ကိုဗစ်- ၁၉ ကာလ၊ ကာလအလွန် လူနေမှုဘဝအသစ်နှင့် ပညာရေးကဏ္ဍသစ်

Type

(၂၀၂၁  ခုနှစ်၊ စက်တင်ဘာလ (၈) ရက်တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဂုဏ်ပြုဆောင်းပါး)


 

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန(ပညာရေးဝန်ကြီးဌာန)
 

ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားလျက်ရှိသည်။ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့် ကဏ္ဍပေါင်းစုံတွင် နစ်နာမှုများနှင့် ရင်ဆိုင်နေကြရသည်။ ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများနှင့် အခြားပညာသင်ယူခွင့် ရသည့်နေရာများ ပိတ်ထားခဲ့ရပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ပညာသင်ယူနေသူ စုစုပေါင်း ၁ ဒသမ ၆ ဘီလီယံနီးပါးနှင့် အခြေခံပညာ ဆရာ ဆရာမ ၆ ဒသမ ၃ သန်းခန့်အပေါ် သက်ရောက်မှုများရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါသည်  ကမ္ဘာ့သမိုင်းတွင်  အကြီးမားဆုံးသော  ပညာသင်ယူရေးဆုံးရှုံးမှု၊ ပြတ်တောက်မှုကြီးကို ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂနှင့်ကမ္ဘာ့ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြထားပါသည်။  ၎င်းသက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားနိုင်မှသာ အနာဂတ်မျိုးဆက်သစ်များအပေါ် ဆယ်စုနှစ်ကျော် တိုးတက်မှုများပျောက်ဆုံးနိုင်သည့်  ခြိမ်းခြောက်မှုကို ဖြေရှင်း နိုင်မည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ကူးစက်ရောဂါ၏ နောက်ဆက် တွဲ   ဆိုးကျိုးများကြောင့်  စာတတ်မြောက်ရေး အတွက်      သင်ယူရန်     အခွင့်အလမ်းများကို လက်လှမ်းမမီခြင်း၊ မညီမျှခြင်းများ ဖြစ်ပေါ်စေပြီး စာမတတ်သူ လူကြီး၊ လူငယ် ၇၇၃ သန်းအပေါ်တွင် လည်း မျှတမှုမရှိ ဖြစ်စေသည်။ ထို့ပြင် စာရေး၊ စာဖတ်အားနည်းသူ၊ စာတတ်ကျွမ်းပြီးသူတို့တွင်ပင် လူမှုဘဝဖြစ်သော  ကျန်းမာရေး၊  စီးပွားရေးနှင့် လုပ်ငန်းခွင်ဘဝစီမံခန့်ခွဲမှုများ၌ အားနည်းချက် များဖြစ်စေသည်ဟု   ယူနက်စကိုမှတ်တမ်းတွင် ဖော်ပြထားသည်။
ပိုမိုအလေးထားသင့်
ထိုကဲ့သို့သော စိန်ခေါ်မှုများနှင့်အတူ အခြား တစ်ဖက်တွင်လည်း ပညာဆက်လက်သင်ယူရေး နှင့် လေ့ကျင့်ရေးအခွင့်အလမ်းများ ဆက်လက် ဖြစ်ပေါ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာလ လူနေမှု ပုံစံသစ် (New Normal)နှင့်အတူ ပညာသင်ယူမှု ပုံစံသစ်၊ နည်းလမ်းသစ် (New Learning Model) များကိုလည်း  ICT   နည်းပညာများ၊  မီဒီယာ နည်းပညာများအပေါ်အခြေခံပြီး ကမ္ဘာ့နိုင်ငံများနှင့် ပညာရေးအသိုင်းအဝိုင်းတစ်ခုလုံးက တီထွင်ကြံဆ ဖော်ထုတ်လာကြရသည်။  သင်ယူမှုပုံစံသစ်များ၊ နည်းလမ်းသစ်များဖြင့်    အရည်အသွေးရှိသော ပညာရေးရရှိရန် အရှိန်အဟုန်မြှင့် စီမံဆောင်ရွက် နေသည်နှင့်အမျှ၊ “မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး” ရည်မှန်းချက်ကို အောင်မြင်စေ ရန်အတွက် ပညာသင်ယူခွင့်အခြေအနေ၊ အရင်း အမြစ် နည်းပါးသော ကလေး၊ လူငယ်များကို ဦးစားပေးပံ့ပိုးရန်အတွက်လည်းကောင်း၊ ပြောင်းလဲ လာသော သင်ကြားမှုပုံစံသစ်၊ နည်းလမ်းသစ်များ စီမံဆောင်ရွက်ရန်အတွက်လည်းကောင်း၊ ပညာ ရေး အဆက်ပြတ်မှုမရှိစေရေးနှင့် ပိုမိုကောင်းမွန် စေရန်   ပြန်လည်တည်ထောင်ရေးတွင်     အဓိက ကျသော  ပညာရေးအသိုင်းအဝိုင်းအဖွဲ့အစည်း များကို ဖြည့်ဆည်းပေးရန်အတွက် လည်းကောင်း ပိုမိုအလေးထားသင့်ပေသည်။   လက်ရှိကာလ ရင်ဆိုင်ကြုံတွေ့နေရသော  ပညာသင်ယူနိုင်ရေးအကျပ်အတည်းကြောင့်   မျိုးဆက်သစ်များအား မထိခိုက်စေရေးနှင့် “မျိုးဆက်လိုက်ပျက်သုဉ်းခြင်း” (Generational Catastrophe) မဖြစ်စေရေးကို အလျင်အမြန်  ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင်  တိုက်တွန်းထားပါ သည်။
မြန်မာနိုင်ငံတွင်   ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးနှင့်သက်ဆိုင်သူအားလုံးက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပညာရေးကဏ္ဍတုံ့ပြန် မှုနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ကုသရေး    အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုများနှင့်အညီ  ကပ်ရောဂါအခြေအနေ အပေါ်ချင့်ချိန်၍   ဆောင်ရွက်လျက်ရှိပေသည်။ ကျောင်းသူကျောင်းသားများ   ပညာသင်ယူခွင့် မဆုံးရှုံးစေရေး၊ ပညာသင်ယူမှုမနှောင့်နှေးစေရေး၊ ရပ်တန့်မှုမရှိစေရေး၊ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် ရောဂါကာကွယ်ရေးနှင့် ဘေးကင်းလုံခြုံမှု အစီအမံများ စနစ်တကျ စီမံပြီး တီထွင်ဆန်းသစ်သော နည်းလမ်းများ၊ ICT နည်းပညာများကို အကောင်းဆုံး အသုံးပြု၍ လူနေမှုဘဝပုံစံသစ် (New Normal) သို့ လျော်ညီစွာ    ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ဦးတည်ကြိုးပမ်းလျက်ရှိပါသည်။ ပညာရေးရုပ်သံ များနှင့်       ရေဒီယိုအစီအစဉ်များမှလည်းကောင်း၊  ကိုယ်တိုင်ရှာဖွေလေ့လာသင်ယူနိုင်သော    အရင်း အမြစ်များကို online platform များမှ လည်းကောင်း လေ့လာသင်ယူမှုအခွင့်အလမ်းများ    ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
သင်ကြားသင်ယူမှုပုံစံသစ်
ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့်  အလွန်ကာလ များအတွက် အခြေခံစာတတ်မြောက်ရေးအစီအစဉ် များကိုလည်း ကိုဗစ်-၁၉ ကပ်ရောဂါ  ကာကွယ်ရေး အတွက် ချမှတ်ထားသော Physical Distancing အပါအဝင် စည်းကမ်းနည်းလမ်းများကို လိုက်နာပြီး  တီထွင်ဆန်းသစ်ထိရောက်သော  သင်ကြားသင်ယူမှု နည်းလမ်းများဖြင့် စာသင်ဝိုင်းအလိုက်  စာသင်သား ဦးရေ နည်းနည်း ကျဲကျဲဖြင့် သင်ကြားခြင်း (Small group learning at open space)၊  နေအိမ်တွင်း မိသားစုဝင်အချင်းချင်း သင်ကြားပေးခြင်း (Home -based family learning) စသော သင်ကြားသင်ယူမှု ပုံစံသစ်များဖော်ဆောင်နိုင်ရန် ကြံဆထားကြရပေ မည်။ တစ်ဖက်တွင်လည်း     ပြောင်းလဲလာသော  သင်ကြားသင်ယူမှုပုံစံသစ်များဖြင့် အခြေခံစာတတ် မြောက်ရေးအစီအစဉ်များတွင် လိုက်လျောညီထွေသင်ကြားပြသပေးကြမည့်  ဆရာ  ဆရာမများ၏ အခန်းကဏ္ဍနှင့်   တီထွင်ဆန်းသစ်    ပြောင်းလဲ တိုးတက်လာသော သင်ကြားပြသနည်းစနစ်များ၏အခန်းကဏ္ဍသည် အရေးကြီးသောကဏ္ဍများပင်ဖြစ် သည်။ သင်ကြားသင်ယူမှုပုံစံသစ်များနှင့် လိုက်လျော ညီထွေရှိမည့် သင်ပြနည်းသစ်များကို အသုံးချနိုင်ရေး အတွက် သင်ကြားပေးမည့် ဆရာ ဆရာမများအား သင့်တင့်လျောက်ပတ်သော နည်းပညာနှင့်သင်ကြား ရေး ICT ပစ္စည်းပံ့ပိုးမှုများ  ဖြည့်ဆည်းလေ့ကျင့်ပေးရမည်ဖြစ်သည်။
ပညာရေးတွင်   မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး (No one left behind) ရည်မှန်း ချက်ကို    အောင်မြင်ပေါက်ရောက်စေရေးသည် ပညာရေးဝန်ထမ်းအားလုံး၏ တာဝန်တစ်ရပ်ပင် ဖြစ်သည်။    ၎င်းရည်မှန်းချက်   ပေါက်မြောက် အောင်မြင်စေရန်မှာ  လက်ရှိကပ်ရောဂါ ကာလတွင်  ဒစ်ဂျစ်တယ်နည်းပညာ  ကျွမ်းကျင်မှုအခန်းကဏ္ဍ သည်    အဓိကကျလျက်ရှိပါသည်။ ပညာရေးတွင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုလာကြခြင်းဖြင့် လူသားဗဟိုပြု     ပြန်လည်ထူထောင်ရေးအတွက်   စာတတ်မြောက်မှုနှင့်   ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုတို့၏ အရေးပါပုံကို  သိရှိခြင်း၊  စာတတ်မြောက်ရေးကို ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် ပေါင်းစပ်  သင်ကြား သင်ယူမှုအတွက် နည်းလမ်းသစ်များဖန်တီးပေးခြင်း၊ နည်းပညာကိုအသုံးပြု၍   သင်ကြားပေးနေသော စာတတ်မြောက်ရေးအစီအစဉ်များကို  မြှင့်တင်ရန်  အစိုးရများနှင့်မိတ်ဖက်များမှ   ပူးပေါင်းဖော်ထုတ်နိုင် မည့် ခိုင်မာသောနည်းလမ်းရရှိစေနိုင်ခြင်း    စသည့် ရလဒ်ကောင်းများ         ပေါ်ထွန်းလာနိုင်မည်ဟု ယူနက်စကိုမှတ်တမ်းတွင် ဖော်ပြထားပါသည်။
နည်းလမ်းများရှာဖွေလျက်ရှိ
ကမ္ဘာအနှံ့ မညီမျှမှုများ၊ ဆင်းရဲမွဲတေမှုများကို လျှော့ချနိုင်ရန်နှင့် အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် လည်းကောင်း၊  စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ၏     ရည်မှန်းချက်များ ပြည့်မီရန်အတွက်လည်းကောင်း   လူသားအားလုံး စာတတ်မြောက်ခြင်းသည် အဓိကအခြေခံကျသော အချက်ဖြစ်သည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် အမှတ်(၄) (SDG-4) အရ ကလေးသူငယ်မှစ၍ အရွယ်ရောက်ပြီးသူများသည် ပညာသင်ယူမှု   အခွင့်အရေးရရှိမည် ဖြစ်ပါသည်။ သို့ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျောင်း ပညာရေးနှင့်တကွ ကျောင်းပြင်ပပညာရေးလုပ်ငန်း များနှင့်   နိုင်ငံအနှံ့  ပုံမှန်ဆောင်ရွက်လျက်ရှိသော သက်ကြီးစာတတ်မြောက်ရေးအစီအစဉ်များသည် ဆိုင်းငံ့ထားရပေသည်။     စာမတတ်သေးသော၊ စာတတ်မြောက်မှုအားနည်းသော လူငယ်၊လူကြီးများ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေးနှင့် ကိုဗစ်-၁၉ နှင့်ပတ်သက်သော  သတိပေး၊   ပညာပေးအချက် အလက်များ  သိရှိနိုင်ရေးအတွက်  အဝေးရောက် သင်ယူမှုအခွင့်အလမ်းများကို  ICT နည်းပညာများ အသုံးပြု၍ လူနေမှုဘဝပုံစံသစ် (New Normal) တွင် ပညာသင်ယူမှုပုံစံသစ်၊   နည်းလမ်းသစ်   (New Learning Model) များဖြင့် ပြောင်းလဲ လုပ်ဆောင်ရန်   နည်းလမ်းများ  ရှာဖွေလျက်ရှိ နေပြီဖြစ်သည်။
ယူနက်စကိုအဖွဲ့ချုပ်ကြီးက    နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ၁၉၆၇ ခုနှစ်မှ စ၍ စက်တင်ဘာလ ၈ ရက်နေ့ရောက်တိုင်း ကမ္ဘာကြီးနှင့်လိုက်လျောညီထွေရှိသည့် Themes များဖြင့် အကောင်အထည်ဖော်  ကျင်းပလျက်ရှိ သည်။ ယခုနှစ် ၂၀၂၁ ၊ စက်တင်ဘာ ၈ ရက်နေ့ တွင်ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကိုလည်း  “Literacy  for  a  human-centred recovery: Narrowing  the  digital divide” ဟူသော Theme ဖြစ်သည့် “ဒီဂျစ်တယ် ကွာဟမှုကိုလျှော့ချလို့ စာတတ်မြောက်ရေးဖြင့် လူသားဗဟိုပြုပြန်လည်ထူထောင်စို့” ဦးတည်ချက် နှင့်အညီ   ကိုဗစ်ကာလနှင့်  အလွန်ကာလတွင် အခြေခံစာတတ်မြောက်ရေး   အစီအစဉ်များကို အောက်ဖော်ပြပါအချက်(၃)ချက်ဖြင့် ဖော်ဆောင် သွားမည် ဖြစ်ပါသည်။
၁။  လူသားဗဟိုပြု     ပြန်လည်ထူထောင်ရေး အတွက်     အခြေခံအုတ်မြစ်ခိုင်မာအောင်  တည် ဆောက်ရာတွင်  အခြေခံစာတတ်မြောက်ရေးက ပံ့ပိုးပေးနိုင်မှု၊ အထူးသဖြင့် စာတတ်မြောက်မှုမရှိ သေးသော လူငယ်၊ လူကြီးများအတွက် စာတတ် မြောက်ရေးနှင့် ဒစ်ဂျစ်တယ်နည်းများအသုံးပြု နိုင်စွမ်း၊ အပြန်အလှန်  အကျိုးသက်ရောက်မှုကို ဦးတည်ဖော်ပြရန်၊
၂။   နည်းပညာအသုံးပြု    စာတတ်မြောက်ရေး သင်ကြားသင်ယူမှုများသည်    မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေရေး ဟူသော ပန်းတိုင် ကို လူတိုင်းအကျုံးဝင်စေပြီး အဓိပ္ပာယ်ပြည့်စုံအောင် ဖော်ဆောင်နိုင်ကြောင်း  ပြသရန်၊
၃။  အနာဂတ်ကာလ စာတတ်မြောက်ရေးသင်ကြား သင်ယူမှုပုံစံများကို  ကပ်ရောဂါကာလနှင့် အလွန် ကာလများ၏    အခြေအနေနှင့်  လျော်ညီစွာ ပြန်လည်စဉ်းစားသုံးသပ်နိုင်မည့်  အခွင့်အလမ်း ကောင်းရရှိစေရန်တို့ဖြစ်သည်။
နိုင်ငံ့သားကောင်းဖြစ်ရေး
အချုပ်အားဖြင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ကာလကြာရှည် ရပ်ဆိုင်းခဲ့ရသော ပညာ ရေး၊  လူမှုရေး၊   စီးပွားရေးဘက်ပေါင်းစုံတွင် ရပ်တည်မှုအသစ်ဖြစ်သော New Normal ဖြင့် ICT နည်းပညာသည် ရှေ့တန်းမျက်နှာစာတွင် ရောက်ရှိ လာခဲ့ပေသည်။ ပညာရေးကဏ္ဍတွင်လည်း ကိုဗစ်-၁၉ ကာလနှင့် အလွန်ကာလများတွင် လုံခြုံစိတ်ချ မှုရှိသော ဒစ်ဂျစ်တယ်နည်းပညာဖြင့် သင်ယူမှု အခွင့်အလမ်းများ မြှင့်တင်ရေး၊ ဆန်းသစ်ထိရောက် သော  သင်ယူမှုပုံစံသစ်များ  ဖော်ဆောင်ရေးနှင့် ဆရာ   ဆရာမများအား   သင်ပြနည်းသစ်များ လေ့ကျင့်ပေးရေးတို့တွင် ပြည်သူ၊ အစိုးရ၊ ပညာရေးမိတ်ဖက်အဖွဲ့အစည်းများနှင့်  သက်ဆိုင်ရာ ဝန်ထမ်းများအားလုံးက အနာဂတ်မျိုးဆက်သစ် များဖြစ်သော ကျောင်းတွင်း၊ ကျောင်းပြင် ကျား/မ မရွေး ကလေး၊  လူငယ်များနှင့် လူရွယ်၊လူကြီး များပါမကျန် နိုင်ငံ့သားကောင်းဖြစ်ရေးအတွက် လုပ်ငန်းစဉ်များ  ချမှတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ညီညီညွတ်ညွတ်နှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။      ။