
ဆောင်းပါး
=======
ကိုဗစ်- ၁၉ လာရာ၊ လားရာနှင့် သင်ခန်းစာများ
===========================
ခင်မောင်ညို (ဘောဂဗေဒ)
လွန်ခဲ့တဲ့ လအနည်းငယ်က ကိုဗစ်အနည်းနဲ့အများ မရှိ တော့ဘူးလို့ဆိုတဲ့ မဒရစ်နဲ့ မာဆေးလ်မှာ အသည်းအသန် စောင့်ကြည့်ခန်းတွေ ခုတင်တွေပြန်ပြည့်ကုန်ကြပြီ။ တစ်ခါတလေ အင်္ဂလန်မှာ လွန်ခဲ့တဲ့ လအနည်းငယ်က လုပ်ခဲ့တာတွေကို ပြန်လုပ်နေရသလို အစိုးရတွေက စည်းမျဉ်းစည်းကမ်းအသစ်တွေကိုလည်း ချမှတ် လုပ်ဆောင်နေရတယ်။
အိန္ဒိယဟာ မကြာမီ အမေရိကန်ကို ကျော်လွန်သွားနိုင်နွေရာသီပေမယ့် အိမ်တွင်းပုန်းရတဲ့ဘဝကို ပြန် ရောက်သွားကြတယ်။ ဒုတိယလှိုင်းအကြောင်း နေရာ တကာမှာ ပြောနေကြတယ်။ အတ္တလန္တိတ်သမုဒ္ဒရာဘက်မှာ အမေရိကန်ဟာ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ နှစ်သိန်း ကျော်ရှိပြီ။ ဒီအရေအတွက်ဟာ အနောက်ဥရောပမှာ စုစုပေါင်း သေဆုံးသူထက်တောင် များနေသေးတယ်။ လေးပတ်ဆက်တိုက်၊ တစ်ပတ်ကို ကူးစက်သူအသစ် သန်းဝက်ကျော်တိုးနေတဲ့ အိန္ဒိယဟာ မကြာမီ အမေရိကန် ကို ကျော်လွန်သွားနိုင်တယ်။ အောက်တိုဘာလ မတိုင်မီ လူတစ်သန်းသေဆုံးတာ မြင်ကြရမယ်လို့ ဆိုတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းအရ ၂၀၁၇ တစ်နှစ်လုံးမှာငှက်ဖျားကြောင့် သေဆုံးသူ ခြောက်သိန်း နှစ်သောင်း၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ရှစ်သိန်း နီးပါး၊ ကိုယ်ခံအားကျရောဂါကြောင့် သေဆုံးတာ တစ်သန်းမပြည့်ခဲ့ပါဘူး။ အခု အဲဒါထက် များတယ်။ အဲဒီ သေဆုံးတဲ့ ကိန်းဂဏန်းတွေဟာ ကိုဗစ်ကူးစက်ခံကြရတဲ့ ၃၂ သန်းကျော်ရဲ့ သုံးရာခိုင်နှုန်းကျော်ကျော်လေးပဲ ရှိတယ်။ ဒါတောင်မှ ကိုဗစ် - ၁၉ကို ဖြစ်စေတဲ့ ဆားစ်ကိုဗစ် ၂ ကူးစက်ခံရတဲ့ ဦးရေကို လျှော့ပြီးခန့်မှန်းထားတာ။
ကူးစက်ခံရတဲ့သူအတော်များများက အဖျားအနာ မဖြစ်ကြပါဘူး။ ကူးစက်ပေမယ့်လည်း ဆေးရုံမရောက် ဆရာဝန် မတွေ့လိုက်တဲ့သူတွေ အများကြီးပဲ။ မပြည့်စုံပေ မယ့် ပိုကောင်းတဲ့ ယမန်နှစ်က နှစ်ကုန်မှာ ကမ္ဘာတစ်ဝန်း သိပ္ပံပညာရှင်တွေနဲ့ ပြည်သူ့ကျန်းမာရေးအရာရှိတွေ တောက်လျှောက် ဘယ်လောက်ကူးစက်ခံရသလဲလို့ ခန့်မှန်းထားတာရှိတယ်။ တခြားကိစ္စအတွက် ရည်ရွယ်ပြီး ကောက်ယူထားတဲ့ သွေးနမူနာတွေထဲက သွေးရည်ကြည် မှာ ဆားစ်ကိုဗစ်ကို ဆန့်ကျင်နေတဲ့ ပဋိပစ္စည်းတွေ လိုက်ရှာကြည့်တယ်။ သူတို့ရှိနေရင် အရင်က ဗိုင်းရပ်စ် ကူးတာ ခံခဲ့ရလို့ပဲ။
ဒီစစ်တမ်းတွေ မတိကျစေတဲ့ ကိစ္စတွေကလည်း အများကြီး။ တခြားဗိုင်းရပ်စ်တွေကို ဆန့်ကျင်နေတဲ့ ပဋိပစ္စည်း (Antibody) တွေ သွားတွေ့ပြီး ကိန်းဂဏန်းတွေ တိုးနေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီတော့နေရာတစ်ခုနဲ့ တစ်ခုလည်း ကွာခြားနိုင်တယ်။ တချို့ဒေသတွေမှာ တခြားဒေသတွေထက် အလားတူ ပဋိပစ္စည်း(Antibody) တွေ ပိုတွေ့နိုင်တယ်။ ဒီအတွက်တော့လွဲနိုင်တယ်။ တချို့ စစ်ဆေးမှုတွေက နည်းနေ၊ နိမ့်နေရင်လည်း ရှာမတွေ့ပြန် ဘူး။ လူငယ်တွေလို တချို့လူတွေကျတော့ ပဋိပစ္စည်း (Antibody )မထွက်ဘဲ ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်ကြတယ်။ ဒီလိုဆို ကူးစက်ခံထားရတာ မပေါ်ပြန်ဘူး။ ဒီတော့ စစ်တမ်းက ရလဒ်ကို အတော်လေးချင့်ယုံမှ ဖြစ် တယ်။
နိုင်ငံ ၁၉ နိုင်ငံက စစ်တမ်း ၂၇၉ ခု
ဒါပေမဲ့ နိုင်ငံအတော်များများမှာတော့ စစ်တမ်း ကရတဲ့ ကိန်းဂဏန်းနဲ့ အစိုးရထုတ်ပြန်တဲ့ ကိန်းဂဏန်း ကိုက်ညီအောင် လုပ်ဖို့လိုမယ်။ တရုတ်လို နိုင်ငံမျိုးမှာဆိုရင် လွတ်လွတ်လပ်လပ် ကောက်ယူနိုင်ဖို့ ခက်တာကြောင့် လက်ထဲရှိတဲ့ ကိန်းဂဏန်းကို အခြေခံပြီး တစ်ကမ္ဘာလုံး ကူးစက်ခံရမှုကို တိုက်ရိုက်တွက်ဆလို့မရဘူး။ သေတဲ့နှုန်း၊ ကူးစက်တဲ့နှုန်းနဲ့ ဘယ်လောက်တိုင်းတာနိုင်တယ်ဆိုတာ ကိုယ်စားသုံးဖို့၊ ပျမ်းမျှဝင်ငွေတို့နဲ့ စစ်တမ်းရလဒ်ရဲ့ လက်တွေ့ဆက်စပ်ပုံကို တိုင်းတာပြီး အချက်အလက်မရတဲ့ နိုင်ငံတွေအတွက် တွက်ချက်နိုင်သလို တစ်ကမ္ဘာလုံး စုစုပေါင်းကိုလည်း ခန့်မှန်းနိုင်ပါတယ်။ နိုင်ငံ ၁၉ နိုင်ငံက စစ်တမ်း ၂၇၉ ခုကို ကြည့်လိုက်တော့ ဇန်နဝါရီလကုန်မှာ တစ်နေ့ကို လူတစ်သန်းနှုန်းလောက် ကူးစက်ခံထားရတယ် ဆိုတာ တွေ့ရတယ်။ အဲဒီအချိန်ကဆိုရင် ကမ္ဘာကြီး တစ်ခုလုံးက ဗိုင်းရပ်စ်ပိုးရှိတယ်ဆိုတဲ့အကြောင်း ကြားဖူး ခါစပဲ ရှိသေးတယ်။
မေလရောက်တော့ တစ်နေ့ကို ငါးသန်းလောက် ဖြစ်နေပြီ။ ခန့်မှန်းချက် မသေချာတာက အများကြီးဖြစ်ပြီး မျက်မှောက်အချိန်ဆိုရင်ပိုဆိုးပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ လူဦးရေရဲ့ ၆ ဒသမ ၄ ရာခိုင်နှုန်းကနေ ၉ ဒသမ ၃ ရာခိုင်နှုန်း ကြားရှိတဲ့ ကမ္ဘာတစ်ဝန်းက လူသန်း ၅၀၀ နဲ့ သန်း ၇၃၀ ကြား ကူးစက်ပြီးပြီဆိုတဲ့ သဘောပါ။ ကိုယ့်ဘာသာ မခန့်မှန်းနိုင်သူတွေအတွက် အမြင့်ဆုံး ကမ္ဘာ့လူဦး ရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ရှိမယ်လို့ မှန်းဆနိုင်ပါ တယ်။
သွေးရည်ကြည်စစ်တမ်း
စစ်ဆေးလို့ရတဲ့ အရေအတွက်နဲ့ တိုက်ရိုက်နှိုင်းယှဉ် ရင် သွေးရည်ကြည်စစ်တမ်းကရတဲ့ ကိန်းဂဏန်းတွေဟာ အလွန်ကြီးမားနေတာကို တွေ့ရပါတယ်။ ကူးစက်တဲ့ သူနည်းပြီး သေသေချာချာ စစ်ဆေးနိုင်တဲ့ ဂျာမနီမှာ သွေး ရည်ကြည်စစ်တမ်းအရနှုန်းက ဩဂုတ်လမှာ စစ်ဆေးလို့ ရတာထက် ၄ ဒသမ ၅ဆ များနေတာကို တွေ့ရတယ်။ မင်နီဆိုတာပြည်နယ်မှာ ဇူလိုင်လက စစ်တမ်းကောက်ကြည့် တော့ ခုနစ်ဆတောင် များနေတာတွေ့ရတယ်။ ဩဂုတ်လ ၂၃ ရက်နေ့က အင်္ဂလန်မှာ စစ်တမ်းကောက်ကြည့်တာ ၆ ဒသမ ၀၂ ရာခိုင်နှုန်းဆိုတော့ ၁၂ဆ များနေတယ်။
အိန္ဒိယမှာ မေလလယ်ကနေ ဇွန်လအစောပိုင်းအထိ နိုင်ငံအဆင့် သွေးရည်ကြည်စစ်တမ်းကောက်ကြည့်တော့ ၀ ဒသမ ၇၃ ရာခိုင်နှုန်းဆိုလို့ လူဦးရေ ဆယ်သန်းပေါ့။ အဲဒီအချိန် မှတ်တမ်းတင်ထားတဲ့ ကူးစက်သူက ၂၂၆၇၁၃ ဦးပဲ ရှိတာဆိုတော့ ၄၄ဆတောင် များနေတယ်။ ဒီအတိုင်းဆို တစ်ကမ္ဘာလုံးအတွက်ရတဲ့ ကိန်းဂဏန်းက အဆနှစ်ဆယ် လောက် များနေနိုင်တယ်။ ရောဂါပိုးက ထင်တာထက် ပိုပျံ့နှံ့နေတယ်ဆိုရင် ချမ်းသာတဲ့နိုင်ငံတွေမှာ ကောက်ယူ လို့ရတဲ့ သေဆုံးတဲ့နှုန်းဟာ ပိုတောင် မနိမ့်နိုင်ဘူးလား။
ရောဂါပိုးရဲ့ အန္တရာယ်ကို လူတွေဘယ်လိုနားလည်ကြ သလဲလို့ ကိန်းဘရစ်ခ်ျ တက္ကသိုလ်ရဲ့ လေ့လာချက်မှာ သေဆုံးနိုင်တဲ့ နှုန်းက အသက်တစ်နှစ်ကြီးလေ ၁၃ ရာခိုင်နှုန်းတိုးလာလေဖြစ်ပြီး အသက် ၆၅နှစ်အရွယ်ရှိတဲ့ လူကြီးတစ်ယောက်ဟာ အသက် ၂၅နှစ်အရွယ်ရှိတဲ့ လူတစ် ယောက်ထက် သေဆုံးဖို့ ဖြစ်တန်စွမ်း အဆ ၁၀၀ရှိနေတာကို တွေ့ရတယ်။
ကမ္ဘာတစ်ဝန်းမှာ ၆၅ နှစ်အရွယ်တွေ တညီတညာ တည်း ပျံ့နှံ့နေတာတော့ မဟုတ်ဘူး။ ယမန်နှစ်က ဥရောပ သမဂ္ဂမှာ အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေ ၂၀ ဒသမ ၅ ရာခိုင်နှုန်း ရှိပေမယ့် အာဖရိက ဆာဟာရဒေသခွဲမှာတော့ သုံးရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ ကူးစက်တာရော၊ သေဆုံး တာရော ကိန်းဂဏန်းတွေက တမင်သက်သက် လျှော့တွက် ထားတာလည်း ဖြစ်နိုင်ပါတယ် ။ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ မစစ်ဆေးလိုက်ရဘဲ သေသွားတဲ့ လူတွေကလည်း အများကြီးရှိနေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့က ယမန်နှစ်က သေဆုံးသွားခဲ့တဲ့ အရေ အတွက်ကို အခြေခံပြီး ဒီနှစ် သေဆုံးတဲ့သူနဲ့ နှိုင်းယှဉ်လို့ အလားအလာကို တွက်တာပါ။
အခု ပြောတဲ့ ပိုလွန်သေဆုံးမှု နည်းလမ်းက တရားဝင် ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေမှာ သေဆုံးရခြင်းအကြောင်းနဲ့ ပတ်သက်လို့ ထုတ်မပြောတာ၊ အတွက်လွဲတာတွေ ရှိနေ တတ်ပေမယ့် တကယ်တမ်း သေဆုံးတာနဲ့ပတ်သက်လို့ တော့ မှားခဲပါတယ်။ ဘောဂဗေဒပညာရှင်တွေက အပတ် စဉ် ဒါမှမဟုတ် လစဉ် အစီရင်ခံတဲ့ အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးတဲ့ စာရင်းအင်းတွေကို အနောက်ဥရောပ နိုင်ငံအများစု၊ လက်တင်အမေရိကနိုင်ငံတချို့၊ အမေရိကန်၊ ရုရှား၊ တောင်အာဖရိက အပါအဝင် နိုင်ငံကြီးတချို့ကနေ ရယူစုစည်းခဲ့ပါတယ်။ မတ်လနဲ့ ဩဂုတ်လအတွင်းမှာ ဒီနိုင်ငံတွေက ကိုဗစ်ကြောင့် လူ ၅၈၀၀၀၀ သေဆုံးတယ်လို့ သိရပြီး ခါတိုင်းထက် ပိုတဲ့သေဆုံးသူက ၉၀၀၀၀၀ ရှိနေတာတွေ့ရတယ်။
အမြဲတမ်းလော့ဒ်ဒေါင်းချထားလို့ မရပါ
တရားဝင်ထုတ်ပြန်တာထက် ၅၅ ရာခိုင်နှုန်းပိုပြီး ကပ်ရောဂါကြောင့် သေဆုံးသလို ဖြစ်နေတယ်။ဒီ စိစစ်ချက်အရဆိုရင် အမေရိကန်ဟာ သေဆုံးတဲ့စာရင်းကို ၃၀ ရာခိုင်နှုန်းနဲ့အထက် လျှော့တွက်ထားသလိုဖြစ်နေတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက လည်း အဲဒီလိုပဲ ခန့်မှန်းတယ်။ ဆိုလိုတာက အမှန်တကယ် သေဆုံးတာဟာ နှစ်သိန်းမကဘဲ သုံးသိန်းနီးနီးဖြစ်မယ်။ နှစ်စဉ်သေဆုံးတဲ့ အမေရိကန် ၂ ဒသမ ၈ သန်းရဲ့ ၁၀ ရာခိုင် နှုန်း၊ ကင်ဆာဒဏ်ခံရသူရဲ့ တစ်ဝက်လောက် ရှိမယ်။ ၂၀၂၀ ပြည့်နှစ်က မကုန်သေးဘူး၊ ကျန်သေးတယ်။ စာရင်းကောင်း ကောင်းမရှိတဲ့ နိုင်ငံတွေက စာရင်းမပေါက်တဲ့ ခါတိုင်းထက် ပိုပြီး သေဆုံးတာကို တွက်ဖို့ ခက်တော့ ကပ်ရောဂါကြောင့် အမှန်တကယ် သေဆုံးတာဟာ လူဦးရေ နှစ်သန်းလောက် အထိ ရှိနေနိုင်တယ်။ နောက်ထပ်တိုးတာ နှေးသွားအောင် ဘာလုပ်နိုင်ကြမလဲ ကိုဗစ်ကို ပထမဆုံး လက်တုံ့ပြန်တာက လော့ဒ်ဒေါင်းတွေ အများကြီး လုပ်ပစ်လိုက်တာပါ။ ဧပြီလ ၁၀ ရက်နေ့ဆို အနည်းဆုံး လူ ၃ ဒသမ ၅ဘီလီယံ အိမ်မှာပဲ နေကြဖို့ နိုင်ငံအစိုးရတွေ၊ ဒေသန္တရ အစိုးရတွေက အမိန့်ပေး ခဲ့ကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်း မဖြစ်မီ ရောဂါပိုးမပျံ့နှံ့ဖို့ ရည်ရွယ်ပြီး လုပ်တာပါ။ တော်တော်လေးလည်း အောင်မြင်မှုရခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ အဖြေမဟုတ်သေးပါဘူး။ သူတို့ကြောင့် ရောဂါပိုးပျံ့နှံ့ တာကို နှေးသွားစေခဲ့ပေမယ့် အမြဲတမ်းလော့ဒ်ဒေါင်းချထား လို့ မရပါဘူး။
အသွားအလာ၊ အဝင်အထွက် ပိတ်ဆို့တာတွေ၊ လူအများကြီး မစုဝေးရတာတွေနဲ့ လူအချင်းချင်း ထိတွေ့မှု ကို လျော့စေတာဟာ လက်ရှိရောဂါရထားတဲ့သူတွေက လူသစ်တွေကို ကူးစက်မှု လျော့ကျရအောင် လုပ်တဲ့နည်း သုံးခုထဲက တစ်ခုပဲ ရှိပါသေးတယ်။
ဒုတိယနည်းက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံ ကြရာက ကူးစက်နိုင်တဲ့ အလားအလာကို လျှော့ချတာပါ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ခွာခွာနေကြရ မယ်၊ ကျန်းမာသန့်ရှင်းရေး အတွက် ဘယ်လိုလုပ်ရမယ်၊ နှာခေါင်းစွပ်တွေ မျက်နှာအကာတွေတပ်ပြီး ဘယ်လို တားဆီးကြရမယ်လို့ အမိန့်ထုတ်လိုက်နာခိုင်းတဲ့ နည်းပါ။
တတိယနည်းကတော့ ကူးစက်ခံထားရသူနဲ့ တခြားသူတွေ ထိတွေ့ဆက်ဆံတဲ့အချိန် နည်းသွား အောင်လုပ်တဲ့နည်းပါ။ ကူးစက်ခံထားရတဲ့သူတွေကို လိုက်လံရှာဖွေပြီး သူတို့ကို သီးခြားခွဲထားတဲ့ နည်းပေါ့။ ကူးစက်ခံထားရတဲ့သူတွေကတစ်ဆင့် ထပ်ပြီးကူးစက် ချိန်မရလေအောင်လုပ်ဖို့က မြန်မြန်ဆန်ဆန် သေသေ ချာချာ စစ်ဆေး၊ ထိတွေ့သူတွေကို ဖော်ထုတ် လုပ်ဖို့လိုပါ တယ်။ ကနေဒါ၊ တရုတ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ စင်ကာပူ အပါအဝင် နိုင်ငံတချို့ဟာ မြန်မြန်အဖြေရတဲ့ စစ်ဆေးမှု တွေကို ခိုင်မာပီပြင်တဲ့ ထိတွေ့သူတွေ ခြေရာကောက် နိုင်စွမ်း လိုအပ်တဲ့ အရေးယူမှု တွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းတွေနဲ့ ပေါင်းစပ်နိုင်ခဲ့ကြပါတယ်။ ကျန်တဲ့နိုင်ငံတွေကတော့ သိပ်အဆင်မပြေပါ ဘူး။
အစ္စရေးက နမူနာယူစရာ ကောင်းပါတယ်။ စောစောစီးစီး အင်တိုက်အား တိုက် လော့ဒ်ဒေါင်း လုပ်လိုက်တော့ ကူးစက်သူနည်းချင်တာကိုရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စမ်းသပ်ခြေရာ ကောက်တဲ့ စနစ် ဖြစ်မြောက်အောင် စောင့်ဆိုင်းနေရတဲ့အချိန်ကို ကောင်းကောင်း မသုံးနိုင်သလို လော့ဒ်ဒေါင်းက အထွက် ကိုလည်း သေသေချာချာစဉ်းစားမထားပါဘူး။
အသည်းအသန် ပိုးဖြန့်တဲ့သူတွေကို ဖိဖိစီးစီး ကိုင်တွယ်နိုင်ဖို့ဟာ ကူးစက်တဲ့နှုန်း ကျဆင်းအောင် လုပ်ရာမှာ အရေးပါပါတယ်။ နေရာကျဉ်းကျဉ်းလေးမှာ လူတွေအများကြီး ကျပ်ညပ်နေရင် တစ်ပြိုင်နက်တည်း လူတွေ ဒါဇင်နဲ့ ချီပြီး ကူးစက်နိုင်ပါတယ်။ မတ်လတုန်းက ဘော်စတွန် ဇီဝနည်းပညာ ကွန်ဖရင့်မှာ လူ ၁၀၀ လောက် ကူးစက်ခဲ့ပါတယ်။ သူတို့ကတစ်ဆင့် ဗိုင်းရပ်စ်ကို ထပ်ဖြန့်ကြတော့ လူနှစ်သောင်းလောက်အထိ ကူးစက် တာခံရကြောင်း တွေ့ရတယ်။
ထိတွေ့သူ ဖော်ထုတ်တာတွေ အများကြီးလုပ်ဖို့လိုစောစောစီးစီးကတည်းက နှိမ်နင်းနိုင်ဖို့ဆိုရင် ထိတွေ့သူ ဖော်ထုတ်တာတွေ အများကြီး လုပ်ဖို့လိုပါ တယ်။ တရုတ်(တိုင်ပေ) က လူတစ်ယောက် ပိုးတွေ့ပြီ ဆိုရင် ထိတွေ့သူ ၁၅ယောက်ကနေ ၂၀ လောက်အထိ လိုက်ရှာတယ်။ အင်္ဂလန်က လေး၊ ငါးယောက်လောက် လိုက်ရှာတယ်။ ပြင်သစ်နဲ့ စပိန်ကျတော့ သုံးယောက် တည်း။ လူတွေက စစချင်း လိုလိုချင်ချင် အစစ်ခံချင် တဲ့စိတ် ရှိဖို့လည်း လိုပါသေးတယ်။ အင်္ဂလန်မှာ ကူးစက် တဲ့ လက္ခဏာပြတဲ့သူ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အတွင်းသာ အစိုးရကျန်းမာရေးဌာနမှာ လာပြီးအစစ် ဆေးခံကြတယ်။ ပိုးတွေ့ရင် တစ်ယောက်တည်း ကိုယ့်ဘာသာနေရမှာ ကြောက်ကြတာကိုး။ တားမြစ်တာ တွေ လိုက်နာချင်သူက ခပ်ရှားရှား။ လူတချို့ပဲ လိုက်နာကြတာ။ မေလ အစောပိုင်းက အင်္ဂလန်မှာလုပ် တဲ့စစ်တမ်းအရ ကိုဗစ် လက္ခဏာပြတဲ့သူ ငါးပုံ တစ်ပုံကပဲ တစ်ယောက်တည်း သီးခြားနေဖို့ လိုအပ်တဲ့ သတ်မှတ်ချက်ကို အတိအကျ လိုက်နာကြတာတွေ့ရ တယ်။ အခုတော့ အစိုးရက မလိုက်နာရင် ပေါင် တစ်သောင်း ဒဏ်တပ်မယ်လို့ လုပ်နေ တယ်။ အဲသလိုဆို ပိုပြီးတောင် အစစ်ခံချင်ကြမှာ မဟုတ်ပါဘူး။
ဥရောပဒေသအတော်များများမှာ လော့ဒ်ဒေါင်းစလုပ် တော့လည်း ပြဿနာက ပြေလည်မသွားလို့ ဆွီဒင် လုပ်ပုံလုပ်နည်းကို စိတ်ဝင်စားနေကြပြန်တယ်။ ဥရောပ နိုင်ငံအတော်များများနဲ့ မတူတာက ဆွီဒင်မှာ ဘယ်တုန်း ကမှ လော့ဒ်ဒေါင်းမလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတဲ့ နည်းကိုပဲ ကျင့်သုံးခဲ့ပါ တယ်။ ဒါကြောင့်အိမ်နီးချင်း နောဒစ်နိုင်ငံတွေထက် သေဆုံးတဲ့နှုန်း မြင့်မားခဲ့ပါတယ်။ လူတစ်သိန်းမှာ ၅၈ ဦးကျော် ရှိပါတယ်။ ဒိန်းမတ်မှာ ၁၁ ဦးကျော်၊ ဖင်လန်မှာ ခြောက်ဦးကျော်နဲ့ နော်ဝေမှာ ငါးဦးနီးနီး ရှိပါတယ်။ လူအများကြီးသေပေမယ့် ဆွီဒင်မှာ စီးပွား ရေးအရ ဘယ်လိုထိခိုက်သလဲဆိုတာ ပြောဖို့တော့ ခက်ပါ တယ်။ ဒုတိယ သုံးလပတ်မှာ တခြားနိုင်ငံတွေလိုပဲ ဂျီဒီပီ ကျလို့ပါ။
ဆွီဒင်မှာ စောစောစီးစီးလူတွေအများကြီး သေလိုက် တာ နောက်ပိုင်းကျတော့ နည်းသလိုဖြစ်သွားတယ်လို့ လက်ခံနိုင်ပါတယ်။ အကြောင်းနှစ်ခုကြောင့်ပါ။ စောစော စီးစီး သေဆုံးတဲ့သူများသွားတော့ သေမယ့်လူသိပ်မကျန် တော့ဘူး။ ပြီးတော့ အုပ်စုလိုက် ခံနိုင်ရည် မြင့်သွားစေ တယ်။ ကူးစက်မှုဒဏ်ကနေ ရှင်သန်ကျန်ရစ်သူတွေများ လာတော့ ရောဂါပြန့်ပွားတာ နှေးသွားတယ်။ ကူးစက် ခံရသူနဲ့ သံသယရှိသူတွေထိတွေ့တာ နည်းသွား တယ်။
လူနာတွေကို စီမံခန့်ခွဲ စောင့်ရှောက်တာ ပိုကောင်းလာလို့က အဓိကကျ
လော့ဒ်ဒေါင်းလုပ်တာက စစ်ဆေးခြေရာ ကောက်တဲ့စနစ် လုပ်ချိန်ရရုံမကဘူး၊ ဆရာဝန်တွေက လူနာကို ကုသချိန်ရတယ်။ ကျန်းမာရေးစနစ် ကောင်း တဲ့နေရာတွေမှာ ကိုဗစ်ပိုး ကူးစက်ခံရရင် အခုဆို လွန်ခဲ့ တဲ့ ခြောက်လကထက် အန္တရာယ်ပိုနည်းတယ်။ ကိုဗစ်- ၁၉နဲ့ ဆေးရုံတက်တဲ့ လူနာ ၆၈၀၀၀ ကို သုတေသန လုပ်ကြည့်တော့ သူတို့ ရှင်သန်ကျန်ရစ်တဲ့နှုန်းဟာ မတ်လတုန်းက ၆၆ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ဩဂုတ်လ ကျတော့ ၈၄ ရာခိုင်နှုန်းလောက်အထိ တက်လာတာ တွေ့ရ တယ်။ ဗြိတိန်က အသည်းအသန်စောင့်ကြည့်ရတဲ့ အသက်ခြောက် ဆယ်ကျော်သူတွေမှာ ရှင်သန်ကျန်ရစ်တဲ့ နှုန်းက ၃၉ ရာခိုင်နှုန်းကနေ ၅၈ ရာခိုင်နှုန်းကို တက်လာ တာ တွေ့ရတယ်။
အခုလိုတိုးတက်လာတာဟာ လူနာတွေကို စီမံ ခန့်ခွဲ စောင့်ရှောက်တာ ပိုကောင်းလာလို့က အဓိကကျတယ်။ လူနာတွေကို စောစောစီးစီး အောက်ဆီဂျင်ပေးနိုင်ရင် အထောက်အကူ ဖြစ်တယ်။ အသက်ရှူစက်ကို ထိန်းပြီး သုံးတာ၊ အဆုတ်အပြင်မှာ သွေးကြောတွေ ပိတ်သွားနိုင် တာမျိုးလိုဖြစ်နေတဲ့ ရောဂါရဲ့အကျိုးဆက်တွေကို သတိထားမိတာတွေကလည်း အထောက်အကူ ဖြစ်ပါ တယ်။၊
ကုသတဲ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့် အလွယ် တကူရနိုင်တဲ့ steroids နှစ်မျိုး - dexamethasone နဲ့ hydrocortisone ဟာ ရောင်ရမ်းတာတွေကို လျော့စေပြီး အသက်ရှင်သန်ဖို့ အလားအလာကို ပိုများစေပါတယ်။ ဂျပန်တုပ်ကွေးဆေး Avigan ကလည်း နာလန်ထတာကို မြန်စေနိုင်ပါတယ်။ ရောဂါကနေ လွတ်မြောက်လာတဲ့ သူတွေဆီကရတဲ့ ပဋိပစ္စည်းနဲ့ convalescent plasma၊ တခြားဗိုင်းရပ်စ်တွေကို တိုက်ခိုက်ဖို့ လုပ်ထားတဲ့ဆေး Remdesivir က နည်းနည်းပဲ အကျိုးရှိနိုင်ပါတယ်။
ဇီဝနည်းပညာ ကုမ္ပဏီတွေက အခုကိစ္စအတွက် ထုတ်လုပ်ထားတဲ့ ဇီဝပစ္စည်းတွေက ပိုပြီး အလားအလာ ကောင်းနိုင်တယ်လို့ တွက်ဆကြပါတယ်။ သူတို့ဆေးက အီဘိုလာကို ကုသရာမှာ ထူးထူးခြားခြား ဆောင်ရွက်နိုင်ခဲ့ တာကို တွေ့ရပါတယ်။ အမေရိကန်အစိုးရက အလားအလာကောင်းတဲ့ ပဋိပစ္စည်းကုထုံးဆေးနှစ်မျိုး ရရှိဖို့အတွက် ဒေါ်လာ သန်း၄၅၀ ထုတ်ပေးထားပါတယ်။ လူနာခံစားနေရတဲ့ ရောဂါအဆင့်အလိုက် လူနာ ခုနစ် သောင်းကနေ သုံးသိန်းအထိ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ဖို့လည်း Regeneronနဲ့ Roche ဆေးကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ ဒါပေမဲ့ ပဋိပစ္စည်းတွေဟာ ဈေးကြီးနေကြပါ ဦးမယ်။ အကြောဆေးဖြစ်နေလို့လည်း သူ့ရဲ့ အသုံးဝင်မှုဟာ အကန့်အသတ် ရှိနေပါတယ်။
ဥရောပမှာ ကူးစက်တာတွေ့ရသူ အရေအတွက်က ဒုတိယလှိုင်းလို့ မြင်ကြရသလို တစ်ချိန်လုံး ထိုးတက်နေ ပေမယ့် သေဆုံးတဲ့သူတော့ ဒီလောက်မတက်ဘူး။ စောင့် ရှောက်ကုသတာတွေ ပိုကောင်းလာလို့လား။ တကယ့်ကို သေဆုံးမှုက သိသိသာသာ မလှုပ်ရှားပါဘူး။ ပထမလှိုင်း တုန်းက သိပ်မစစ်ဆေးနိုင်လို့ ကူးစက်တာ အတော်များများ ကို လွတ်သွားတာ ဖြစ်နိုင်တယ် ။ အခုကျ အများကြီး စမ်းသပ်စစ်ဆေးနိုင်လို့ ကူးစက်တာ အတော်များများ မိတယ်။ အဲဒီလိုဆိုရင် ပထမလှိုင်းက အခုထက် အများ ကြီး ပိုကြီးတာ တွေ့ရမယ်။ ဒါကြောင့် ခုအချိန်မှာ သေတဲ့ နှုန်းကျတာ သိပ်မဆန်းပါဘူး။
လာမယ့်ဆောင်းရာသီအတွက်တော့ စိတ်ပူစရာကောင်းတယ်
ဘာပဲဖြစ်ဖြစ် လာမယ့်ဆောင်းရာသီအတွက်တော့ စိတ်ပူစရာကောင်းတယ် ။ ပြန့်ပွားတဲ့နှုန်းက သိသိသာသာ ကျော်ရင် တိုးတက်ပြန့်ပွားတာ သိသိသာသာ အဆပေါင်း များစွာ တိုးပွားလာနိုင်တယ်။ ခြေကုန်လက်ပန်းကျတာ မျိုးဖြစ်ပြီး စောစောပိုင်းက ဆင်ဆင်ခြင်ခြင်နေတာတွေ နဂိုအတိုင်း ပြန်ဖြစ်သွားနိုင်တယ်။ တခြားပြည်သူ့ ကျန်းမာရေးအစီအစဉ်တွေကိုလည်း မကျေမနပ် ဖြစ်တာ တွေ တိုးပွားလာနိုင်တယ်။
ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာ ပြည်သူလူထုသဘော ထားကောက်ခံတဲ့ အဖွဲ့တစ်ခုရဲ့ လေ့လာချက်အရ ကွာရန် တင်းဝင်နေသူတွေကို ဝိုင်းဝန်းကူညီကြတာ အာရှမှာ နည်းနည်းလျော့ကျလာပြီး အနောက်နိုင်ငံတွေမှာ ၇၈ ရာခိုင်နှုန်းကနေ ၆၃ရာခိုင်နှုန်းအထိ လျော့ကျလာတာကို တွေ့ရတယ်။ အမေရိကန်မှာတော့ ၅၅ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။
ဆေးတွေရဲ့ ထိရောက်မှု စမ်းသပ်
အခုအခါမှာ အများအားဖြင့် လူငယ်တွေအကြား ကူးစက်နှုန်းတက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ လူငယ် တွေချည်းမဟုတ်ပါဘူး။ ပြင်သစ်နိုင်ငံ မာဆေးလ် အပါအဝင် လေ့လာချက်တစ်ရပ်မှာ လူငယ်တွေ ကူးစက် တာ များလာရာကနေ ရက်သတ္တတစ်ပတ် အနည်းငယ် အတွင်း အသက်အရွယ်အမျိုးမျိုးမှာ တိုးလာတာကို တွေ့ရတယ်။ အဲဒီလို တိုးတာတွေအတွက် ပိုကြောက် လာကြသလို ခပ်ကြာကြာ ထပ်တလဲလဲမဖြစ်ဖို့လည်း ဆုတောင်းကြရတာပါပဲ။ ဆေးတွေရဲ့ ထိရောက်မှု စမ်းသပ်ရာမှာ အလားအလာကောင်းနေတဲ့ Pfizer ဆေးကုမ္ပဏီက ကနဦးရလဒ်အတွက် အောက်တိုဘာလမှာ အစစ်ဆေးခံဖို့ ကြိုးစားမယ်လို့ ပြောခဲ့ပေမယ့် အမေရိကန် အစားအစာနဲ့ ဆေးဝါးဌာနက စံချိန်စံညွှန်းအသစ်တွေ အရဆိုရင် အမေရိကန်မှာ ဒီလောက်မမြန်နိုင်ပါဘူး။ တခြား ဆေးကုမ္ပဏီသုံးခု AstraZeneca၊ Moderna၊ j&j ကလည်း အမီလိုက်နေကြပါတယ်။ ကုမ္ပဏီအသစ် j&j က စက်တင်ဘာလ ၂၃ ရက်နေ့ကျမှ စပြီး စမ်းသပ်နိုင်တယ်။ တခြား ဆေးတွေက တစ်လကြာရင် ထပ်ထိုးရမှာဖြစ်ပေမယ့် သူတို့က တစ်ခါပဲထိုးရမယ်တဲ့။ ဒီတော့ စမ်းသပ်ရတာ လည်း ပိုမြန်ပြီး နိုဝင်ဘာလလောက်မှာ ကနဦးရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။
နောက်နှစ် ပထမ သုံးလပတ်အထိ ဘယ်ဆေးကုမ္ပဏီ မှ သူတို့ပြင်ဆင်နေတဲ့ စမ်းသပ်မှုဆိုင်ရာ အချက်အလက်တွေ ထွက်ပေါ်မလာနိုင်ပါဘူး။ ဒါပေမဲ့ အရေးပေါ်အခြေအနေ မှာ ကြားဖြတ်စိစစ်သုံးသပ်ချက်အပေါ် အခြေခံပြီး အနိမ့် ဆုံးစံချိန်စံညွှန်းနဲ့ ကိုက်ညီတယ်ဆိုရင် အာဏာပိုင်တွေက ခွင့်ပြုပေးနိုင်ပါတယ်။ (ဆေးထိုးထားတဲ့သူတစ်ဝက်ကို အကာအကွယ်ပေးနိုင်တယ် ဆိုရင်ပေါ့) အဲဒီလို သတ်မှတ် ချက်တွေနဲ့ ခွင့်ပြုပေးလိုက်တာဟာ တရုတ်တို့၊ ရုရှားတို့ မှာ ထိရောက်မှု ရှိ၊ မရှိ သေသေချာချာ မစမ်းသပ်ရသေးဘဲ လောလောဆယ် သုံးနေကြတဲ့ ဆေးတွေထက် ပိုပြီး စိတ်ချရပါတယ်။ သမ္မတရွေးကောက်ပွဲနီးနေတော့ အမေရိကန်တွေက စံချိန်စံညွှန်းသတ်မှတ်ချက်ကို လျှော့ချပြီး ခွင့်ပြုလိုက်မှာလည်း စိုးရသေးတယ်။ သုံးလို့ ရရုံလောက်ဆေးဖြစ်နေရင် ဆေးအားကိုးနဲ့ လူတွေ ခပ်ခွာခွာလည်းနေကြတော့မှာမဟုတ်၊ ကူးစက်တာတွေ လည်းများလာမယ်။ ဆေးကောင်းပေမယ့် နိုင်ငံရေးအရ အကျိုးမရှိလို့ဆိုပြီး တားထားပြန်ရင်လည်း ကျယ်ကျယ် ပြန့်ပြန့် သုံးသင့်သလောက် မသုံးနိုင်ကြပြန်ဘူး။
ဆေးရဖို့ကတော့ ကြာဦးမှာပါ
ဘယ်လိုပဲ အတည်ပြုပြု လက်တွေ့ ဆေးရဖို့က တော့ ကြာဦးမှာပါ။ ရေရှည်မှာ ဆေးက သန်းထောင်ချီ လိုမှာ။ Covax ဆိုတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ညွန့်ပေါင်းအဖွဲ့က ၂၀၂၁ ခုနှစ်အကုန်မှာ သန်းနှစ်ထောင်လောက် ဖြန့်ချင်ပါ သတဲ့။ လူသန်းတစ်ထောင်ကို နှစ်ကြိမ်ထိုးဖို့ပေါ့။ ကမ္ဘာ ပေါ်မှာ အကြီးကျယ်ဆုံး ဆေးဝါးထုတ်လုပ်တဲ့အိန္ဒိယ နိုင်ငံ Serum Institute ကတော့ အစောဆုံး ၂၀၂၄ ခုနှစ် မတိုင်မီ တစ်ကမ္ဘာလုံးအတွက် လုံလောက်အောင် မထုတ်လုပ်နိုင်ဘူးလို့ သတိပေးတယ်။
အစစအရာရာ အဆင်ပြေချောမွေ့သွားရင်တောင်မှ ရှေ့တန်းတိုက်စစ်မှူး ကျန်းမာရေးဝန်ထမ်း လူနည်း နည်းထက် ပိုပြီး ဒီနှစ်ထဲမှာ ပေးနိုင်ဖို့မလွယ်ပါဘူး။ ဒါပေမဲ့ ဆေးတွေစောစောထွက်လာလေ ကောင်းလေ ပေါ့။ နည်းနည်းပဲ ထိုးပေးနိုင်ပေမယ့် ခပ်စောစောလေး ထိုးပေးနိုင်ရင် နောက်ကျပြီး အကြီးအကျယ် ထိုးပေး နိုင်တာထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ လူတွေက အနေအထိုင် မဆင်ခြင်ကြရင် ကူးစက်တာ မြန်သွားနိုင် ပါတယ်။
နောက်နှစ် ဆောင်းရာသီလောက်ရောက်ရင် ချမ်းသာတဲ့နိုင်ငံတွေမှာ ကိုဗစ်အခြေအနေ ပိုကောင်း သွားလောက်ပါပြီ။ ထိုးဆေးတွေက ဘယ်လောက်အတိုင်း အတာအထိ ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိအောင် လုပ်ပေးနိုင်သလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ အားလုံး စင်းလုံးချော ဖြစ်မယ်လို့တော့ ဘယ်သူမှ တွက် မထားဘူး။ ဘယ်လောက် ရောဂါကင်းကြမလဲ၊ လုံခြုံမှု ရကြမလဲဆိုတာ နိုင်ငံအတွင်းမှာရော၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြားမှာရော တန်းတူဖြစ်မှာတော့ မဟုတ်ဘူး။ တချို့ လူတွေ အနေနဲ့ ထိုးဆေးမထိုးကြရလို့ ကိုယ်ချစ်တဲ့သူတွေ ဆုံးပါးသွားတာကိုလည်း တွေ့မြင်ကြ ရမယ်။ ဒီလို ဆုံးရှုံးမှုတွေ အနည်းဆုံးဖြစ်အောင် လျော့ ကျနိုင်ဖို့က ခါတိုင်းထက် ပိုကြိုးစားပြီး လူများများကို မြန်မြန်ဆေးထိုးပေးနိုင်ဖို့ လိုပါတယ်။ အခုလို လုပ်ဖို့က အဖွဲ့အစည်းတွေအတွက် ဧရာမ စိန်ခေါ်မှုကြီး ပါ။ ဒီနှစ် အတွေ့အကြုံအရဆိုရင် တချို့ အစိုးရတွေက တခြား အစိုးရတွေထက်ပိုကောင်းအောင် လုပ်နိုင်ပါလိမ့် မယ်။ ။
ရည်ညွှန်း - အီကောနောမစ်
- Log in to post comments