အတိုင်း ညအိပ်တာ၊ စားတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ပြီးရင် Mindfulness လို့ခေါ်တဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေ လုပ်တယ်။
ဆရာခံစားရတာက တအားကြီး အောက်ဆီဂျင် ကျလောက်အောင်၊ မောလောက်အောင် မဖြစ် တော့လည်း တအားကြီးတော့လည်း မစိုးရိမ်ပါဘူး။ တစ်ချိန်ကျရင် ကောင်းသွားမယ်။ ဒါက တုပ်ကွေးတစ်မျိုးပဲလေ။ ဒီရောဂါ ရဲ့ ပင်ကိုသဘာဝကိုကလည်း အားလုံးက ပြင်းပြင်း ထန်ထန်ဖြစ်တာမှ မဟုတ်ဘဲ။
ကိုယ့်မှာ ဆီးချိုရှိတယ်၊ ကျောက်ကပ် ရောဂါရှိတယ်။ ဒါမှမဟုတ်ရင် နှလုံးရောဂါတွေ ကြီးကြီးကျယ်ကျယ် ရှိတယ်။ အဲဒီလို လူမျိုးတွေအတွက်က ပိုပြီးစိုးရိမ်ရတာ ပေါ့။ ဆရာမှာကျတော့ သွေးတိုး ကလည်း နည်းနည်းပဲ ရှိတယ်။ ကျန်တဲ့ရောဂါလည်း မရှိတော့ အဲဒီလောက် ကြီးကြီးကျယ်ကျယ်လည်း မစိုးရိမ်ဘူးပေါ့။ စိုးတော့ စိုးရိမ်တယ်၊ အကြီးအကျယ်ကြီးတော့လည်း မစိုးရိမ်ဘူး။ စောစောကပြောတဲ့ ဆောင်ရန်/ ရှောင်ရန် တချို့နဲ့ နေလိုက်တော့ အဆင်ပြေသွားပါတယ်။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ။ ကိုဝေယံရှင့် အစ်ကို့
အနေနဲ့ ကိုဗစ်ရောဂါ ခံစားရတဲ့ အချိန်မှာ ဝေဘာဂီဆေးရုံမှာ ဆေးရုံတက်ခဲ့တယ်။ အဲဒီ တက်ခဲ့စဉ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခုက ပြန်ကောင်းသွားပြီ၊ ပြန်ကောင်းသွားတဲ့အချိန် မှာ ဘယ်လို ဆောင်ရန်/ရှောင်ရန်တွေနဲ့ ကျင့်သုံးနေထိုင် သလဲ။
ကိုဝေယံကိုကို ။ ။ ဝေဘာဂီဆေးရုံကိုရောက်ရောက်
ချင်းမှာ ကျွန်တော်တို့ ICU ရှိတဲ့ အဆောင်က Mini ICU အခန်းလေးထဲမှာ အရင်နေရ တယ်။ Mini ICU အခန်းလေးထဲမှာနေပြီး ကျွန်တော့်ကို ဆရာမတွေက ပိုးသတ်ဆေးသွင်းပေးတယ်။ ဒီအချိန် အထိတော့ ကျွန်တော်က အဲဒီလောက်ကြီး ကိုယ့်ကိုယ် ကိုယ် အခြေအနေဆိုးမှန် မသိသေးပါဘူး။ အဆုတ်မှာ ပိုးတွေ့တယ်။ အဲဒီလို ဖြစ်တယ်လို့တော့ သိထားတယ်။ ကျွန်တော်က ဆေးပညာအကြောင်းကို သိပ်နားမလည် တာလည်း ပါတယ်။
ကျွန်တော့်ကို စက်တင်ဘာလ ၈ ရက်နေ့မှာ ဆရာမ တွေက ဖုန်းဆက်တယ်။ အထူးကြပ်မတ်ကုသဆောင် ထဲကို ရွှေ့ရမယ်ဆိုပြီး ဖုန်းဆက်တဲ့အချိန်မှာ ကျွန်တော် က အဲဒီမှာ စိုးရိမ်သွားတယ်။ တော်တော်ကြီးတော့ လန့်သွားတယ်။ ဆရာမကလည်း ပြောတယ်။ အခြေ အနေ နည်းနည်းဆိုးလို့ အဲဒါစောင့်ကြည့်ရမယ့် အနေ အထားရှိလို့ဆိုပြီး ကျွန်တော့်ကို အထူးကြပ်မတ်ကုသ ဆောင်ထဲကို ရွှေ့တယ်။
အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်တဲ့အချိန် မှာ ဆရာ၊ ဆရာမတွေက အနီးကပ်စောင့်ကြည့်တယ်။ ဆရာမတွေပြောတာတော့ ကျွန်တော်က အင်မတန်ကို ဂရုစိုက်ကြည့်ရမယ့် အနေအထားမှာ ပါနေတယ်ပေါ့ နော်။ အဲဒီလိုကြည့်ပြီးတော့ ဆေးပညာအရ ဆရာမတွေ ပြောတာကတော့ အခြေအနေဆိုးလာလို့ Cytokine Storm အတွက်ပေးတယ်ဆိုတဲ့ဆေး ကျွန်တော့်ကို ထိုးပေးပါတယ်။ ဒီဆေးထိုးပေးပြီးတော့ တစ်ရက်၊ နှစ်ရက် လောက်မှာ ကျွန်တော် တော်တော်လေး ပြန်ပြီးလန်းလာ တယ်။ အဲဒီနောက်ပိုင်းမှာ တော်တော်လေး သက်သာ လာတယ်။
ရှေ့မှာလည်း တခြားဆေးတွေ တစ်မျိုးပြီးတစ်မျိုး သွင်းခဲ့ပါတယ်။ တချို့တွေက သူတို့ကို မသွင်းပေးဘူးလား အဲလိုမျိုးလေးတွေ ရှိတယ်။ ဒါပေမယ့် ဆရာမတွေက သူတို့စစ်ဆေးပြီး လိုအပ်တဲ့သူကို လိုအပ်တဲ့ဆေးပေး တယ်။ ကျွန်တော်ဆိုရင် အဲဒီလိုမျိုး ဆေးတွေက တစ်မျိုး ပြီးတစ်မျိုးသွင်းရတဲ့အတွက် ဆံပင်ကျွတ်တာတွေ ဖြစ်လာတယ်။ လိုအပ်ရင် လိုအပ်သလိုမျိုး ဆရာမတွေ က ဆေးပေးပါတယ်။ အခုသက်သာလာပြီး အစား အသောက်လည်း မြိန်လာတယ်။ စားလို့ကောင်းလာ တယ်။ အစားတွေလည်း ဝင်လာတယ်။
ဆရာ၊ ဆရာမတွေက ကျွန်တော်တို့တွေထဲကို ဝင်လာတဲ့အခါ PPE ဝတ်စုံဝတ်ထားတဲ့အခါ သူတို့အတွက် ပူပြီးအသက်ရှူကျပ်တော့ တတ်နိုင်သလောက် သူတို့ကို မြန်မြန်ပြီးသွားအောင် ကျွန်တော်တို့ အခန်းထဲကထွက်မှ သူတို့က PPE ဝတ်စုံကိုချွတ်လို့ရမှာခင်ဗျ။ အဲဒါကြောင့် သူတို့ကို တတ်နိုင်သလောက်လေး ဝိုင်းကူပေးပါတယ်။ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ဥပမာ - ဆေးသွင်း ထားတဲ့ ပိုက်တွေဖြုတ်တာဆိုရင် နောက်ပိုင်းမှာ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ ဖြုတ်တော့တယ်။ အဲဒီလို မျိုးလေး ဆရာ၊ ဆရာမတွေကို ဝိုင်းကူပေးပါတယ်။
ကျွန်တော် အထူးကြပ်မတ်ကုသဆောင်မှာ ၅ ရက် နေရတယ်။ အထူးကြပ်မတ်ကုသဆောင်ကနေ ပြန်ဆင်း ပြီး နှစ်ယောက်ခန်းထဲမှာ နေတယ်။ တဖြည်းဖြည်း သက်သာလာတယ်။ သက်သာလာပြီး ကျွန်တော့်ကို နောက်ပိုင်းဆေးမသွင်းတော့ဘဲ ဆေးဖြုတ်ပြီး ၅ ရက်၊ တစ်ပတ်လောက် ထပ်ပြီးစောင့်ကြည့်တယ်။ စောင့်ကြည့် ပြီး လုံးဝ Clear ဖြစ်သွားပြီ၊ ဆရာမတွေက စိတ်ချရတဲ့ အခြေအနေရောက်သွားပြီဆိုတော့မှ ကျွန်တော့်ကို ပေးဆင်းပါတယ်။
အိမ်ရောက်တော့လည်း ကျွန်တော့်ကို ဆောင်ရန်/ ရှောင်ရန်တွေ လူစုလူဝေးတွေထဲ မသွားဖို့၊ Mask တပ်ပြီး နေဖို့၊ အိမ်မှာ သက်သက်သာသာနေဖို့၊ အသက်ရှူ လေ့ကျင့်ခန်းလုပ်ဖို့ အဲဒါလေးတွေ ဆရာမတွေက မှာကြားလိုက်တယ်။ ပြီးတော့ အဆုတ်အားကောင်း အောင်လည်း တတ်နိုင်သလောက် မှောက်အိပ်ပေးဖို့ အဲဒီလိုမျိုးလေးတွေ ဆရာမတွေက မှာကြားပါတယ်။ ဆေးရုံက အောက်တိုဘာလ ၃ ရက်နေ့က ဆင်းပါတယ်။ ဒီလ ၂၃ ရက်နေ့မှာ ကျွန်တော့်ကို ပြန်ပြီး Checkup လုပ်ဖို့ ခေါ်ထားပါတယ်။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါရှင်။ ပိုးက အဆုတ်ထဲထိ
ဝင်သွားတယ်ဆိုတော့ လက်ရှိ ကျန်းမာရေးအခြေအနေ ပြောပြပေးပါဦး။
ကိုဝေယံကိုကို ။ ။ အဆုတ်ထဲထိ ဝင်သွားတော့
ကျွန်တော် လက်ရှိက ပုံမှန်လို ပြန်ပြီးမလုပ်နိုင်သေးဘူး။ သွားလာလို့တော့ ရတယ်။ နေထိုင်တာကတော့ ပုံမှန်ပဲ။ အလေးအပင်တွေ မတဲ့ အခါမျိုး၊ အလွန်လှုပ်လှုပ်ရှားရှား လုပ်တဲ့အခါမျိုးကျရင် အဆုတ်က အသက်ရှူရတာမဝတဲ့ သဘောမျိုးဖြစ်တယ်။ အဆုတ်က တော်တော်ကြီး ငြိမ်ငြိမ်လေးနေလိုက်တော့ မှသာ ပြန်သက်သာသွားတယ်။ အဲဒီလိုလေးတော့ ရှိပါ သေးတယ်။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ။ ဆရာကြီးရှင့် အခုဆိုရင်
ကိုဗစ်ရောဂါ ခံစားပြီး ပြန်လည် သက်သာလာသူတွေအနေနဲ့ ၂၈ ရက် ကျန်းကျန်းမာမာ ရှိပြီဆိုရင် သွေးရည်ကြည်လှူဒါန်းလို့လည်းရနေပြီဆို တော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း သွေးရည်ကြည်လှူဒါန်းဖို့ ဖိတ်ခေါ်နေတယ်ဆိုတော့ ဆရာကြီးအနေနဲ့ သွေးရည်ကြည်လှူဒါန်းဖို့ အစီအစဉ် ရှိပါသလား။
ပါမောက္ခဒေါက်တာတင်ဦး။ ။ ဟုတ်ကဲ့ပါ ခင်ဗျာ။
ကျွန်တော် လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။ အကယ်၍ ၂၈ ရက်ပြည့်မယ်၊ လှူဒါန်း ဖို့ သူတို့ စစ်ဆေးမယ်ထင်ပါတယ်။ ကျွန်တော်တို့မှာ လိုအပ်တဲ့ Antibody ခေါ်တာပေါ့၊ တက်ဖို့လည်း လိုပါ တယ်။ အဲဒီ Antibody ပမာဏ ရှိတယ်ဆိုရင် လှူလို့ရပါ တယ်။ ကျွန်တော် ကျန်းမာရေးလည်း ကောင်းပြီ။ အဲဒီပမာဏ ရှိတယ်၊ အဲဒီလို သွေးရည်ကြည်လည်း လှူဖို့ ကျန်းမာရေး အခြေအနေလည်းပေးတယ် ဆိုရင် လှူပါ မယ်ခင်ဗျာ။
ဘာဖြစ်လို့လဲဆိုတော့ ဒီဥစ္စာက အခြားသွေးလှူ တာနဲ့တောင် မတူဘူး။ လူတိုင်းမှ လှူလို့ မရတာ။ ဒီလိုမျိုး ပြန်ကောင်းလာပြီး Antibody ရှိတဲ့လူမှပဲ လှူလို့ရတာ ဆိုတော့လေ၊ နောက်ပြီးတော့လည်း အဲဒီလို လှူလိုက် လို့ရတဲ့ သွေးရည်ကြည်ကလည်း အသက်ကယ်နိုင်တာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဆေးရုံထဲမှာ ရှိတဲ့ တချို့ပြင်းပြင်းထန်ထန်ဖြစ်တဲ့လူတွေမှာ အဲဒီ Plasma သွေးရည်ကြည်နဲ့ ကုလိုက်လို့ သက်သာသွားတာ ကို တွေ့ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော် လှူလည်း လှူချင်တယ်။ ရခဲတဲ့ကုသိုလ်လို့လည်း ပြောလို့ရပါတယ်။ နောက်ပြီး လူတိုင်းလှူလို့မှ မရတာဆိုတော့ အစီအစဉ် ရှိပါတယ်။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ။ ကိုဝေယံရှင့် သွေးရည်
ကြည်လှူဒါန်းပြီဆိုရင် သွေး တစ်ခါလှူရုံနဲ့ လူ နှစ်ယောက်၊ သုံးယောက်ရဲ့ အသက် ကို ကယ်နိုင်တယ်ဆိုတော့ အစ်ကို့အနေနဲ့ရော သွေးရည် ကြည် လှူဒါန်းဖို့ ရှိလားရှင့်။
ကိုဝေယံကိုကို ။ ။ ဟုတ်ကဲ့ ရှိပါတယ်။ ကျွန်တော်
ကိုယ်တိုင်လည်း သွေးရည်ကြည် နှစ်ခါသွင်းခဲ့ရတယ်။ အဲဒီတော့ ကျွန်တော် လှူဖို့လည်း ပြောထားပြီးပါပြီ။ ကျန်းမာရေးဘက်ကနေ လှူလို့ရတဲ့ အခြေအနေရောက်ပြီ၊ လှူလို့ရပြီဆိုတာနဲ့ ကျွန်တော် လှူဒါန်းမှာပါခင်ဗျ။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါရှင်။ ဆရာကြီးနဲ့ ကိုဝေယံ
တို့ နှစ်ယောက်လုံး ကိုဗစ် - ၁၉ ရောဂါခံစားရပြီး အခုဆိုရင် ပြန်ပြီးတော့သက်သာလာ တယ်။ ဒီရောဂါကို ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့အခါမှာ လည်း အခက်အခဲတွေလည်း အများကြီးရှိခဲ့မှာပါ။ အခက်အခဲ တွေကြားထဲက အခုလိုမျိုး ပြန်လည်ကျန်းမာလာတာ ကို ဝမ်းသာဂုဏ်ယူပါတယ်။ အခြားပရိသတ်တွေကို လည်း ဆရာကြီးတို့အနေနဲ့ ဒီရောဂါကို ဘယ်လိုရင်ဆိုင် ကျော်လွှားခဲ့တယ်ဆိုတဲ့ ခွန်အားပေးစကားလေး ပြောကြားပေးပါဦးရှင်။
ပါမောက္ခဒေါက်တာတင်ဦး ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီရောဂါ
ကိုတော့ နှစ်မျိုးပြောရ မှာပါ။ ကြောက်လည်း ကြောက်ပါ။ မကြောက်လည်း မကြောက်ပါနဲ့။ ကြောက်လည်း ကြောက်ပါဆိုတာ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြား ထားတဲ့ ညွှန်ကြားချက်တွေ အားလုံး တတ်နိုင်သမျှတော့ လိုက်နာပါ။
ဒါဆိုရင် ကာကွယ်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်သွားပြီးပြီဆိုရင် အနည်းဆုံးတော့ အဲဒီ ကာလမှာ ကိုယ့်ရဲ့အလုပ်ပျက်တာပေါ့။ အလုပ်အကိုင်ပျက်တယ်။ ထိခိုက်မှုလည်း ရှိတယ်။ ဒါက မဖြစ်တာ အကောင်းဆုံး။ အကယ်၍ တစ်ခါတလေကျတော့လည်း ကိုယ်ဘယ် လောက်ပဲ ကာကွယ်နေပါစေ တစ်ခါတလေ လွတ်သွား တဲ့အခါရှိတော့ ဖြစ်လာတာပေါ့။ ဖြစ်လာရင်လည်း တအားကြီး ကြောက်စရာမလိုပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဖြစ်တဲ့လူတိုင်းကလည်း ကြီးကြီးမားမားကြီး၊ ဆိုးဆိုးရွားရွားကြီး ဖြစ်သွားတာ မဟုတ်ဘူး။ ရာခိုင်နှုန်း နည်းနည်းပါ။ အဲဒီရာခိုင်နှုန်း နည်းနည်းမှာလည်း တကယ့်ကို အသက်လည်းကြီးမယ်၊ ခန္ဓာကိုယ်မှာလည်း တခြားရောဂါအစုံတွေ ရှိနေမယ်။ အခုဆုံးသွားတဲ့ လူတွေကိုကြည့်ရင် အဲဒီလို လူတွေများ ပါတယ်။ တခြားရောဂါအစုံတွေ ရှိနေမယ် အဲဒီလိုလူမျိုး တွေဆိုရင် နည်းနည်းစိုးရိမ်ရပါတယ်။ ဒါပေမယ့် အဲဒီလို လူမျိုးတွေလည်း အကယ်၍ အိမ်မှာပဲ ကုနေတာ မဟုတ်ဘဲ ဆေးရုံမှာစနစ်တကျကုမယ်ဆိုရင် ဆေးရုံတက် နေစဉ်မှာ ကောင်းသွားတဲ့ လူတွေ အများကြီးရှိပါတယ်။
ဆရာရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ အမေဆိုရင် လည်း ICU ထဲမှာ အကြာကြီးနေပြီး ကောင်းသွားတယ်။ ဆေးရုံမှာ စနစ်တကျကုသလို့ ဖြစ်ပါတယ်။ ဒီတော့ စောစောက ပြောသလိုပဲ မဖြစ်ခင်တော့ ကြောက်ပြီး သေသေချာချာလိုက်နာကြပါ။ ဖြစ်ပြီးရင်လည်း တအား ကြီး ကြောက်စရာမလိုဘူး။ ညွှန်ကြားချက်တွေအတိုင်း လိုက်နာမယ်။ နေထိုင်တတ်သွားမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်။ လူနာအချင်းချင်း ပြန်ကူညီလိုက်မယ်ဆိုရင် ဒီဟာကို ဒီလိုပဲ ကျော်ဖြတ်သွားကြမှာပါခင်ဗျာ။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ။ ကိုဝေယံရှင့် ကိုဗစ်
ရောဂါ ခံစားနေတဲ့သူတွေအတွက် အားပေးစကားလေး မျှဝေပေးပါဦးရှင့်။
ကိုဝေယံကိုကို ။ ။ ဟုတ်ကဲ့ပါ။ မဖြစ်သေးတဲ့လူတွေ
အတွက်ကတော့ ဆရာကြီး ပြောသလိုပါပဲ၊ တိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ ဆရာမတွေကို ကူညီတဲ့အနေနဲ့ MOHS က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း တွေအတိုင်း လိုက်နာကျင့်သုံးပါ။ အတတ်နိုင်ဆုံး အိမ်မှာ ပဲနေပါ။ အပြင်ထွက်ရင်လည်း စနစ်တကျ နှာခေါင်းစည်း တပ်ပြီး ထွက်ဖို့၊ လက်ကို သေချာဆေးဖို့ ဒါဆိုရင် ကူးစက်ဖို့ရာခိုင်နှုန်း နည်းပါတယ်။ ကြောက်တော့ ကြောက်သင့်ပေမယ့်လည်း အလွန်ကြီး ကြောက်နေဖို့ လည်း မလိုပါဘူး။ တချို့တွေအလွန်ကြီး အကြောက်လွန် နေတတ်ပါတယ်။
ဒါကြောင့် ဖြစ်လာရင်လည်း ကျိတ်မကုဘဲ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီး လိုအပ်ရင် သေချာစနစ်တကျကို ဆေးနဲ့ကုသပေးလို့ အလွန်အကျွံ လည်း မစိုးရိမ်ပါနဲ့လို့၊ ကျွန်တော်တို့တွေ အခုအားလုံး ကပ်ဘေးက ကျော်လွှားနိုင်တော့မှာပါ။
အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါရှင်။ ဆရာကြီးနဲ့ ကိုဝေယံ
တို့ရဲ့ ပြောစကားတွေနဲ့ ကြည့်ရှု နေကြတဲ့ ပရိသတ်တွေလည်း စိတ်ဓာတ်ခွန်အားတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်။ အချိန်ပေးပြီး ဖြေကြား ပေးခဲ့တဲ့အတွက်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
- Log in to post comments