
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
=============================================================================
နေပြည်တော် အောက်တိုဘာ ၁၄
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၀) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ယနေ့အထိ အစည်းအဝေး (၉) ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် ၁၀၉ ချက်ချမှတ်ကာ ဆောင်ရွက်ရန်ကိစ္စရပ် များကို အကောင်အထည်ဖော်နိုင်ရေးအတွက်ကော်မတီက ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်တစ်ခု ဖြစ်သည့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကဏ္ဍများမှ စီးပွားရေးလုပ်ငန်း များအတွက် ချေးငွေထုတ်ပေးရေးကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပထမအကြိမ်အဖြစ် လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ငွေပမာဏ ငွေကျပ် ၁၀၁ ဒသမ ၁၂၈ ဘီလီယံ ထုတ်ပေးရန် စိစစ်ခွင့်ပြုခဲ့သည့်အနက် လုပ်ငန်း ၃၂၃၉ ခုသို့ ငွေကျပ် ၉၇ ဒသမ ၀၅၀ ဘီလီယံ ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျန်ရှိသည့် လုပ်ငန်း ၁၅၄ ခုသို့ ချေးငွေ ငွေကျပ် ၄ ဒသမ ၀၇၈ ဘီလီယံ ဆက်လက်ထုတ်ပေးရေး မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒုတိယအကြိမ် ချေးငွေထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်က ငွေကျပ် ဘီလီယံ ၁၀၀ ထပ်မံလျာထားပေးခဲ့ပြီး ပထမအသုတ်အဖြစ် လုပ်ငန်း ၁၀၄၁ ခုသို့ ငွေကျပ် ၂၀ ဒသမ ၇၇၇ ဘီလီယံခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ထပ်မံ၍ လုပ်ငန်း ၁၂၀၀ ခုသို့ ငွေကျပ် ၂၁ ဒသမ ၁၂၂ ဘီလီယံထုတ်ပေးနိုင်ရေးအတွက် အတည်ပြုပေးမည်ဖြစ်ပါကြောင်း၊ ဤသို့ အတည်ပြုပြီးပါက ဒုတိယအကြိမ် ချေးငွေမှ ကဏ္ဍအလိုက် ခွင့်ပြုထုတ်ပေးနိုင် မှုသည် စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခုရှိလာမည်ဖြစ်ပြီး ငွေပမာဏမှာ ငွေကျပ် ၄၁ ဒသမ ၈၉၉ ဘီလီယံ ရှိလာမည်ဖြစ်ပါကြောင်း၊ ကဏ္ဍတစ်ခုချင်းအလိုက် ချေးငွေ ထုတ်ပေးနိုင်မှု အခြေအနေမှာ စိုက်ပျိုးရေးကဏ္ဍ လုပ်ငန်း ၄၁ ခု ငွေကျပ် သန်း ၁၀၁၀၊ မွေးမြူရေးကဏ္ဍ လုပ်ငန်း ၁၈၂ ခု ငွေကျပ် ၂၉၅၇ သန်း၊ ရေလုပ်ငန်း ကဏ္ဍ လုပ်ငန်း ၉၃ ခု ငွေကျပ် ၂၂၁၈ သန်း၊ ပို့ကုန်လုပ်ငန်း ကဏ္ဍ လုပ်ငန်း ၄၂ ခု ငွေကျပ် သန်း ၁၇၇၀၊ သွင်းကုန်အစားထိုးကဏ္ဍလုပ်ငန်း ၁၅၃ ခု ငွေကျပ် ၃၄၃၂ သန်း၊ Supply Chain လုပ်ငန်းများ လုပ်ငန်း ၄၉ ခု ငွေကျပ် ၁၂၅၇ သန်း၊ စားသောက်ကုန်ကဏ္ဍ လုပ်ငန်း ၁၅၇၀ ငွေကျပ် သန်း ၂၇၅၆၀၊ ပြည်ပအလုပ် အကိုင် ရှာဖွေရေးလုပ်ငန်းများ လုပ်ငန်း ၇၀ ငွေကျပ် သန်း ၈၇၀၊ အသက်မွေး ပညာသင်လုပ်ငန်းများ လုပ်ငန်း ၄၁ ခု ငွေကျပ် ၈၂၅ သန်း၊ စုစုပေါင်း လုပ်ငန်း ၂၂၄၁ ခု ငွေကျပ် ၄၁၈၉၉ သန်း ဖြစ်ပါကြောင်း။
ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ ချေးငွေထုတ်ပေးနိုင် ရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ငွေကျပ် ၁၅ ဘီလီယံ သီးခြားလျာထားပေးပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ချေးငွေအား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့က ဆက်လက်ဆောင်ရွက်ပေးသွားရန် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများ အပေါ် မိမိတို့လုပ်ငန်း ကော်မတီက ကုစားရေးဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ သက်ရောက်မှု ဆန်းစစ် ခြင်း (Impact Assessment) ဆောင်ရွက်ကာ အဆိုပါ ဆန်းစစ်ချက်အပေါ်မူတည် ၍ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် မည်သို့ဆက်လက် ကုစားဆောင်ရွက်သင့် သည်ကို သုံးသပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် လုပ်ငန်းကော်မတီဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံ့ဝန်ထမ်းများအတွက် ကြိုတင်လစာ ချေးငွေထုတ်ပေးမှု အခြေအနေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ များသို့ ချေးငွေထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်သို့ ရန်ပုံငွေ ဖြည့်တင်းထားမှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းသို့ ချေးငွေ ထုတ်ပေးရေးနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေအပါအဝင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ချေးငွေများ အား ပုဂ္ဂလိကဘဏ်များမှ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေးနှင့် ချေးငွေထုတ်ပေးနိုင်ရေး စိစစ်ခြင်းကို မှန်ကန် တိကျမှု ပိုမိုကောင်းမွန်စေရေးအတွက် အချိန်ယူ ဆောင်ရွက်ခဲ့ရသော်လည်း ချေးငွေများ ထုတ်ပေးခြင်းကို မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ပေးရေးနှင့် ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီဝင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ချေးငွေထုတ်ပေးပြီး နောက်ပိုင်းတွင် လုပ်ငန်းရှင်များက ရရှိသည့်ချေးငွေအပေါ် အသုံးပြုဆောင်ရွက်မှုအခြေအနေကိုလည်း ဆန်းစစ်သုံးသပ်ရန်အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီဝင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပုဂ္ဂလိကဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများ အရှိန်မပျက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် နိုင်ငံတော်မှ ချေးငွေထုတ် ချေးခြင်းအပါအဝင် အခြားထောက်ပံ့ကူညီမှုများနှင့် ပတ်သက်၍ မည်မျှကျခံ ဆောင်ရွက်ပေးထားသည်ကို စုစည်းတွက်ချက်ထားရှိရေးတို့နှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးကြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်း ကော်မတီက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ကြပြီး လုပ်ငန်းကော်မတီသို့ ဌာန၊ အဖွဲ့အစည်းအသီးသီးက တင်ပြထားရှိသည့် ကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ကြသည်။
သတင်းစဉ်