
လင်းဟန်သစ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ စံချိန်တင်မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေဟာလည်း တစ်သိန်းခွဲကျော်လွန်လာခဲ့ပါတယ်။ တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းဟာ အခုဆိုရင် ကိုးသိန်းခွဲနီးနီးရောက်လာပြီဖြစ်ပါတယ်။
ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်
တရားဝင်စာရင်းဇယားထုတ်ပြန်ချက်တွေအရ လတ်တလောမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကိုဗစ်-၁၉ကြောင့် သေဆုံးနှုန်းမှာ ၁ ဒသမ ၅၉ ရာခိုင်နှုန်းရှိပြီးတော့ ကိုဗစ်-၁၉ ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာတဲ့နှုန်းဟာလည်း ၈၈ ဒသမ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းလာ ခဲ့ပါတယ်။
လွန်ခဲ့တဲ့လကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေကို လျှော့ချဖို့အတွက် တင်းကျပ်တဲ့ ကိုဗစ်-၁၉ အလုံပိတ်ကန့်သတ်ချက်တွေကို တစ်ပတ် ကြာ ချမှတ်ထားပြီး စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး သက်ဆိုင်ရာဥပဒေတွေကို ပြည်သူတွေ လေးစားလိုက်နာအောင် ထိန်းသိမ်းကြပ်မတ်နေကြ ပါတယ်။
ကိုဗစ် အကျပ်အတည်းကိုမလျှော့ချနိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခုအချိန်အထိ ကိုဗစ်-၁၉ စမ်းသပ် စစ်ဆေးမှု ၆ ဒသမ ၇ သန်းကျော် စမ်းသပ်စစ်ဆေးပြီးပါပြီ။
ကိုဗစ်-၁၉ လှိုင်းဂယက် ထပ်မံကူးစက်ဖြစ်ပွားရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အချက်အချာနေရာဖြစ်တဲ့ ခူလ်နာမြို့မှာ အောက်ဆီဂျင် ပြတ်လပ်မှုတွေဖြစ်ပွားတာကြောင့် သေဆုံးမှုတွေလည်း ရှိနေပါတယ်။
အစိုးရက တင်းကျပ်တဲ့အလုံပိတ်ကန့်သတ်ချက်ကို တစ်ပတ်ကြာ ချမှတ်ထားသော်လည်း ဒါက ခူလ်နာဆေးရုံတွေအတွက် အကျပ် အတည်းကို မလျှော့ချနိုင်သလို သေဆုံးမှုတွေကိုလည်း မလျော့နည်း စေခဲ့ပါဘူး။
အောက်ဆီဂျင်မပေးခဲ့ပါဘူး
မိုဟာမက်ဆစ်ဒစ်ဟာ စိတ်ပျက်အားလျော့စွာနဲ့ ဆေးရုံအရေးပေါ် ဝင်ပေါက်အောက်မှာ ဘာမှမရှိတဲ့ အောက်ဆီဂျင်ဘူးကိုမှီကာ မျက်ရည်တွေအပြည့်နဲ့ သူ့ရဲ့ဆွေမျိုးတွေကို အသက် ၅ဝ အရွယ် သူ့အစ်ကိုသေသွားပြီဆိုတာကို စိတ်မကောင်းစွာနဲ့ ပြောခဲ့ပါတယ်။
အခြေအနေမကောင်းတော့တဲ့ သူ့အစ်ကိုကို ဆေးရုံခေါ်လာခဲ့သော် လည်း ဆေးရုံမှာခုတင်လည်းမရှိတော့သလို အောက်ဆီဂျင်လည်းမရှိ တော့ဘူးလို့ အသက် ၄၂ နှစ်ရှိသူ ဆာဒစ်က ပြောပါတယ်။ နောက် ဆုံးမှာ သူဟာ ဆေးရုံရဲ့ စင်္ကြံလမ်းမှာ ပင့်သက်ရှိုက်ပြီး တမလွန် လမ်းကို လျှောက်လမ်းခဲ့ရတယ်လို့ ဆာဒစ်က စိတ်မကောင်းစွာ ပြောပါတယ်။
သူနောက်ဆုံးသေတဲ့အချိန်ထိတိုင်အောင် အောက်ဆီဂျင်မပေးခဲ့ ပါဘူးလို့ သူက ဆက်ပြောခဲ့ပါတယ်။
မျိုးစိတ်သစ်ကူးစက်မှုတွေမြင့်တက်
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အနောက်တောင်ပိုင်းပြည်နယ်မှာ ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ဖြစ်ပွားမှုတွေမြင့်တက်လာခဲ့ပါတယ်။ ဒယ်လ်တာကိုဗစ်-၁၉ မျိုးစိတ်သစ်ကို အိန္ဒိယနိုင်ငံမှ ပထမဆုံး စတင်တွေ့ရှိခဲ့ပါတယ်။
ခူလ်နာမြို့မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် ၄၆ ဦး သေဆုံးခဲ့တယ် လို့ ဇူလိုင် ၁ ရက်က ထုတ်ပြန်ခဲ့တဲ့ တရားဝင်စာရင်းဇယားတွေအရ သိရပါတယ်။ အစောပိုင်းကိုဗစ်-၁၉ လှိုင်းတွေကြောင့် နေ့စဉ်သေဆုံးမှု ဟာ နှစ်ဆထိမြင့်တက်သွားတယ်ဆိုတာ မကြားဖူးခဲ့ပါဘူး။ အခု ကိုဗစ်-၁၉ လှိုင်းကတော့ ကြောက်စရာကောင်းအောင် သေဆုံးမှုတွေ တိုးလာတာဖြစ်ပါတယ်။
တကယ့်သေဆုံးမှုတွေ လက်ရှိစာရင်းဖော်ပြမှုထက်များ
တကယ့်သေဆုံးမှုတွေဟာ လက်ရှိစာရင်းဖော်ပြမှုထက် ပိုများ တယ်လို့ လူဦးရေ ခုနစ်သိန်းနီးနီးလောက်နေထိုင်တဲ့ အဲဒီမြို့ရဲ့ ပြည်သူတွေကပြောပါတယ်။ သင်္ချိုင်းတွေဟာလည်း သေဆုံးသူတွေ အတွက် မလုံလောက်တော့လောက်အောင် သေဆုံးသူတွေ များလာ ပါတယ်။
ခူလ်နာအထွေထွေရောဂါကုဆေးရုံကြီးဟာ ခူလ်နာမြို့ရဲ့ လေးခု မြောက် ကိုဗစ်-၁၉ ကုသရာဆေးရုံကြီးဖြစ်ပြီးတော့ ခုတင် ၄ဝဝ ရှိပါ တယ်။ သို့သော်လည်း လိုအပ်ချက်တွေဟာ ရှိတဲ့ပမာဏကိုကျော်လွန်ပြီး မိုးထိအောင်များပြားနေပါတယ်။ ဆေးရုံတက်ရောက်သူတွေ အဆမတန် များပြားမှုတွေကို ရင်ဆိုင်နေရတယ်လို့ ခူလ်နာဒေသရဲ့ အကြီးအကဲ ဆရာဝန် နိဇ်မိုဟာမက်က ပြောပါတယ်။
ကန့်သတ်ချက်တွေလိုက်နာအောင် နေ့စဉ်ကင်းလှည့််
တကယ့်လက်ရှိအခြေအနေတွေဟာ သေရေးရှင်ရေးတမျှအရေးကြီး နေပါတယ်။ အောက်ဆီဂျင်မရလို့ သေဆုံးခဲ့သူတွေဟာလည်း စိတ် မကောင်းစွာ များလာတယ်လို့ သေဆုံးသူများထဲမှ ဆွေးမျိုးတစ်ဦးက မျက်ရည်တွေသုတ်ပြီး ပြောပါတယ်။
သူတို့ အောက်ဆီဂျင်နည်းနည်းကလေးပေးရင်ကိုပဲ ကျွန်မအစ်ကို အသက်ရှင်တယ်လို့ သူက ပြောပါတယ်။
အလုံပိတ်ကန့်သတ်ချက်တွေကို လူတွေလိုက်နာအောင် ရဲတွေနဲ့ တပ်ဖွဲ့ဝင်တွေလည်း လူပေါင်း ၁၆၈ သန်းမှီတင်းနေထိုင်တဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတစ်ဝန်း လမ်းတွေမှာ ကင်းလှည့်နေပါတယ်။ နေ့စဉ် နေအိမ် ကထွက်လာတဲ့ လူရာပေါင်းများစွာဖမ်းဆီးခံနေရပါတယ်။
ဆောင်ရွက်ချက်တွေကို ထိန်းသိမ်းရမယ်
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်တဲ့ ခူလ်နာမှာ လွန်ခဲ့တဲ့လကတည်းက သွားလာလှုပ်ရှားမှုမှန်သမျှ ကန့်သတ်ပိတ်ဆို့ ထားတာဖြစ်ပါတယ်။ သို့သော်လည်း စက်ရုံတွေကိုတော့ ဖွင့်ပေးထား ပါတယ်။ အလုပ်သမားတွေကိုအလုပ်မဆင်းဖို့လည်းတိုက်တွန်းထားပါတယ်။
အများပြည်သူသုံး ယာဉ်လိုင်းတွေလည်း ယာယီပိတ်ထားသလို ဆိုင်အများစုကိုလည်း ပိတ်ထားပါတယ်။ ခူလ်နာရဲ့အခြေအနေဟာ အတော်လေးအရေးကြီးတဲ့အချိန်ရောက်နေတဲ့အတွက် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။
တရားဝင်ဖော်ပြချက်တွေအရ လွန်ခဲ့တဲ့ ၁၅ လက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၃၅ဝဝဝ ရှိပြီးသေဆုံးသူ ၁၄၉ဝဝ ရှိတယ်လို့ သိရသော်လည်း ဒီပမာဏဟာ တကယ့်လက်ရှိ ဖြစ်ပွားနေတဲ့ ကိန်းဂဏန်းတွေကို လျော့နည်းဖော်ပြခြင်းသာဖြစ်တယ် လို့ ပြည်သူအများစုက သုံးသပ်ပြောကြားထားပါတယ်။
ဘဝမှာ အုတ်ဂူတွေတူးရတာလောက် အလုပ်များတာမျိုး မကြုံဖူးသေး
ခူလ်နာသင်္ချိုင်းမှာအလုပ်လုပ်တဲ့ မိုဟာမက် ဘာဘူက သူ့အသက် ၃၂ နှစ်အတွင်းမှာ အခုလိုမျိုး လူသေအလောင်းထားဖို့ အုတ်ဂူတွေ တူးနေရတာလောက် အလုပ်များနေတာမျိုး မကြုံဖူးသေးဘူးလို့ ပြောပါတယ်။
ဒီနှစ်မှာပြုလုပ်တဲ့ စျာပနအရေအတွက်ဟာ သမိုင်းမှာ အများဆုံး ပဲလို့ သူကပြောပါတယ်။ သက်ဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေကလည်း ပါးစပ်နှာခေါင်းစည်းတပ်ဖို့နဲ့ လူမှုဝေးကွာစည်းမျဉ်းတွေ အပေါ် ပြည်သူတွေရဲ့ ငြင်းဆန်မှုတွေ များလာတဲ့အပေါ် ပြစ်တင် ပြောကြားထားပါတယ်။ ဒီလိုတွေမလုပ်ဘူးဆိုရင်တော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ပိုလို့တောင်များလာမှာလို့ တာဝန်ရှိသူတစ်ဦး ကတော့ ပြောကြားလိုက်ပါတယ်။
ကိုးကား - အေအက်ဖ်ပီ
- Log in to post comments