ကိုဗစ်-၁၉ မျိုးကွဲသစ်ကာကွယ်ရေး နေထိုင်မှုပုံစံသစ်ကို ဆက်လက်လိုက်နာ

 

မြန်မာနိုင်ငံတွင်   ကိုဗစ် - ၁၉  ရောဂါ  ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု ရာခိုင်နှုန်းကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ၁ ရာခိုင်နှုန်း၏အောက်သို့ ရောက်ရှိနေသည်မှာ ရက်ပေါင်း ၆၀ နီးနီး ရှိနေပြီဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင်   ကိုဗစ် - ၁၉  ရောဂါ   ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည့်အပြင်   ထပ်မံထွက်ပေါ်လာသည့် အိုမီခရွန်၏ မျိုးကွဲသစ်ကလည်း လျင်လျင်မြန်မြန် ကူးစက် ပျံ့နှံ့လျက်ရှိသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း ကူးစက် မှုများ  မြင့်တက်မလာစေရေး  အထူးဂရုပြုရန်  လိုအပ်လာ သည်။

 


ကမ္ဘာ့စီးပွားရေးထိပ်တန်း    အင်အားကြီးနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ မြင့်တက်နေ့သည့် သတင်း များကို  ယခုရက်ပိုင်းအတွင်း  နိုင်ငံတကာသတင်းများတွင် တွေ့မြင်ရသည်။  အမေရိကန်ပြည်ထောင်စုတွင်   အိုမီခရွန် မျိုးကွဲသစ်    XBB.1.5   သည်   လျင်မြန်စွာ    ကူးစက်ပျံ့နှံ့ လျက်ရှိပြီး ဆိုးရွားသည့် နောက်ထပ်ကူးစက်မှုလှိုင်း ဖြစ်ပေါ် နိုင်ကြောင်း သတိပေးထားသည့်အပြင် ကမ္ဘာအနှံ့သို့လည်း လျင်မြန်သည့်နှုန်းဖြင့် ကူးစက်သွားနိုင်သည်ဟု ခန့်မှန်းလျက် ရှိသည်။ ဂျပန်နိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှစ်ကြိမ်မြောက်လှိုင်းနှင့် ကြုံတွေ့နေရပြီး ရောဂါကြောင့် နေ့စဉ် သေဆုံးသူဦးရေ ၄၀၀ ကျော်ရှိကြောင်းနှင့် သေဆုံးသူ စံချိန်တင်များပြားလာကြောင်း သတင်းမှာလည်း မယုံနိုင် စရာပင်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် မြန်မာ့အိမ်နီးချင်း နိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုပမာဏအကြီးဆုံးနိုင်ငံဖြစ် သည့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း  ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်နေကြောင်း သတင်း ကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်မစတင် နိုင်သေးသည်မှာလည်း သတိပြုဖွယ်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် စီးပွားရေးအင်အား ထိပ်ဆုံးနိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများက မြန်မာနိုင်ငံကဲ့သို့သော အားနည်းသည့်   နိုင်ငံတစ်နိုင်ငံအနေဖြင့်  ရောဂါကူးစက်မှု ၁  ရာခိုင်နှုန်းအောက်   လျော့ကျနေခြင်းအပေါ်တွင်  စိတ်ချ ပေါ့လျော့မနေရန် တပ်လှန့်နေခြင်းပင်ဖြစ်သည်။

 


ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရပ်ရပ်နှင့်  စပ်လျဉ်း၍ မီဒီယာ နည်းလမ်းများဖြင့်    နေ့စဉ်ထုတ်ပြန်    အသိပေးလျက်ရှိသည့် အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူရေး၊   ထပ်ဆောင်းကာကွယ်ဆေးများ   ထိုးနှံမှုခံယူရေး တို့အတွက်လည်း  စဉ်ဆက်မပြတ်  ဆော်ဩလျက်ရှိသည်။ စတင်ဖြစ်ပေါ်လာချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါသည်   မျိုးဗီဇကွဲ များ   တစ်မျိုးပြီးတစ်မျိုး   ပြောင်းလဲပြီး  ဆက်လက်ကူးစက် ပျံ့နှံ့နေခြင်းဖြစ်ရာ နေထိုင်မှုပုံစံသစ်(New Normal)နည်းလမ်း ကို ကျင့်သုံး၍ ဆက်လက်နေထိုင်သွားကြ ရဦးမည်ဖြစ်သည်။

 


မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း နေ့စဉ် ၁ ရာခိုင်နှုန်းအောက်တွင်  ရောက်ရှိနေခြင်းနှင့် ရောဂါကြောင့် အသေအပျောက်မရှိခြင်းတို့သည်  ကျေနပ်ဖွယ်ရာဖြစ်သော် လည်း  ပြည်ပမှ  ဝင်ရောက်လာနိုင်ဖွယ်ရှိသည့်  ကိုဗစ်-၁၉ ရောဂါ    မျိုးကွဲသစ်များနှင့်     ကူးစက်ပျံ့နှံ့မှုလှိုင်းများမှ လွတ်ကင်းနိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံမှု ခံယူ ခြင်းနှင့် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်း လိုက်နာ ခြင်းတို့ကို အလေးအနက်ကျင့်သုံးကြစေရေး အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်း။          ။