ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

“တချို့သုတေသနတွေမှာ ဖော်ပြထားချက်အရဆိုရင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးထားရင် ကိုဗစ်ရဲ့ နောက်ဆက်တွဲ ခံစားရမှုတွေကိုလည်း လျော့ကျစေတယ်၊ သက်သာစေတယ်၊ တိုတောင်းစေတယ်၊ ပျောက်ကင်းစေတယ်လို့ ပြောထားပါတယ်။”
 

ထက်လျှံ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ဩဂုတ် ၇ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
 

အစီအစဉ်မှူး    ။    ။    နိုင်ငံတစ်ဝန်း   ကိုဗစ် - ၁၉             တတိယလှိုင်း    ဖြစ်ပွားနေ တာနဲ့ပတ်သက်ပြီး       ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

 


ကိုဗစ်ရောဂါဖြစ်ပြီးသွားရင် နောက်ဆက်တွဲ ရောဂါတွေ   ခံစားရမှာလား။   ခံစားရရင်    ဘယ် လောက်ကြာအောင် ခံစားရမလဲဆိုတာကို ပြောပြ ပေးပါဦး။
ဒေါက်တာခင်ခင်ကြီး    ။    ။    ကိုဗစ်ရောဂါ ဖြစ်သွား             ပြီးရင် နောက်ဆက်တွဲ  ရောဂါတွေခံစားရမှာလား။ ခံစားရရင် ဘယ်လောက် ကြာအောင် ခံစားရမှာလဲ၊ ဒါကိုသက်သာအောင် ဘယ်လိုတွေ ဆောင်ရွက်ရမလဲ၊ နောက်တစ်ခုက ကိုဗစ်ဖြစ်ပွားပြီးရင် သူတို့တွေအနေနဲ့ နောက်ပိုင်း မှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေရှိလာတယ်။ ဒါတွေနဲ့ပတ်သက်ပြီး   အများစုက   ကိုဗစ်ရောဂါ ခံစားပြီးရင် ဘာဖြစ်မလဲဆိုတာ သိချင်ကြပါတယ်။

 


ဒါနဲ့ပတ်သက်ပြီး  ဇူလိုင်  ၃၀ ရက်က  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ Science in 5 - episode 47  မှာ  ကျွမ်းကျင်ပညာရှင် Dr. Janet Diaz နဲ့ တွေ့ဆုံဆွေးနွေးခန်းက     ဆွေးနွေးချက်တွေကို ကိုးကားပြီး တင်ပြပေးမှာဖြစ်ပါတယ်။ ကိုဗစ် - ၁၉ က    ရောဂါပိုးအသစ်ဖြစ်ပါတယ်။    ဒီရောဂါပိုးက ကမ္ဘာပေါ်မှာရှိနေခဲ့တာ တစ်နှစ်ခွဲကျော်ကျော်ရှိပြီဖြစ်တဲ့အတွက်    ကျွန်မတို့နဲ့    အတော်ရင်းနှီး ကျွမ်းဝင်တဲ့ အနေအထားဖြစ်လာပြီ၊ ရောဂါဖြစ်ပွား မှုတွေကလည်း  သန်းပေါင်း  ၁၉၆  သန်းလောက် ရှိနေပြီ၊ သေဆုံးတဲ့သူ က ၄ ဒသမ ၂ သန်းနီးပါး ဖြစ်လာပြီ။ ဒီရောဂါပိုးက မုန်တိုင်းမွှေနှောက်သလို တကယ့်ကို ဝင်မွှေနေတဲ့အခါမှာ တချို့ရောဂါပိုးကူးစက်ခံရသူတွေမှာ နောက်ဆက်တွဲတွေ ရှိတတ် ပါတယ်။

 


ဒါကို Post Covid Condition လို့ ခေါ်ပါတယ်။ Long Covid လို့လည်း ခေါ်ပါတယ်။ ဒါနဲ့ ပတ်သက် ပြီး    သုတေသနတစ်ခုနဲ့   တစ်ခုက    မတူပါဘူး။ ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၃၃ ရာခိုင်နှုန်း သို့မဟုတ်  သုံးပုံ တစ်ပုံမှာ နောက်ဆက်တွဲရောဂါတွေ ဖြစ်တာ ကို တွေ့ရှိရပါတယ်။
ဒီနေရာမှာ ကိုဗစ် - ၁၉ ဖြစ်ပြီးသွားရင် နောက် ဆက်တွဲက  ရောဂါပုံစံမျိုးစုံနဲ့ လာပါတယ်။ ဒီလို လာပေမယ့် ကိုဗစ်ရောဂါဖြစ်ပြီး နောက်ဆက်တွဲ အနေနဲ့ အဓိက ဖြစ်ပွားတာ သုံးခုရှိပါတယ်။ ဒါတွေ က  (၁) ဘာလုပ်လုပ် မောတယ်။ (၂) မိမိရဲ့မှတ်ဉာဏ် ပိုင်းဆိုင်ရာမှာ တည်ငြိမ်မှုမရှိဘူး။ တလွဲတချော်တွေ  ဖြစ်စေတယ်။ (၃) ဦးနှောက်က မောပန်းနွမ်းနယ်ပြီး လုပ်နိုင်ကိုင်နိုင်စွမ်းမရှိဘဲ     ဝေဝါးနေတာမျိုးတွေ ဖြစ်စေတယ်။ ဒီလို ပုံစံမျိုးတွေနဲ့ လာပါတယ်။ ဒါက အဖြစ်အများဆုံး သုံးခုဖြစ်ပါတယ်။

 


ဒါဆို   တခြားလက္ခဏာတွေ    မဖြစ်ဘူးလား ဆိုတော့ ဖြစ်ပါတယ်။ လက္ခဏာပေါင်း ၂၀၀ ကျော် ဖြစ်ပါတယ်။ ကိုဗစ်ရောဂါဝေဒနာခံစားပြီးသူတွေအနေနဲ့   ဒီလိုမျိုး  ရောဂါလက္ခဏာတွေဖြစ်တယ် ဆိုတာကို သတင်းပေးပို့ချက်တွေအရ သိရပါတယ်။ ဒါကြောင့်    ကိုဗစ်ရောဂါဖြစ်ပွားပြီးရင်      နောက် ဆက်တွဲ ရောဂါဝေဒနာမျိုးစုံ ဖြစ်နိုင်တယ်ဆိုတာကို သိစေချင်ပါတယ်။
ဒီနေရာမှာ  တချို့တွေက  ဘယ်လိုမျိုးပုံစံနဲ့ ထပ်လာတတ်လဲဆိုတော့    ရင်ဘတ်အောင့်တာ၊ စကားပြောရတာ နည်းနည်းခက်ခဲတာ၊ စိတ်သောက ရောက်တာ၊   စိတ်ဓာတ်ကျတာ၊    ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊    ဖျားနာတာ၊     အနံ့မရတာ၊ အရသာမရတာ  ဒါမျိုးတွေလည်း  ရှိနိုင်ပါတယ်။ ဒီလိုမျိုး ရောဂါလက္ခဏာ သောင်းခြောက်ထောင် ရှိနိုင်တဲ့အတွက် ပြည်သူတွေကို သိစေချင်တာက  ကိုဗစ် - ၁၉ ရောဂါမဖြစ်လေ၊ ကောင်းလေဆိုတာကို သိစေချင်ပါတယ်။
ရောဂါမဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည်  ရောဂါဖြစ်ပွားမှ နောက်ဆက်တွဲကို လိုက်လံကုသ ရတာထက်စာရင် အပ်နဲ့ထွင်းရသလောက်ပဲ ရှိပါ တယ်။ ဒါကြောင့် ကိုဗစ် - ၁၉ ကူးစက်ခံရပြီဆိုရင် သူ့ရဲ့    နောက်ဆက်တွဲတွေကလည်း     လာနိုင်တဲ့ အတွက်ကြောင့်       မကူးစက်ခံရအောင်နေဖို့၊ ကိုဗစ်-၁၉   စည်းကမ်းချက်တွေကို    အတိအကျ လိုက်နာဖို့ ပြောချင်ပါတယ်။

 


ဒုတိယပိုင်းအနေနဲ့    နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှုက    ဘယ်လောက်အထိ    ကြာနိုင်သလဲ ဆိုတာကို   ယခုလက်ရှိမှာ    တိတိကျကျအနေနဲ့ မပြောနိုင်သေးပါဘူး။ သို့သော် လက်ရှိမှာ သုံးလ အထိ ကြာနိုင်တယ်လို့ ပြောပါတယ်။ တချို့သုတေ သနတွေမှာ ခြောက်လကနေ ကိုးလအထိ ကြာနိုင် တယ်လို့ ပြောထားပါတယ်။ ပျမ်းမျှ သုံးလလောက် ဆိုရင် အများစုက   ပြန်လည်ကောင်းမွန်သွားပါတယ်။ တချို့တွေမှာ ခြောက်လကနေ ကိုးလအထိ ရှိနေနိုင် ပါတယ်။
ယခုကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ် - ၁၉ နဲ့  ရင်ဆိုင်နေရတာက   တစ်နှစ်ခွဲကျော်   ရှိပြီဖြစ်ပါ တယ်။    ဒါနဲ့ပတ်သက်တဲ့    သုတေသနတွေလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ ဒါမှကိုဗစ် ရောဂါနဲ့     သူ့ရဲ့နောက်ဆက်တွဲ       ရောဂါတွေက ဘယ်လောက်အထိ ရှည်ကြာပြီး ဒုက္ခပေးနိုင်မယ်  ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ ဒါဆို ကိုဗစ် - ၁၉ ဖြစ်ခဲ့ပြီး   နောက်ဆက်တွဲ  လက္ခဏာတွေရှိတယ် ဆိုရင်    ဘယ်လိုကုသပေးရမလဲ။     ကုသမှုတွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုရင်          ကိုဗစ်ရောဂါ နောက်ဆက်တွဲ ရောဂါလက္ခဏာ အမျိုးပေါင်း ၂၀၀ ကျော်ရှိတဲ့အတွက် တိကျတဲ့ကုသနည်းက မရှိပါ ဘူး။ ဒါဆို ဘယ်လိုလုပ်ရမလဲ၊ သူ့ကို ကုသပေးတဲ့ အခါမှာ ဘက်ပေါင်းစုံကနေ ကုသပေးရမှာ ဖြစ်ပါ တယ်။  မိမိမှာ  မူလရှိတဲ့ရောဂါအခံတွေကို ကုသ ပေးနေတဲ့  သက်ဆိုင်ရာ  အထူးကုပညာရှင်တွေနဲ့ ဆက်လက်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ 

 


နောက်ပြီး   စိတ်ပိုင်းဆိုင်ရာ    နှစ်သိမ့်ပေးဖို့ အတွက်    သက်ဆိုင်ရာ   ကျွမ်းကျင်ပညာရှင်တွေ၊ စိတ်ကုပညာရှင်တွေ၊ စိတ်ရောဂါအထူးကု ဆရာဝန် တွေ၊ Social Care လို့ခေါ်တဲ့ မိမိကိုနှစ်သိမ့် ဖြေသိမ့် ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ဒါမျိုးတွေကို ပြသပြီး ရောဂါသက်သာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘယ်ကျွမ်းကျင်ပညာရှင်ကို ပြသရမယ် လို့ပြောလို့မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်က နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာပုံစံ ချင်းက မတူပါဘူး။ ဒါကြောင့် ကိုဗစ်နောက်ဆက်တွဲ ခံစားနေရသူတွေကို နားလည်မှုပေးပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေကို လုပ်ပေးဖို့ လိုအပ်ပါတယ်။
ဒါဆို ကိုဗစ် - ၁၉  နောက်ဆက်တွဲလက္ခဏာတွေနဲ့  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားခြင်းနဲ့ ဘယ်လို တွေ ဆက်စပ်မှုရှိသလဲ။ အဲဒါကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Dr. Janet Diaz က ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးထားရင်  ကိုဗစ် - ၁၉  ကြောင့် ဝေဒနာ ပြင်းထန်စွာခံစားရမှု၊ ဆေးရုံတက်ရောက် ရမှု၊    အထူးကြပ်မတ်ကုသဆောင်ထဲ‌ ရောက်ရှိမှု၊ သေဆုံးမှုကို ကာကွယ်နိုင်တယ်ဆိုတာ အသေအချာ ပဲဖြစ်ပါတယ်လို့   ပြောထားပါတယ်။    ကာကွယ် ဆေးထိုးထားရင် ကိုဗစ် - ၁၉ ရဲ့ နောက်ဆက်တွဲ  လက္ခဏာတွေဖြစ်ပေါ်မှုအပေါ် သက်ရောက်မှုနဲ့ ပတ်သက်လို့    သုတေသနတွေ   ဆက်လုပ်ဖို့လိုပါ တယ်။ 
တချို့သုတေသနတွေမှာ ဖော်ပြထားချက်အရ ဆိုရင်  ကိုဗစ် - ၁၉  ကာကွယ် ဆေးထိုးထားရင် ကိုဗစ်ရဲ့     နောက်ဆက်တွဲခံစားရမှုတွေကိုလည်း လျော့ကျစေတယ်၊ သက်သာစေတယ်၊ တိုတောင်း စေတယ်၊   ပျောက်ကင်းစေတယ်လို့   ပြောထားပါ တယ်။   ဒါကလည်း   ထူးခြားချက်   ဖြစ်ပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
ဒါနဲ့ပတ်သက်ပြီး         အချို့သုတေသနတွေမှာ ရေကျောက်အတွက် ကာကွယ်ဆေးထိုးထားတယ်  ဆိုရင်    ရေကျောက်ကို     ကာကွယ်နိုင်ရုံသာမက ရေကျောက်ပေါက်တဲ့သူတွေမှာ    နောက်ဆက်တွဲ အနေနဲ့ဖြစ်တတ်တဲ့   ရေယုန်တွေ   ပေါက်ခြင်းကို ကာကွယ်နိုင်တယ်လို့ ပြောထားပါတယ်။ ဒါဆိုရင် ကိုဗစ် - ၁၉ နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲဘယ်လို ဆိုးကျိုးတွေ  ဖြစ်နိုင်တယ်ဆိုတာကို  အခုထိအစုံ အလင်  မသိရှိသေးပါဘူး၊  ဒါကြောင့် ကိုဗစ် - ၁၉ ကာကွယ်ဆေး  ထိုးထားခြင်းအားဖြင့်  မမျှော်မှန်း နိုင်တဲ့၊ နောက်ထပ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို လည်း   ကာကွယ်နိုင်တယ်ဆိုတာကို   သုတေသန အချို့က ပြောပါတယ်။ 
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ဆေး  ဗဟိုဌာန  (CDC)  က  ထုတ်ပြန်တဲ့လေ့လာ တွေ့ရှိချက်တွေအရ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုး ထားရင် ရောဂါဖြစ်ပွားမှုကို သုံးဆ ကာကွယ်ပါတယ်။ ဆေးရုံတက်ရောက်ရမှုကို ၁၀ ဆ ကာကွယ်ပါတယ်။  ဒါဆိုရင် ကာကွယ်ဆေးထိုးသင့်တာက အသေအချာ ပါပဲ။ ဒါဆိုရင် ကာကွယ်ဆေးထိုးထားခြင်းက အများ ကြီး အကျိုးရှိတယ်ဆိုတာ သိနိုင်ပါတယ်။ 

 


ကာကွယ်ဆေး   ထိုးထားခြင်းနဲ့အတူ     ပါးစပ်၊ နှာခေါင်းစည်း   (Mask)   တပ်တာ၊   လက်ဆေးတာ၊ လူအုပ်စုရှောင်တာ၊  လူစုလူဝေးရှောင်တာ၊  လေ ကောင်းလေသန့်ရတဲ့  နေရာမှာနေတာ၊ ချောင်းဆိုး နှာချေရင်   အုပ်ပြီးဆိုးတာတွေကို    ဆောင်ရွက် သင့်ပါတယ်။ 
အစီအစဉ်မှူး    ။    ။ ကိုဗစ်-၁၉     ရောဂါဖြစ်ပွား ပြီးတဲ့နောက် ခန္ဓာကိုယ်ရဲ့ ခုခံအား Antibody စစ်ဖို့ လိုအပ်သလားဆိုတာကို ဖြေကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး    ။    ။    ကိုဗစ် - ၁၉     ရောဂါ             ဖြစ်ပွားပြီး ပြန်ကောင်း လာတဲ့သူ၊ ကိုဗစ် - ၁၉ ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးပြီးသူတွေမှာ  ခန္ဓာကိုယ်ရဲ့ ခုခံအား Antibody တွေ   ရှိနေပြီလား၊  Antibody  တွေ တက်ပြီလား ဆိုတာနဲ့ပတ်သက်ပြီး တချို့တွေက မေးမြန်းလာပါ တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ဝင်တစား ရှိတာကို    ဝမ်းသာပါတယ်။     ဒါနဲ့ပတ်သက်ရင် ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးပြီးရင် ကာကွယ်နိုင်မှု ရ၊ မရကို  Antibody လို့ခေါ်တဲ့ Test တွေနဲ့ စမ်းဖို့ မလိုပါဘူး။ ဒါကို အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနကရော၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကရော စမ်းဖို့မလိုဘူးလို့ ပြောထားပါတယ်။ 


Antibody ဆိုတာနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ကျွန်မတို့မှာ တိုင်းတာလို့ရတဲ့ IgM/ IgG တို့ ဆိုတာရှိပါတယ်။   တိုင်းလိုက်လို့   Antibody G ပေါ်နေရင် ကိုယ်ခံအားရှိတယ်၊ တချို့တွေက ဘာမှ  မပေါ်ဘူးဆိုတော့ Antibody တွေမရှိတော့ဘူး၊  ရောဂါဖြစ်ထားလို့   ရထားတဲ့    ကိုယ်ခံအားတွေ ကလည်း လျော့သွားပြီ၊ မရှိတော့ဘူးထင်ကြတယ်။ ကာကွယ်ဆေးထိုးထားပြီး       ကာကွယ်ဆေးက မစွမ်းလို့လား၊   Antibody  တွေမထွက်တာလား ထင်တတ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ရင် Antibody ကို စမ်းသပ်ခြင်းနဲ့ ကိုယ်ခံအားရှိ၊ မရှိ စမ်းလို့မရ ပါဘူး။

 


ကျွန်မတို့   ခန္ဓာကိုယ်ထဲမှာ  ရိုးတွင်းခြင်ဆီက  ထွက်တဲ့ဆဲလ်တွေလည်း ရှိပါတယ်။ CD4 ဆဲလ် တွေရှိတယ်၊  CD8   ဆဲလ်တွေရှိတယ်၊  Memory ဆဲလ်တွေရှိတယ်၊ Lymphocyte ဆဲလ်တွေရှိတယ်။ သူတို့က  ဆယ်စုနှစ်နဲ့ချီပြီး ရန်သူကို မှတ်မိနေပြီး တိုက်ခိုက်နိုင်တယ်ဆိုတဲ့   သုတေသနတွေလည်း ရှိပါတယ်။ ဒါတွေကို စမ်းသပ်ဖို့က တခြားနည်းပညာ အများကြီးလိုပါတယ်။ IgG မရှိဘူး ဆိုတာနဲ့ Anti-body မရှိဘူးလို့ ယူဆလို့မရပါဘူး။ 
ဒါနဲ့ပတ်သက်ပြီး အမေရိကန်ရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ဆေးဗဟိုဌာန(CDC) က Antibody စစ်ဆေးခြင်းနဲ့  ပတ်သက်လို့  ပြောထားတာရှိပါ တယ်။  Antibody  စစ်ဆေးခြင်းဆိုတာ  သွေးကို စစ်တာဖြစ်ပါတယ်။  အဲဒီလို Serological Testing တွေက  ဗိုင်းရပ်စ်ကိုရှာတဲ့  Virological  Testing တွေကို ကျော်လွှားနိုင်စွမ်းမရှိသေးပါဘူး။ ပြောချင် တာက သွေးထဲမှာ Antibody ကို စမ်းခြင်းသည် အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ သွေးထဲမှာ  Antibody စမ်းလိုက်လို့ Positive ၊ Negative တွေ့ခြင်းက လောလောဆယ် ရောဂါပိုးဝင်နေတယ်ဆိုတာ       သက်သေပြနိုင်ဖို့ အတွက် မသုံးပါဘူး။ 
Antibody   စမ်းလိုက်လို့   IgM   ရှိနေတယ်၊‌ ရောဂါပိုးဝင်နေတယ်လို့ တစ်ထစ်ချ ယူဆလို့ မရပါ ဘူးဆိုတဲ့အကြောင်းကို       ပြောခြင်းဖြစ်ပါတယ်။ Virology လို့ခေါ်တဲ့  Antigen  Test ၊   PCR Test တွေနဲ့သာ စမ်းသပ်ရမှာ ဖြစ်ပါတယ်။ စမ်းတဲ့အခါ Emergency Use Authorization(EUA)  ရထားတဲ့ Test kit တွေ၊ စမ်းသပ်တဲ့ပစ္စည်းတွေကိုပဲ သုံးရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှိရင်ရှိကြောင်း ပြနိုင်တဲ့ Sensitivity ၊ မရှိရင် မရှိကြောင်းပြနိုင်တဲ့ Specificity က EUA ပေးထားတဲ့ စမ်းသပ်ပစ္စည်း တွေကသာ စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကြုံရာစစ်တဲ့ပစ္စည်းတွေနဲ့   စမ်းသပ်ပြီး  ရှိခြင်း၊ မရှိခြင်းကို ပြောလို့မရပါဘူး။ ဒါကိုလည်း သိစေချင် ပါတယ်။

 


နောက်တစ်ချက်က ကိုဗစ် - ၁၉  သည် အလွန် ကူးစက်မြန်တဲ့ ရောဂါပိုးကြောင့်ဖြစ်ပါတယ်။ ဒါကို  မိမိတို့ဘာသာ အိမ်မှာစမ်းသပ်တယ်ဆိုတာ ကိုယ်ဝန် ရှိ၊  မရှိ  ဆီးကိုစမ်းတာလောက်  လွယ်ကူတာမျိုး မဟုတ်ပါဘူး။  ကျွမ်းကျင်ပညာရှင်က စနစ်တကျ စမ်းသပ်မှသာ၊     စမ်းသပ်ပေးသူကလည်း     စနစ် တကျ အကာအကွယ်တွေ ဝတ်ဆင်ရမယ်၊ သုံးထား တဲ့    ပစ္စည်းတွေကို‌     စွန့်ပစ်တဲ့အခါ  စနစ်တကျ စွန့်ပစ်ရမှာ   ဖြစ်ပါတယ်။  အခုက  မိမိတို့ဘာသာ အဆင်ပြေသလို အိမ်မှာစမ်းတယ်။ စမ်းပြီးတဲ့အခါ လမ်းဘေးအမှိုက်ပုံမှာ   စွန့်ပစ်တယ်။     ဒါတွေက အမှိုက်သိမ်းရတဲ့    သူတွေရော၊     အခြားသူတွေ အတွက်ပါ အန္တရာယ်ရှိပါတယ်။  လုံးဝမလုပ်သင့်တဲ့ ကိစ္စလို့ ပြောချင်ပါတယ်။

 


နောက်တစ်ခုက Test တွေမှာ Qualified နဲ့ Semiqualified ဆိုတာ ရှိပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ Qualified Test တွေကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။  ဒါကြောင့်  EUA  ပစ္စည်းတွေကိုပဲ အသုံးပြုရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
အခုလက်ရှိရောဂါရှာဖွေစမ်းသပ်တဲ့ Antigen Test  တွေဟာ  ဗိုင်းရပ်စ်ကိုပဲ အခြေခံပြီး ပြုလုပ် ထားတဲ့   Test  တွေဖြစ်တဲ့အတွက်    Antibody Testing  က  မလိုအပ်ပါဘူး။  Antibody  Test လုပ်ခြင်းက လက်ရှိ ရောဂါရှိ၊မရှိကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။ ဥပမာ- ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားပြီးသူ သို့မဟုတ် ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးနှံခင်  ကိုယ်ခံအား  ရှိ၊ မရှိ  သိလိုတဲ့အခါ Antibody Test လုပ်ခြင်းကို    မညွှန်ကြားထားပါဘူး။     အရင်က  ရောဂါပိုးကူးစက်ခံထားရသူ      မဟုတ်ဘူးဆိုရင် Antibody Test က လက်ရှိမှာ ရောဂါပိုး ရှိ၊ မရှိကို ပြနိုင်မှာ မဟုတ်ပါဘူး။ 
နောက်တစ်ခုက ကာကွယ်ဆေးကြောင့် Anti-body တက်တယ်ဆိုတာ Specific Antibody ဖြစ်ပါ တယ်။ သူက ဗိုင်းရပ်စ်မှာရှိတဲ့ ပရိုတင်းကို ကာကွယ် နိုင်ဖို့အတွက် ထုတ်ထားတဲ့ Antibody တွေ ဖြစ်ပါ တယ်။ Specific Antibody ကို သိနိုင်ဖို့ အထူး နည်းပညာနဲ့ စမ်းသပ်ရပါတယ်။ Antibody Test  တွေက တချို့အသက်ကြီးတဲ့သူတွေ၊ နောက်ခံရောဂါ ရှိတဲ့သူတွေမှာ    မပေါ်တတ်ပါဘူး။      မပေါ်တာကို ကိုယ်ခံအားမရှိဘူးလို့ မှားယွင်းယူဆတတ်ပါတယ်။ ဒါကြောင့် ဒါကိုမသုံးပါဘူး။ 

 


ဒါ့အပြင်   တချို့ကာကွယ်ဆေး  မထိုးထားတဲ့ သူတွေမှာ Antibody က Positive ဖြစ်နိုင်ပါတယ်။ ဘယ်လိုလူမျိုးတွေလဲဆိုရင် ပြီးခဲ့တဲ့ သုံးလလောက် အတွင်းမှာ မသိလိုက်ဘဲ ရောဂါကူးစက်ခံရတယ်၊  အသက်ကြီးတဲ့သူတွေ၊  နောက်ခံရောဂါ  ရှိနေတဲ့ သူတွေမှာ ရောဂါလက္ခဏာမပြလိုက်ဘူး၊ ရောဂါ  လက္ခဏာမပြပေမယ့် Antibody ပေါ်နိုင်ပါတယ်။  ဒါကြောင့် Antibody စစ်ဆေးခြင်းသည် ကာကွယ် ဆေးထိုးပြီး ကာကွယ်နိုင်မှု ရ၊ မရ၊ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရပြီးရင် ကိုယ်ခံအားရှိ၊မရှိ ဆိုတာ မှာ အသုံးပြုလို့ မရဘူးဆိုတာ ပြည်သူတွေ သိစေချင် ပါတယ်။
 ပြည်သူတွေအနေနဲ့ ကိုဗစ် - ၁၉ ရောဂါဘေး ကနေ    အမြန်ဆုံးကင်းဝေးပါစေလို့     ဆုတောင်း လိုက်ပါတယ်။ လက်ရှိအခြေအနေကလည်း ရောဂါ ပိုးကူးစက်မှုက တန့်နေတဲ့ အနေအထားရှိပါတယ်။ တန့်နေတာကနေ  ကျသွားဖို့  ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။    ရောဂါကပ်ဘေး   တစ်ခုဟာ အတက်လွယ်သလောက် အကျခက်ပါတယ်။ သူ့ရဲ့ ရောဂါဖြစ်ပွားမှု၊ ကူးစက်မှုကို အောက်အထိရောက် အောင် ထိန်းချုပ်နိုင်ဖို့ဆိုတာ ကျွန်မတို့ အားလုံးရဲ့ အင်အားနဲ့ ပူးပေါင်းပါဝင်ရမှာဖြစ်ပါတယ်။
တစ်ယောက်ချင်း၊         တစ်ယောက်ချင်းစီက ကိုဗစ် - ၁၉   ကာကွယ်ရေး  စည်းကမ်းချက်တွေကို လိုက်နာမယ်၊ ကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေး ရှိတဲ့သူတွေကလည်း ထိုးနှံလိုက်မယ်ဆိုရင် မကြာမီ အချိန် နှစ်ပတ်ကနေ လေးပတ်အတွင်းမှာ ရောဂါ ဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှုတွေက လျော့ကျမယ်  လို့ မျှော်လင့်ပါတယ်။ အားလုံးအသက်ဝဝရှူနိုင်တဲ့ နေ့ကို    ရောက်ရှိဖို့အတွက်     ဆုတောင်းပါတယ်။ အားလုံးညီရင်   မအောင်မြင်နိုင်စရာ   မရှိပါဘူးလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။