ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ပြန်လည်ကောင်းမွန်ပါက အသွားအလာကန့်သတ်ထားရှိခြင်းနှင့်  ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အသိပေးထုတ်ပြန်ခြင်း

 

 

၁။    ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်  နိုင်ငံတကာအသိအမှတ်ပြု ဆေးသုတေသနဌာနများမှ သုတေသန ပြုချက်များအရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူများတွင် ရောဂါပြန်လည်ဖြစ်ပွားမှုအား တုံ့ပြန်နိုင်သည့် Antibody Level မှာ  လအနည်းငယ်အထိရှိနိုင်ပြီး  အဆိုပါကာလအတွင်း  ရောဂါပြန်လည်ဖြစ်ပွားမှု မရှိနိုင်ကြောင်း သုတေသနပြုချက်များအရ တွေ့ရှိရပါသည်။
၂။    သို့ဖြစ်ပါ၍  နိုင်ငံတကာ ဝင်/ထွက်ဂိတ်များ၊   နယ်စပ်ဝင်/ထွက်ဂိတ်များမှ  ဝင်ရောက်လာသူ များနှင့်   တိုင်းဒေသကြီး/ပြည်နယ်များအတွင်း   ခရီးသွားလာသူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ကြောင်းကို  နိုင်ငံတကာအသိအမှတ်ပြုဆေးရုံနှင့်  ကျန်းမာရေးဌာနမှ ထုတ်ပေးထားသော အသိအမှတ်ပြုလက်မှတ် (သို့မဟုတ်) ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ဆေးရုံများ၊ ကိုဗစ်-၁၉ ကုသမှု စင်တာများမှ အတည်ပြုထုတ်ပေးထားသော ဆေးရုံဆင်းလက်မှတ်တို့အား အထောက်အထားအဖြစ် ပြသနိုင်ပါက  ရောဂါအတည်ပြုသည့်ရက်မှစတင်၍ ရက်(၉၀)ကာလအတွင်း ခရီးသွားရာတွင် အသွား အလာကန့်သတ်ထားရှိခြင်း(Quarantine)နှင့် ရောဂါအတွက် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက် ခြင်းတို့မှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပါသည်။
၃။    သို့ရာတွင် အဆိုပါသူများသည် ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များကို တိကျစွာလိုက်နာရန် လိုအပ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ချက်ချင်းဆက်သွယ် ဆောင်ရွက် ၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းနှင့် အသွားအလာကန့်သတ်ခြင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်ငန်းလမ်းညွှန်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

    ကျန်းမာရေးဝန်ကြီးဌာန
    (၂၈-၉-၂၀၂၁)