ကိုဗစ်-၁၉ ကို ထိန်းချုပ်တားဆီးနိုင်ရေး ရုံးပိတ်ရက်ရှည်ကို ကောင်းစွာဖြတ်သန်း

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက်  အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်ကို အများပြည်သူ အလုပ် ပိတ်ရက်များအဖြစ် သတ်မှတ်လိုက်ရာ ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ တစ်ဆက်တစ်စပ်တည်း အလုပ်ပိတ်ရက် ကိုးရက် ရရှိသွားသည်။ ထိုကိုးရက်သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်ရာ ထိုရက်များအတွင်း အတတ်နိုင် ဆုံး အိမ်မှာနေကြရန် လွန်စွာအရေးကြီးသည်။


ယခုအခါ ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှု အရှိန်မြင့်နေပြီး ကူးစက်မှုနှုန်းနှင့် အဖိတ်အစဉ်တို့ များပြားလာလျက်ရှိရာ ပထမ လှိုင်းနှင့် ဒုတိယလှိုင်းတို့ထက် ပိုမို၍ ဂရုစိုက်ကာကွယ်ရန် လိုအပ် သည်။ ထို့အပြင် တတိယလှိုင်းသည် ရောဂါပိုး မျိုးဗီဇပြောင်းလဲ ခြင်းနှင့် ပိုမိုပြင်းထန်၊ ကူးစက်မှုပိုမိုမြန်ဆန်လာခြင်းတို့ကြောင့် ကုသမှုအပိုင်းတွင် ဆေးရုံခုတင်၊ အောက်ဆီဂျင် စသည့်လိုအပ် ချက်များ   ရုတ်တရက်   ပိုမိုမြင့်မားလာသည်။  တစ်ဖက်တွင် ဖြည့်ဆည်းမှုက လိုအပ်ချက်နှင့် ကွာဟနေသည့် အခြေအနေသည် ယာယီအားဖြင့် ဖြစ်ပေါ်လာပြီး ယင်းအခြေအနေကို မသမာသူ တို့က အခွင့်ကောင်းယူကာ ကောလာဟလများ ထုတ်လွှင့်ခြင်း၊ လုပ်ကြံဖန်တီးထားသည့်    သတင်းအမှားများကို    ဖြန့်ဖြူး   ခြင်းတို့ ပြုလုပ်လာကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပြည်သူ လူထုအတွင်း စိုးရိမ်ပူပန်မှု၊ ထိတ်လန့်ချောက်ချားမှုတို့ မြင့်တက် လာစေရေးနှင့် အစိုးရအပေါ် မုန်းတီး ဆန့်ကျင်လာစေရေးပင် ဖြစ်သည်။ ကောလာဟလနှင့် သတင်းမှားတို့ကို တားဆီးနိုင်ရေး မှာ ပြည်သူလူထုအတွင်း  သတင်းအမှန်ကို လျင်လျင်မြန်မြန် ထိထိရောက်ရောက်  သိရှိနိုင်ရေး ဆောင်ရွက်ပေးရန်လိုသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် လူအများစု သုံးစွဲနေကြသည့် ဖေ့စ် ဘုတ်လူမှုကွန်ရက်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဖြူးနေကြသော သတင်းအတု၊ သတင်းမှားများ လွှမ်းမိုးနေမှုနှင့် ပြည်သူလူထု အနေဖြင့်လည်း ယင်းသတင်းအတုအယောင်များကိုပင် စိစစ်မှု မပြုနိုင်ဘဲ  လက်ခံနေမှုတို့ကို   သတင်းအမှန်များ  အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ခြင်းဖြင့် ချေဖျက်ရန် လိုအပ်သည်။ ထို့ထက် ပို၍ သတင်းအမှန်က ရှေ့မှဦးပါက သတင်းအမှားတို့ ထွက်ပေါ် လာရန် အခွင့်အလမ်းနည်းမည်ဖြစ်သည်။


ပြည်သူလူထုအနေဖြင့်မူ     လူမှုကွန်ရက်သတင်းများကို သေချာစွာစိစစ်ပြီးမှ လက်ခံကြရန်ဖြစ်သည်။ မသမာသူတို့က ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်မြင့်တက်နေခြင်းနှင့် ဆက်စပ်၍  ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်မှုတို့ကို လူမှုကွန်ရက်တွင် ထုတ်လွှင့်နေခြင်းနှင့်အတူ ပြင်ပတွင်လည်း နည်းမျိုးစုံဖြင့် ဖန်တီး လျက်ရှိကြသည်။ ဆေးနှင့်ဆေးပစ္စည်းဆိုင်များ ပိတ်သိမ်းရန်၊ အောက်ဆီဂျင်စက်ရုံများပိတ်ရန် စစ်တပ်က အမိန့်ပေးကြောင်း၊ အချို့နေရာများတွင် ပစ္စည်းများ လာရောက်သိမ်းယူကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်နေကြောင်း စသည်တို့ကို ထုတ်လွှင့်လျက် ရှိရာ   သတင်းအမှန်ကို   နောက်မှလိုက်၍   ထုတ်ပြန်ရှင်းလင်း နေရသည်။


ယခုအခါ ရုံးပိတ်ရက်ရှည် ကိုးရက်ကို အိမ်မှာနေ၍ ဖြတ်သန်း ကြရမည်ဖြစ်သည်။   ပြည်သူအများ  ငြိမ်သက်စွာ အနားယူ ဖြတ်သန်းကြသည်နှင့်အမျှ     ကပ်ရောဂါလှိုင်းမြင့်တက်နေမှု ကျဆင်းလာမည်ဖြစ်သည်။ လူတစ်ဦးချင်းစီက  မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် ကိုဗစ်-၁၉ ကို အရှိန်သေသွား စေမည်ဖြစ်ပြီး   အချိန်ကာလတစ်ရပ်   ဆက်လက်စောင့်ထိန်း လိုက်နာကြခြင်းဖြင့်    ကပ်ရောဂါကူးစက်ပျံ့နှံ့မှုတို့   ငြိမ်သက် သွားမည်ဖြစ်ကာ ပုံမှန်အခြေအနေဆီသို့ ပြန်လည်ရောက်ရှိလာ မည်သာ ဖြစ်ပါကြောင်း။        ။