
လင်းဟန်သစ်
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ထိန်းချုပ်ဟန့်တားဖို့ သူ့ရဲ့နယ်စပ်ကို ပိတ်လိုက်ပြီး လပေါင်း ၂၀ နီးပါးကြာပြီးတဲ့နောက်မှာ အခုဆိုရင် ပထမဆုံး နိုင်ငံတကာခရီးသွားတွေကို သူ့ရဲ့ချစ်စရာကောင်းတဲ့မြေပေါ် ခြေချခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ကမ္ဘာကို ဝင့်ကြွားနေတဲ့နေရာဖြစ်
နိုဝင်ဘာ ၁၁ ရက်က ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးထားတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံသား ၄၀၀ ကျော်ကို တင်ဆောင်လာတဲ့ စင်းလုံးငှားကြိုပို့လေယာဉ်နှစ်စင်းဟာ ဗီယက်နမ် နိုင်ငံတောင်ပိုင်း အပန်းဖြေမြို့လေးတစ်မြို့ဖြစ်တဲ့ နာ့ထရန် (Nha Trang) ကို ဆိုက်ရောက်လာခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြ ခဲ့ပါတယ်။
အဲဒီနေရာဟာ ဂေါက်ရိုက်ဝါသနာအိုးတွေ၊ ကမ်းခြေစွဲလမ်း စိတ်အပန်းဖြေသူတွေ၊ ရေငုပ်သမားတွေ ပျော်မွေ့ရာနေရာဖြစ်ပြီးတော့ ဇိမ်ခံဟိုတယ်တွေအပြည့်နဲ့ ကမ္ဘာကိုဝင့်ကြွားနေတဲ့နေရာတစ်ခု လည်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုရလဒ်တွေ ပြရမယ်
ဒီလေယာဉ်နှစ်စင်းဟာ နိုဝင်ဘာ ၂၀ မှာ အပန်းဖြေကျွန်း တစ်ကျွန်းလို့ပြောရမယ့်၊ ဖူငွာ့ (Phu Quoc) လို့ ခေါ်ရမယ့် ကျွန်းကို ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့ နိုင်ငံခြားသားခရီးသွားတွေ အတွက် ဖွင့်လှစ်ပေးဖို့ အစီအစဉ်မစတင်မီမှာ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ဖွင့်တောင်မဖွင့်သေးဘူး။ နိုင်ငံခြားသားခရီးသွားတွေလာရောက်နေတာက နိုင်ငံရဲ့ခရီးသွားကဏ္ဍအတွက် အားတက်စရာ ကောင်းသလို လာမယ့်လတွေမှာလည်း နိုင်ငံခြားသားခရီးသွား ၅၀၀၀ ထက်မနည်းလာရောက်မယ်လို့လည်း မျှော်လင့်ထားပါတယ်။
ဗီယက်နမ်နိုင်ငံကို လာရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွား တွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြောင်း သက်သေခံ ကတ်ပြားနဲ့ မထွက်ခွာမီ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပါတယ်ဆိုတဲ့ စစ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုရလဒ်တွေကို ပြရမှာဖြစ်ပါ တယ်။
အတော်လေးရုန်းကန်ကြိုးစားရမယ်
လပေါင်းအတော်ကြာ ပိတ်ဆို့ပြီးတဲ့နောက်မှာ ကွန်မြူနစ်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဟာ သူ့ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာခဲ့တဲ့ စီးပွားရေးကို ပြန်လည်ရှင်သန်နိုးထအောင် အတော်လေး ရုန်းကန်ကြိုးစားနေပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ နယ်စပ်ကို နိုင်ငံတကာခရီးသွားတွေအတွက် လွန်ခဲ့တဲ့နှစ် မတ်လကတည်းက ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ စီးပွားဖြစ်လေကြောင်းလိုင်းတွေဆိုတာ ဝင်ထွက်မှုမရှိသလောက် ဖြစ်ခဲ့ပါတယ်။
ပြင်းထန်တဲ့ သက်ရောက်မှု
ဗီယက်နမ်နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်မှုကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ချီးမွမ်းခြင်း လည်း ခံထားရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်လူနာဆိုတာ လက်တစ်ဆုပ် စာလောက်ပဲ ရှိခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ထိတွေ့မှုခြေရာခံစနစ်တွေ၊ ကွာရန်တင်း လုပ်ထုံးလုပ်နည်းတွေနဲ့ တစ်နှစ်ကျော်လောက် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ သို့သော်လည်း ကူးစက်မြန်ပြင်းထန် ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်ကြောင့် လွန်ခဲ့တဲ့ ဧပြီလကတည်း က စတုတ္ထအကျော့ဖြစ်ပွားစေခဲ့တဲ့အထိ ပြင်းထန်စွာ သက်ရောက်မှု တွေ ဖြစ်ပွားခဲ့ပါတယ်။
ဒုက္ခကို ဘူးလေးရာဖရုံဆင့်သလို ကြီးသထက်ကြီးစေခဲ့
ဆက်လက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် အခုဆိုရင် ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှု ၉၉၅၉၀၃ ဦးအထိ ရှိလာခဲ့ပါတယ်။ လျင်လျင်မြန်မြန်နဲ့ကူးစက် ဖြစ်ပွားမှုတွေကြောင့် ဒယ်လ်တာ ကိုဗစ်-၁၉ ဟာ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်အတွက် အဓိက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုဖြစ်ခဲ့ရပါတယ်။
အချိန်တိုအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အရှိန်အဟုန်နဲ့ ပျံ့နှံ့ဖြစ်ပွားခဲ့ခြင်းက ဆေးဘက်ဆိုင်ရာစနစ်ကို ဝန်ပိမှုတွေ ဖြစ်ပေါ် စေခဲ့ပါတယ်။ ထို့အတူ ဟိုချီမင်းမြို့နဲ့ တောင်ပိုင်းဒေသတွေမှာ သေဆုံး နှုန်းတွေလည်း များပြားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ လူဦးရေထူထပ် သိပ်သည်းခြင်းနဲ့ ကာကွယ်ဆေးပြတ်တောက်မှုများကလည်း ဒုက္ခ တွေကို ဘူးလေးရာဖရုံဆင့်သလို ကြီးသထက်ကြီးစေခဲ့ပါတယ်။
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ခက်ခဲမှုတွေဖြစ်စေ
ကိုဗစ်- ၁၉ ကြောင့် သေဆုံးမှုအများဆုံး သီတင်းပတ်တွေမှာဆိုရင် တစ်နေ့တည်းကို စုစုပေါင်း သေဆုံးသူ ၃၀၀ နဲ့ ၄၀၀ ကြားအထိ ရှိပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ အဓိကစီးပွားရေးဆောင်ရွက်ချက်၊ အထူးသဖြင့် နိုင်ငံတောင်ပိုင်းမှာရှိတဲ့ မြို့တွေရဲ့စီးပွားရေးဆောင်ရွက် ချက်တွေဟာ လပေါင်းအတော်ကြာ ရပ်ဆိုင်းခဲ့ပါတယ်။
ကိုဗစ်-၁၉ ကန့်သတ်ချက်ဖြစ်တဲ့ အိမ်မှာပဲနေရမယ်ဆိုတဲ့ ကန့်သတ်ချက်က ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြစ်ပေါ်စေပါတယ်။
မျှော်မှန်းချက်ထက် လျော့နည်း
အောက်တိုဘာနှောင်းပိုင်းက ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင် က ဒီနှစ်မှာ နိုင်ငံရဲ့ ဂျီဒီပီတိုးတက်နှုန်းဟာ မျှော်မှန်းထားတဲ့ သတ်မှတ်ချက်အောက် လျော့နည်းခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ်မှာ မြန်နိုင်သမျှ မြန်မြန် ဗီယက်နမ်နိုင်ငံကို ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင် ရည်မှန်းချက်ထား လုပ်ဆောင်ခြင်းဟာ စီးပွားရေးအင်အားချည့်နဲ့နေတဲ့ အခြေအနေကို ပြန်လည်နာလန်ထူလာအောင် လုပ်ဆောင်နေတဲ့ ဗီယက်နမ်အစိုးရရဲ့ တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။
ပြည်သူ့ဘဝကို ကာကွယ်ပေးနိုင်မယ်
အောက်တိုဘာ ၁၁ ရက်က ချမှတ်လိုက်တဲ့ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုအပေါ် ဘေးကင်းစိတ်ချပြီး လိုက်လျောညီထွေရှိစွာနဲ့ ထိထိ ရောက်ရောက်လုပ်ဆောင်လိုက်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ဗီယက်နမ်ဟာ ပြည်သူတွေရဲ့ဘဝကို ကာကွယ်ပေးနိုင်တော့မှာ ဖြစ်သလို ကိုဗစ်-၁၉ ကြောင့်သေဆုံးနှုန်းတွေကိုလည်း လျှော့ချနိုင် တော့မှာဖြစ်ကာ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ရင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကိုလည်း ထိရောက်စွာထိန်းချုပ်မယ်ဆိုတဲ့ ရည်မှန်းချက် နဲ့အညီ ပြန်လည်ကုစားရေးအစီအစဉ်တွေကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်မှာ ဗိုင်းရပ်စ်ရဲ့အန္တရာယ်ကို အဆင့်အနိမ့်ဆုံးမှ အဆင့်အမြင့်ဆုံးအထိ အမျိုးအစားခွဲခြားထားပေးပါတယ်။ အဆင့် လိုက် အဆင့်လိုက် လူမှုစီးပွားရေးဖွင့်လှစ်ပေးမှုတွေ ပြုလုပ်ပေးသွားမှု နဲ့အတူ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အတူတွဲပြီး ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ အခုဆိုရင်တော့ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးထားသူအရေအတွက်ဟာ ၃၂ ရာခိုင် နှုန်းနီးပါး ရောက်ရှိလာပြီဖြစ်ပါတယ်။
ကိုးကား - အေအက်ဖ်ပီ၊ ဆင်ဟွာ
- Log in to post comments