ကိုဗစ်-၁၉ ကာကွယ်ရေး လူတိုင်းအတွက် အချက်ပေးခေါင်းလောင်းသံ

 

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း များကို မပျက်မကွက်၊ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်လျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ ကာလ ကြာရှည်စွာ  ကူးစက်ပျံ့နှံ့တည်ရှိနေမှုနှင့်  ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု စသည့်အကြောင်းများကို အခြေခံ၍ ရောဂါအပေါ်အလေး ဂရုမပြုခြင်းတို့ကြောင့် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာ ခြင်းဖြစ်သည်ဟု ယူဆဖွယ်ဖြစ်သည်။

 


ကိုဗစ်-၁၉ ကပ်ရောဂါသည် မျိုးရိုးဗီဇများ ဆက်ကာဆက်ကာ ပြောင်းလဲပြီး လူများအကြား ကူးစက်ပျံ့နှံ့လျက်ရှိရာ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာတွင် အများအပြား ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်   ကျန်းမာရေးဝန်ကြီးဌာနက  အရှိန် အဟုန်မပျက် ဆောင်ရွက်နေသကဲ့သို့ ကပ်ရောဂါဆိုင်ရာ သတင်း အချက်အလက်များ၊ ကြေညာချက်များ၊ တိုက်တွန်းနှိုးဆော်ချက် များ၊ ရောဂါကူးစက်မှု ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ စသည်တို့ကို မီဒီယာများမှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်ပြန် ပေးလျက်ရှိရာ သတိပြုမှတ်သားလိုက်နာကြခြင်းဖြင့် မိမိနှင့်တကွ မိသားစု၊   မိမိပတ်ဝန်းကျင်တို့အတွက်ပါ   အကျိုးဖြစ်ထွန်းစေ မည်ဖြစ်သည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းက ရောဂါကူးစက် ခံရမှု၊  ရောဂါကြောင့်  ဝေဒနာပြင်းထန်စွာခံစားရမှုနှင့်  ရောဂါ ကြောင့် သေဆုံးရမှုတို့ကို လျှော့ချပေးနိုင်သည့်အတွက် ကာကွယ် ဆေးအကြိမ်ပြည့် ထိုးနှံမှု၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုတို့ကို  မပျက်မကွက်  ခံယူကြရန်လိုသည်။  ထို့အပြင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ ပါးစပ်နှာခေါင်းစည်း(mask) တပ်ဆင်ရန်၊ ချောင်းဆိုးနှာချေရာတွင်  အုပ်၍ဆိုးရန်၊    အခန်းများ    လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ လူစုလူဝေးရှောင်ရန်၊ တတ်နိုင်သမျှ အိမ်မှာသာနေပြီး အပြင်ထွက်သွားလာခြင်းကို  ရှောင်ကြဉ်ရန်၊  လက်ကိုဆပ်ပြာ၊ ရေတို့ဖြင့် စနစ်တကျ မကြာခဏ ဆေးကြောရန်၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများတွေ့ရှိပါက  အနီးဆုံးကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော် ထားသည်။

 


ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ခံရ သူတွင် မည်သည့်ရောဂါလက္ခဏာမှ မပြသကဲ့သို့ ကူးစက်ခံထား ရသူ ကိုယ်တိုင်မှာလည်း မသိရှိနိုင်ခြင်း၊ ကူးစက်မှုနှုန်း အလွန် လျင်မြန်ခြင်းတို့ကြောင့်     ပြည်တွင်းကူးစက်မှုနှုန်း    ပြန်လည် မြင့်တက်လာလျက်ရှိခြင်းကို သတိပြုကြရန်လိုသည်။ ကာကွယ် ဆေးထိုးနှံပြီးစီးခြင်းက   ရောဂါကူးစက်မှုကို   ရာခိုင်နှုန်းပြည့် ကာကွယ်မပေးနိုင်ဘဲ   လျော့ပါးသက်သာစေခြင်းသာဖြစ်သည့် အတွက် ကာကွယ်ဆေးထိုးပြီးသူများမှာလည်း ကူးစက်ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မပျက်မကွက် လိုက်နာကျင့်သုံး ကြရမည်ဖြစ်သည်။

 


ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ပြည်တွင်းကူးစက်မှု မြင့်လာခြင်းနှင့်အတူ အချို့ရက်များတွင် ရောဂါကြောင့် သေဆုံးသူ ရှိလာသည်ကို သတင်းထုတ်ပြန်ချက်၌ တွေ့မြင်နေရပြီဖြစ်ရာ လူတိုင်း ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု မပျက်မကွက်ခံယူရေးနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်း များကို     ဂရုတစိုက်    လိုက်နာကျင့်သုံးရေး    လူတိုင်းအတွက် အချက်ပေး ခေါင်းလောင်းသံပင် ဖြစ်ပါကြောင်း။               ။