အယ်ဒီတာ့အာဘော်
============
ကိုဗစ်-၁၉ နှင့်အတူ အားလုံးသတိမူနေထိုင်
========================
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေသည် ယခုအခါ ဒုတိယလှိုင်း ဟု ခေါ်ဆိုနိုင်ပြီး နောင်များတွင်လည်း ကူးစက်မှုလှိုင်းများ ရှိလာနိုင်သေး သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ နှင့်အတူ နေထိုင်နေရ သည့် သဘောရှိသဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များအား အလေးအနက်ထားကာ ဆက်လက်လိုက်နာဆောင်ရွက်ကြ ရန် အထူးလိုအပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထိရောက်အစွမ်းထက်သော ကာကွယ်ဆေးများပေါ်ထွက်လာပြီး ပြည်သူအများစု ကာကွယ်ဆေး ထိုးနှံ ပြီးမှသာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလှိုင်းများ ထပ်မံမဖြစ်ပွားတော့ဘဲ စိတ်ချလက်ချနေနိုင်မည်ဖြစ်သည်။ လက်ရှိ၌ ကိုဗစ်-၁၉ ရောဂါနှင့်အတူ အထူးသတိပြုနေထိုင်တတ်ရမည့် အလေ့အကျင့်ရှိရမည်ဖြစ်သည်။ ယခု အချိန်၌ ကိုဗစ်-၁၉ ရောဂါကို အကောင်းဆုံးကာကွယ်၊ ထိန်းချုပ်နိုင်သည့် နည်းလမ်းမှာ နေအိမ်တွင်သာနေထိုင်ခြင်းနှင့် မဖြစ်မနေပြင်ပကိုသွားရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ရန် လိုအပ်ပေသည်။ ယခုအခါ လူအများစု သည် အိမ်ပြင်ထွက်လျှင် နှာခေါင်းစည်းကို တပ်ဆင်သည့် အလေ့အထရှိနေ ကြပြီး အချို့ လူများအနေဖြင့် နှာခေါင်းစည်းမတပ်ခြင်း၊ နှာခေါင်းစည်းကို ဝတ်ကျေတန်းကျေ တပ်ဆင်ခြင်းတို့ ပြုလုပ်နေဆဲရှိသည်ကို တွေ့ရသည်။
ပြည်သူများအား အိမ်ပြင်မထွက်ရန် အသိပေးနေရခြင်းမှာ ရောဂါ ကူးစက်ရန် အန္တရာယ်ကြီးမားသည့် ပြင်ပတွင် နှာခေါင်းစည်းမတပ်ဘဲ လှုပ်ရှားသွားလာ လုပ်ကိုင်နေသူများ ရှိနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်တိုဘာလ ၅ ရက်တွင် ပြည်သူ များသို့ အစီရင်ခံတင်ပြရာ၌ “Mask မတပ်ဘဲ ဈေးတွေ၊ လူစုလူဝေးရှိတဲ့ နေရာတွေ သွားတဲ့သူတွေကို Mask တပ်ရမယ့်နေရာ တပ်ပါဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနကနေပြီး စည်းကမ်းချက် ထုတ်ထားတဲ့နေရာတွေမှာ Mask မတပ်ရင် ခုဆိုရင်စပြီး ငွေဒဏ်ရိုက်မှာဖြစ်ပါတယ်။ ငွေဒဏ်အများကြီး မရိုက်ပါဘူး။ ဒီလိုငွေဒဏ်ရိုက်တယ်ဆိုတာလည်း ပြည်သူတွေ ဒုက္ခပေးချင်လို့ မဟုတ်ပါဘူး။ ဒီအချိန်မှာ ကျွန်မတို့နိုင်ငံ တခြားနိုင်ငံများနည်းတူ စီးပွားရေး အကျပ်အတည်းတွေ ရှိတယ်ဆိုတာလည်း ကျွန်မတို့နားလည်ပါတယ်။ ဒီလိုစီးပွားရေးအကျပ်အတည်းတွေ ရှိတဲ့အချိန်မှာ ပိုပြီးတော့ ပြည်သူတွေ အတွက် မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ မပေးချင်ပါဘူး။ ဒါပေမယ့်လည်း ဒါဟာ အရေးကြီးတယ်ဆိုတာ နားလည်စေချင်ပါတယ်။ ဒါကြောင့် ငွေဒဏ် ရိုက်မယ်”ဟု အသိပေးပြောကြားထားသည်။
ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးဘက် တွင် ထိခိုက်နစ်နာမကျဆင်းစေရေးအတွက် မည်သို့ဆောင်ရွက်ရန် စဉ်းစား ကြသောအခါတွင် ပထမဦးစွာ စဉ်းစားမိသောအချက်မှာ လူအများ
နှာခေါင်းစည်းတပ်သည့် အလေ့အကျင့်ဖြစ်အောင်လုပ်ရမည်ဟု ဆိုကြသည်။ မှန်ပါသည်။ ကိုဗစ်-၁၉ နှင့်အတူ ရင်ဆိုင်နေထိုင်ရသောအခါ တစ်ဦးနှင့် တစ်ဦး ရောဂါကူးစက်ခြင်းမရှိစေရန်အတွက် နှာခေါင်းစည်းတပ်ဆင်ထားခြင်း သည်သာ အကောင်းဆုံးဖြစ်ပေသည်။ ယခုအခါ နှာခေါင်းစည်းတစ်ခုမှာ တန်ဖိုးအနည်းငယ်မျှသာရှိပြီး ဖောဖောသီသီသုံးစွဲနေနိုင်သည်။
နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ကို ခဏခဏဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ရန်စသည့် အခြေခံအလေ့အကျင့်များကို ယဉ်ကျေးမှု သဖွယ် လိုက်နာလုပ်ဆောင်ကြရန် လိုအပ်ပေသည်။
ကိုဗစ်-၁၉ ရောဂါကို အပြီးတိုင် ကာကွယ်တွန်းလှန်နိုင်ရန်အတွက် ကာကွယ်ဆေးပေါ်ပေါက်ရရှိရန်လိုအပ်ရာ ကာကွယ်ဆေးကို ယခုနှစ်ကုန်ခန့် တွင် ရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ် ဆေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေပြီး ကာကွယ်ဆေးထုတ်သည့် မိတ်ဆွေနိုင်ငံများကို ချဉ်းကပ်ထားသည်။ ပြည်သူပြည်သားများ စိတ်ချလုံခြုံ စွာဖြင့် နေထိုင်နိုင်ရန်အတွက် ကာကွယ်ဆေးရရှိရေး၊ စနစ်တကျအသုံးပြုရေး တို့ကို နိုင်ငံတော်အစိုးရက အလေးအနက်ထား ကြိုးပမ်းအားထုတ်လျက် ရှိသည်။ ပြည်သူများအနေဖြင့် ကာကွယ်ဆေးမရမီစပ်ကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လိုက်နာရမည့်အချက်များကို ယဉ်ကျေးမှုသဖွယ် အားလုံး တိတိကျကျ လိုက်နာလုပ်ဆောင်ကြပြီး ကိုဗစ်-၁၉ နှင့်အတူ ရောဂါကူးစက်မှု အန္တရာယ်မရှိအောင် နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလတွင် ပြည်သူများ ရောဂါကူးစက်မှုအန္တရာယ်ကင်းဝေးရေးအတွက် နေအိမ်တွင်နေပါ၊ နှာခေါင်း စည်းတပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေထိုင်ပါဟူသော အချက်များကို အလေးထားလိုက်နာကျင့်သုံးကြရန်လိုအပ်ပြီး နိုင်ငံတော်အစိုးရ၏ ပြည်သူ လူထုအား အလေးထား၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို အလေးအနက် ယုံကြည်ထားခြင်း၊ စိတ်ရှည်သည်းခံကာ နားလည်မှုရှိရှိ အတူပူးပေါင်းလက်တွဲ ဆောင်ရွက်ကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အောင်နိုင်အောင် ကြိုးစားကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။