ကိုဗစ်-၁၉ ရောဂါ စိန်ခေါ်မှုကို စုပေါင်းကျော်လွှား

လက်ရှိကာလတွင်   တိုင်းဒေသကြီးနှင့်   ပြည်နယ်အများစု၌   ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် ယခင်ထက်စာလျှင် ၄၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည်ကို တွေ့ရပြီး  အချို့သောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ ရောဂါဖြစ်ပွားနှုန်း တန်းနေခြင်းမျိုးကို တွေ့ရှိနေရသည်။ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးကို မနားမနေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများကလည်း ကိုယ့်နည်းကိုယ့်ဟန် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

 


ထို့ကြောင့် ယခုလက်ရှိ ရောဂါဖြစ်ပွားနေမှု၏ လျော့ကျနေခြင်းနှင့် တန်းနေ ခြင်း၏ အခြေအနေကောင်းများကို  ဆက်လက်ထိန်းသိမ်းပြီး   ရောဂါကျဆင်းလာ အောင် ဝိုင်းဝန်းကြိုးပမ်း  ပိုမိုအားစိုက်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုအခါတွင် ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိနေသည်ကို အကြောင်းပြု၍  ပိုးတွေ့လူနာများ အနေဖြင့် မိမိတို့နေအိမ်တွင်သာ မိမိတို့နည်းလမ်းဖြင့် ကုသမှုများပြားနေသည်ကို တွေ့ရသည်။ နေအိမ်တွင်ကုသခြင်းသည်  ရောဂါကြောင့်  သေဆုံးနှုန်းဖြစ်ပေါ်မှုကို မြင့်မားစေနိုင်သလို အိမ်တွင်းမိသားစုများ ရောဂါကူးစက်နှုန်းကိုလည်း မြင့်မားစေ နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

 


ယခုအခါတွင် အောက်ဆီဂျင်ရရှိရေးကို နိုင်ငံတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်း များက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် အောက်ဆီ ဂျင်များ ဖြန့်ခွဲရောက်ရှိလာရာ လိုအပ်ချက်များလျော့ကျလာသည်ကို ဝမ်းမြောက် ဖွယ်တွေ့ရှိရသည်။ ကျန်းမာရေးကဏ္ဍ  ဆေးရုံများအပိုင်းကလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး  ပုဂ္ဂလိကကဏ္ဍနှင့်ပါ  ပူးပေါင်းဆောင်ရွက်လျက် ရှိရာ  ရောဂါကူးစက်မှုဖြစ်ပွားပါက  စနစ်တကျကုသစောင့်ရှောက်မှု   ခံယူကြရန် အရေးကြီးသည်။ အထူးသဖြင့် စနစ်တကျကာကွယ်စောင့်ရှောက်မှုမရှိလျှင် အတူနေ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများအား ကူးစက်ရာမှတစ်ဆင့် ၎င်းတို့အသက် အန္တရာယ်ရှိနိုင်သည်ကို သတိထားရမည်ဖြစ်သည်။

 


အဆိုပါပုဂ္ဂိုလ်များအနေဖြင့်  ယခုကာလ  ကူးစက်မှုမြန်ဆန်ပြင်းထန်သည့် မျိုးဗီဇပြောင်းရောဂါပိုးကြောင့် ရောဂါဖြစ်ပွားမှုများပြားနေချိန်တွင်  မိမိအိမ်တွင် နေထိုင်သည့်အချိန်၌ပင်    ပါးစပ်၊    နှာခေါင်းစည်းကို     အချိန်ပြည့်တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ သီးသန့်ခွဲခြားနေထိုင်ခြင်း၊ လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ခြင်း၊ အစာအာဟာရ မျှတစွာစားသုံးခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။ ပိုးတွေ့သူများအားလုံးကို သက်ဆိုင် ရာဒေသန္တရသို့ အကြောင်းကြားပြီး ပြည်သူလူထုအခြေပြု အတည်ပြုလူနာ ကိုဗစ် ကုသရေးစင်တာများသို့ ရောဂါပြင်းထန်မှုအလိုက် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်သည်။

 


ထို့အပြင် ပြည်သူများအနေဖြင့် ဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် မူလကပင် ဈေးနှုန်းမြင့်မားသည့် ထုတ်ကုန်ဆေးဝါးများကို အလွန်မြင့်မားသည့် ဈေးနှုန်းများ ပေးကာ ဝယ်ယူသုံးစွဲခြင်းမပြုဘဲ အရည်အသွေးတူ၍  ဈေးနှုန်းချိုသာကာ အလွယ် တကူဝယ်ယူရရှိနိုင်သည့် အလားတူဆေးဝါးများကို သုံးစွဲလာတတ်စေရေး အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေးသည် ကာကွယ်မှုကိုထိရောက်စေနိုင်သဖြင့် ကာကွယ်ဆေးထိုးခြင်းကို ယုံကြည်စိတ်ချစွာ  ထိုးနှံကြရန်လိုအပ်သည်။ ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ တစ်နိုင်ငံလုံးတွင် နေ့စဉ်ပျမ်းမျှ လူဦးရေ တစ်သိန်းခွဲခန့် ဆေးထိုးပေးနိုင်သည်ကို အားရဖွယ်မြင်တွေ့နေရသည်။ ယနေ့အခါတွင် တရုတ်နိုင်ငံမှ ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်သန်း ထပ်မံရောက်ရှိလာ၍ နိုင်ငံတစ်ဝန်းသို့ ဖြန့်ခွဲပို့ဆောင်ကာ ကာကွယ်ဆေး ထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်သည်။

 


ကာကွယ်ဆေးထိုးနှံရာတွင်  လုပ်ငန်းလမ်းညွှန်အတိုင်း   သက်ဆိုင်ရာအဖွဲ့ အစည်းများက တိကျစွာလုပ်ကိုင်လျက်ရှိပြီး ကာကွယ်ဆေးများကိုလည်း လုံလောက် စွာဖြင့် အပိုင်းလိုက်ဖြန့်ဝေပေးလျက်ရှိသဖြင့် ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံ လုံး ရည်မှန်းလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါ သည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များကို အများပြည်သူရုံးပိတ်ရက်၌ပင် လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ် ရေးစခန်းများမှတစ်ဆင့် အဆက်မပြတ်တင်သွင်းလျက်ရှိပြီး ကာကွယ်ဆေးထိုးခြင်း တို့ကိုလည်း စုရပ်အလိုက် နေ့စဉ်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာတိုင်းပြည် နှင့် ပြည်သူလူထု ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေသော အဖျက်သမားများ၏ အန္တရာယ်များကိုလည်း မျက်ခြည်မပြတ် သတိပြုကြည့်ရှုနေရမည်ဖြစ်သည်။

 


သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လာနိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ အချို့ ဒေသများတွင် ကျဆင်းလာပြီး  အချို့ဒေသများတွင်  တန်းနေသည့်သဘောရှိသည့် အလားအလာကောင်းများရရှိလာပြီဖြစ်ရာ   ဆက်လက်၍    အရှိန်အဟုန်မပျက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းအားဖြင့် ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ စိန်ခေါ် မှုကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။        ။