အယ်ဒီတာ့အာဘော်
============
ကိုဗစ်-၁၉ ကို အန်တု သတိမူကာကွယ်
======================
ကမ္ဘာတစ်ခွင်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ ကမ္ဘာ့နိုင်ငံကြီးများ၌ စတင်ထိုးနှံခဲ့ကြရာ လက်ရှိအချိန်အထိ တစ်နိုင်ငံပြီး တစ်နိုင်ငံ စတင်ထိုးနှံမှုမြင်ကွင်းများကို နေ့စဉ် တွေ့မြင်နေရသည်။
လူချမ်းသာတို့ ကောင်းမွန်စွာစားသောက်နေရချိန်၌ လူဆင်းရဲတို့ ထမင်း တစ်ဝမ်းစားရရေးကို ရုန်းကန်ရှာဖွေနေရသကဲ့သို့ ချမ်းသာသောနိုင်ငံများ ကာကွယ်ဆေးထိုးနေချိန်တွင် မချမ်းသာသောနိုင်ငံများအဖို့ ကာကွယ်ဆေး ထိုးနိုင်ရန် ကြိုးပမ်းကြံစည်မျှော်လင့်နေကြသည်။
လက်ရှိကာလ၌ ကမ္ဘာပေါ်ရှိ နိုင်ငံဒေသများအနက် နိုင်ငံ ၄၂ နိုင်ငံမှ ၎င်းတို့နိုင်ငံရှိ ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ၄၂ နိုင်ငံအနက် ၃၆ နိုင်ငံသည် ဦးစွာကာကွယ်ဆေးထိုးနိုင်သော အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ရုရှားတို့ကဲ့သို့ ချမ်းသာကြွယ်ဝသည့်နိုင်ငံများ ဖြစ်သည်။ ကျန်ခြောက်နိုင်ငံသည် အသင့်အတင့်ချမ်းသာကြွယ်ဝသော နိုင်ငံ များဖြစ်သည်။ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မဖွံ့ဖြိုးသေးသည့် နိုင်ငံများအနေဖြင့် ကာကွယ်ဆေးထိုးနှံနိုင်ရေးကို စီစဉ်ထားပြီးဖြစ်သော်လည်း ယခုအချိန်အထိ စတင်နိုင်ခြင်းမရှိသေးပေ။
ကမ္ဘာပေါ်ရှိ ချမ်းသာကြွယ်ဝသော နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ် ရှိသောနိုင်ငံများသည် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ပေါ်ထွက်လာကတည်း က ကိုယ်တိုင်ထုတ်လုပ်သည့် နိုင်ငံကြီးများအပါအဝင် ကာကွယ်ဆေး အမြောက်အမြားကို စုဆောင်းထားပြီး ၎င်းတို့၏ပြည်သူများအား အမြန်ဆုံး ပြီးပြတ်အောင် ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် လူသားများ ကူးစက်မြန်ရောဂါဘေးမှ ကာကွယ်ပေးနိုင်သောဆေးဖြစ်၍ ဆေးစတင်ထုတ်လုပ်သည့်အချိန်မှစ၍ သူ့ထက်ငါ အလုအယက် ထုတ်လုပ် ဝယ်ယူစုဆောင်းဖြန့်ချိနိုင်ရန် ကြိုးစားခဲ့ကြသည်။
ချမ်းသာကြွယ်ဝသော နိုင်ငံများအနေဖြင့် အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးမူဝါဒကိုကိုင်စွဲကာ မိမိနိုင်ငံသားများ ကူးစက်ရောဂါမှ ကာကွယ် နိုင်ရေးကို ဦးစားပေးဆောင်ရွက်နေကြသည်မှာ သဘာဝဖြစ်သည်ကို နားလည်ပါသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၊ မဖွံ့ဖြိုးသေးသည့်နိုင်ငံများ၊ ဆင်းရဲသောနိုင်ငံများလည်း ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုနည်းစေရေး အတွက် လူသားချင်းစာနာထောက်ထားသောအားဖြင့် ငဲ့ညှာမျှဝေကူညီရေး ကို လည်း ထည့်သွင်းစဉ်းစားပေးသင့်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ အနေဖြင့်လည်း ကာကွယ်ဆေးဝယ်ယူရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သော် လည်း ကာကွယ်ဆေးရမည့်ကာလတစ်ခုကို စောင့်စားနေရသည်။
ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဖြန့်ဝေမှုအစီအစဉ် COVAX အရ ကာကွယ်ဆေး နှစ်ဘီလီယံခန့် ရရှိထားပြီး ဖြစ်ရာ မကြာမီကာလတွင် အဖွဲ့ဝင်နိုင်ငံများသို့ ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်းသိရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အဖွဲ့ဝင်နိုင်ငံများ အား မျှတစွာဖြန့်ချိပေးနိုင်ရန် ရည်ရွယ်ထားကာ ထိရောက်မှုရှိပြီး ဘေးအန္တရာယ်ကင်းသည့် ကာကွယ်ဆေးများဖြန့်ချိရာတွင် နိုင်ငံများကို ဆင်းရဲချမ်းသာမရွေး အားလုံးတန်းတူညီမျှစွာ ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် ကြားသိရသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးကို နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ပြည်သူများအား စဉ်ဆက်မပြတ် သတင်းစကားပါးလျက် ရှိသည်။ ကာကွယ်ဆေးပထမအသုတ်ကို အိန္ဒိယနိုင်ငံနှင့် အရောင်းအဝယ် စာချုပ်ချုပ်ဆိုဝယ်ယူထားပြီး ဖေဖော်ဝါရီလတွင် ကျန်းမာရေးဝန်ထမ်း များအား ဦးစားပေးထိုးနှံပေးမည် ဖြစ်သည်။ ကာကွယ်ဆေးရရှိရေးမှာ ချမ်းသာသည့်နိုင်ငံမဟုတ်သဖြင့် အခြားကမ္ဘာ့နိုင်ငံများအားလုံးနှင့်အတူ ယှဉ်ပြိုင်ကြိုးပမ်းနေပြီး ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေကို နိုင်ငံတော် အစိုးရက ကနဦးမတည်ထူထောင်ကာ အလှူရှင်များက ပါဝင်ထည့်သွင်း လှူဒါန်းနေသည်။ မြန်မာနိုင်ငံသို့ ကာကွယ်ဆေးစတင်ရောက်ရှိသည်နှင့် ယခုနှစ် တစ်လျှောက်လုံး နိုင်ငံတစ်ဝန်း၌ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ရောဂါကာကွယ်ရေးကို တန်းတူညီမျှ ခံစားလိုကြသော်လည်း မိမိတို့နိုင်ငံ၏ မဖွံ့ဖြိုးသေးသောအခြေအနေအရ၊ ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါသည် ကြာရှည်စွာရှိနေမည့်အခြေအနေအရ ကာကွယ်ဆေး မထိုး ရသေးမီကာလတွင် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများအား လိုက်နာပြီး ကိုဗစ်-၁၉ ကို အန်တုနိုင်ရေး အားတင်းထားကြရန် လိုအပ်ပါကြောင်း၊ ရောဂါပိုးနှင့်အတူ ရှိနေစဉ်ကာလအတွင်း မိမိကိုယ်ကိုမိမိ သတိမူကာကွယ် စောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း။ ။