
ဗီဇပြောင်းပိုးတွေကို ရပ်တန့်နိုင်ဖို့အတွက် နည်းလမ်းတွေ မရှိဘူးလား ဆိုရင်ရှိပါတယ်။
ဒါကတော့ ကာကွယ်ဆေးတွေကို များများထိုးနှံနိုင်ဖို့ပဲ ဖြစ်ပါတယ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၂၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉
တတိယလှိုင်း ဖြစ်ပွားနေ တာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာတွေ့ရှိရတဲ့ ဗီဇပြောင်းပိုးတွေက ဘာကြောင့်တွေ့ရှိရတာလဲ၊ ဗီဇပြောင်းပိုးတွေက ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေသလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ လက်ရှိ ကမ္ဘာပေါ်မှာ
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၈ရက် ထုတ်ပြန်ချက်အရ ၂၀၈ ဒသမ ၆ သန်း ရှိပါတယ်။ ယခု ကိုဗစ် - ၁၉ ရောဂါနဲ့ ရင်ဆိုင်နေရတာ ၁၉ လရှိပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်သူ သန်း ၁၀၀ ဖြစ်ဖို့အတွက် ၁၃ လ ကြာပါတယ်။ နောက်ထပ် ကိုဗစ်ရောဂါကူးစက်သူ သန်း ၁၀၀ ဖြစ်ဖို့ ခြောက်လပဲ ကြာပါတယ်။ ဘာကိုပြောချင်တာ လဲဆိုရင် ရောဂါကူးစက်မှုက မြန်ဆန်နေတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါကြောင့် သေဆုံးသူ ၄ ဒသမ ၄ သန်းနီးနီး ဖြစ်နေပြီဖြစ်ပါ တယ်။ ဒီလို သေဆုံးမှုတွေ၊ ကူးစက်မှုတွေများနေတဲ့ အတွက် ကိုဗစ် - ၁၉ ရောဂါကို လုံးဝလျှော့တွက်လို့ မရတဲ့အနေအထား ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ် က RNA ဗိုင်းရပ်စ်ဖြစ်ပါတယ်။ RNA ဗိုင်းရပ်စ် ဖြစ်ဖြစ်၊ DNA ဗိုင်းရပ်စ်ဖြစ်ဖြစ် သူတို့ရဲ့ ဗိုင်းရပ်စ် မျိုးရိုးဗီဇ တည်တံ့ဖို့၊ ဆက်လက်ရှင်သန်နိုင်ဖို့ အတွက် အမြဲတမ်းပြောင်းလဲနေပါတယ်။ ပြောင်းလဲ တယ်ဆိုတာ ဗိုင်းရပ်စ်ရဲ့ ဝိသေသလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဘယ်လိုအခါမှာ ပြောင်းလဲသလဲဆိုရင် လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်မှု တွေဖြစ်ပြီဆိုတာနဲ့ ဗိုင်းရပ်စ်က ပြောင်းလဲဖို့အတွက် အခွင့်အရေးရတာဖြစ်ပါတယ်။
DNA ဗိုင်းရပ်စ်နဲ့နှိုင်းစာရင် RNA ဗိုင်းရပ်စ်က မျိုးဗီဇပြောင်းတာမြန်ပါတယ်။ ဒါကလည်း ထူးခြား ချက်တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့ RNA ဗိုင်းရပ်စ် က မျိုးဗီဇပြောင်းတာ ဘာကြောင့်မြန်ရသလဲဆိုရင် သူ့မှာ အကြောင်းအချက်နှစ်ချက်ရှိပါတယ်။ ဒါက RNA ဗိုင်းရပ်စ်တွေမှာပါဝင်တဲ့ Ribose Sugar က ဓာတ်ဖွဲ့စည်းပုံအရ အောက်ဆီဂျင်တစ်လုံး အပို ပါပါတယ်။ အပိုပါတဲ့အတွက်ကြောင့် သူ့ရဲ့ မျိုးဗီဇ ပြောင်းလဲမှုဖြစ်စဉ်မှာ ဒီအောက်ဆီဂျင်က မတည်မြဲ ဘူး။ တစ်ခုခုနဲ့ ပေါင်းဖို့လွယ်တဲ့အတွက်ကြောင့် ပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်သွားရခြင်း ဖြစ်ပါတယ်။ ဒါက ပထမအချက် ဖြစ်ပါတယ်။
ဒုတိယအချက်က RNA ဗိုင်းရပ်စ်မှာ အဓိက ပါဝင်တဲ့ ပရိုတင်းအုပ်စုထဲမှာ ‘Uracil’ ပါတယ်။ DNA ဗိုင်းရပ်စ်မှာ ‘Thymine’ ဆိုတဲ့ ‘ပရိုတင်း’ ပါတယ်။ DNA ဗိုင်းရပ်စ်မှာပါတဲ့ ‘Thymine’ က RNA ဗိုင်းရပ်စ်မှာပါတဲ့ ‘Uracil’ ထက် တောင့်တောင့်တင်းတင်းနဲ့ ကြံ့ကြံ့ခံနိုင်ပါတယ်။ သို့သော် RNA ဗိုင်းရပ်စ်မှာရှိနေတဲ့ ‘Uracil’ ကပျော့ တဲ့အတွက် အလွယ်တကူ ပြိုကွဲလွယ်တာကြောင့် ပြောင်းလဲဖို့ ပိုပြီးဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
အချုပ်အနေနဲ့ ဗိုင်းရပ်စ်သည် အမြဲတမ်း ပြောင်းလဲနေပါတယ်။ RNA ဗိုင်းရပ်စ်သည် DNA ဗိုင်းရပ်စ်ထက် ပြောင်းလဲမှုတွေက ပိုပြီးမြန်ဆန်ပါ တယ်။ RNA ဗိုင်းရပ်စ်မျိုးနွယ်တွေက အသည်း ရောင်အသားဝါ ‘စီ’ ဗိုင်းရပ်စ်၊ အီဘိုလ်လာဗိုင်းရပ်စ်၊ ဆားစ်ရောဂါ ဗိုင်းရပ်စ်၊ ရာသီတုပ်ကွေးဗိုင်းရပ်စ်၊ ပိုလီယိုဗိုင်းရပ်စ်၊ ဝက်သက်ရောဂါဖြစ်စေတဲ့ ‘မီဆယ်လ်’ ဗိုင်းရပ်စ်၊ HIV ဖြစ်စေတဲ့ ‘ရီထရို’ ဗိုင်းရပ်စ်တွေက သူတို့ရဲ့ အပေါင်းအပါ မျိုးနွယ်စု တွေ ဖြစ်ပါတယ်။ ကံကောင်းတာတစ်ခုက RNA ဗိုင်းရပ်စ်ထဲမှာ ကိုဗစ် - ၁၉ ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်က တခြား RNA ဗိုင်းရပ်စ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ပြောင်းလဲမှုနည်းတာကို တွေ့ရပါ တယ်။ ဒီလို ပြောင်းလဲမှုနည်းပေမယ့် ကမ္ဘာကြီးကို ဒုက္ခပေးနေတာ သိစေချင်ပါတယ်။
လက်ရှိ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဗီဇပြောင်းမျိုးကွဲ (Variants) တွေ ဘယ်လောက် ရှိတယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဩဂုတ် လ ၁၀ ရက် ထုတ်ပြန်ချက်အရ တင်ပြသွားမှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါသည် Mutations လို့ခေါ်တဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေ လုပ်ပါတယ်။ Mutations ဆိုတာ နဂိုမူလရှိပြီးသား အခြေအနေက ပြောင်းလဲမှု ဖြစ်သွားတာဖြစ်ပါတယ်။ ဒီလို ပြောင်းလဲတဲ့အခါမှာ အောင်မြင်တဲ့ Mutations ကနေ ဗီဇပြောင်းမျိုးကွဲ (Variants) ဆိုတာ ဖြစ် လာပါတယ်။
လက်ရှိ ဗီဇပြောင်းမျိုးကွဲ (Variants) မှာ Variants of Concern နဲ့ Variants of Interest ဆိုပြီး နှစ်မျိုးရှိပါတယ်။ Variants of Concern ရဲ့ သဘောက ရောဂါကူးစက်မှုတွေ မြန်ဆန်တယ်၊ ရောဂါပြင်းထန်စေတယ်၊ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည် ရှိတယ်ဆိုတာကို ဓာတ်ခွဲစမ်းသပ်သုတေသနပြုမှု တွေအရ သိရပါတယ်။ လက်ရှိမှာ Variants of Concern က လေးမျိုး ရှိပါတယ်။ ဒါတွေက ယူကေ နိုင်ငံမှာ စတွေ့တဲ့ B.1.1.7 လို့ခေါ်တဲ့ ‘အယ်လ်ဖာ’ မျိုးကွဲဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တွေ့ရှိပြီးဖြစ် ပါတယ်။
နောက်တစ်ခုက တောင်အာဖရိကနိုင်ငံမှာ တွေ့တဲ့ B.1.351 လို့ခေါ်တဲ့ ‘ဗီတာ’ မျိုးကွဲဖြစ်ပါ တယ်။ ဒါကိုလည်း မြန်မာနိုင်ငံမှာ တွေ့ရှိပြီးဖြစ်ပါ တယ်။ နောက် ဘရာဇီးလ်နိုင်ငံမှာတွေ့တဲ့ P.1 လို့ ခေါ်တဲ့ ‘ဂါမာ’ မျိုးကွဲဖြစ်ပြီး မြန်မာနိုင်ငံမှာ မတွေ့ရှိ ပါဘူး။ နောက်ဆုံးတစ်ခုက အိန္ဒိယနိုင်ငံမှာ စတင် တွေ့ရှိတဲ့ B.1.617.2 လို့ခေါ်တဲ့ ‘ဒယ်လ်တာ’ မျိုးကွဲ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိပါတယ်။ ဒါဆိုရင် မြန်မာ နိုင်ငံမှာ Variants of Concern က လေးမျိုးအနက် သုံးမျိုးရှိတယ်လို့ ပြောလို့ရပါတယ်။
နောက် ဗီဇပြောင်းမျိုးကွဲ (Variants) မှာ Variants of Interest ဆိုပြီး ရှိပါတယ်။ Variants of Interest က သူ့ရဲ့ ရောဂါပြင်းထန်စေမှု၊ ရောဂါ ကူးစက်လွယ်မှု၊ ကာကွယ်ဆေးပေါ် သက်ရောက်မှုနဲ့ ဓာတ်ခွဲခန်းတွေအပေါ် သက်ရောက်မှုတွေကို သိရှိနိုင်ဖို့အတွက် သုတေသနတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဇူလိုင်လအထိ Variants of Interest က ခုနစ်မျိုးအထိရှိတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ယခု ဩဂုတ်လ ၁၃ ရက် ထုတ်ပြန်ချက်တွေအရ Variants of Interest က ခုနစ်မျိုးကနေ လေးမျိုး ဖြစ်သွားပါတယ်။
ဒီလေးမျိုးထဲမှာ ပထမတစ်ခု ‘အီတာ’(Eta) လို့ ခေါ်တဲ့ B.1.525 ဖြစ်ပါတယ်။ နိုင်ငံအတော်များများ မှာ စတင်တွေ့ရှိရတဲ့ ဗီဇပြောင်းပိုးဖြစ်ပါတယ်။ နောက်တစ်ခု ‘လိုတာ’ (Lota) လို့ခေါ်တဲ့ B.1.526 ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ စတင်တွေ့ရှိတာ ဖြစ်ပါ တယ်။ နောက် ‘ကပ်ပါ’ (Kappa) လို့ ခေါ်တဲ့ B.1.617.1 ဖြစ်ပါတယ်။ သူ့ကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိပြီး မြန်မာနိုင်ငံမှာလည်း တွေ့ရပါ တယ်။ နောက်ဆုံးတစ်ခုက ‘လမ်ဘဒါ’ (Lambda) လို့ခေါ် တဲ့ C.37 ဖြစ်ပါတယ်။ Variants of Interest အနေနဲ့ လေးမျိုးရှိတယ်ဆိုတာကို ပြည်သူတွေကို သိစေချင်ပါတယ်။
Variants of Interest တစ်ခုဖြစ်တဲ့ ‘လမ်ဘဒါ’ နဲ့ပတ်သက်ပြီး ပီရူးနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဩဂုတ် လက စတင်တွေ့ရှိခဲ့ပြီး အခုဆိုရင် တွေ့ရှိတာ တစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုတွေရဲ့ ၉၇ ရာခိုင်နှုန်းက ‘လမ်ဘဒါ’ ကြောင့် ဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံ တွေမှာ ‘လမ်ဘဒါ’ အနေနဲ့ ပြောပလောက်အောင် မရှိပါဘူး။ လက်ရှိ ‘လမ်ဘဒါ’ အနေနဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၂၉ နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အမေရိကမှာ ‘လမ်ဘဒါ’ ရောဂါပိုးတွေ့ရှိသူ ၁၀၀၀ ကျော် ရှိနေ ပြီဖြစ်ပါတယ်။ ယူကေနိုင်ငံမှာ ‘လမ်ဘဒါ’ ရောဂါ ပိုးတွေ့ရှိသူ ရှစ်ဦးတွေ့ရှိနေပြီလို့ ပြောပါတယ်။
ဩဂုတ် ၁၃ ရက်မှာ ဂျပန်နိုင်ငံမှာ ‘လမ်ဘဒါ’ ရောဂါပိုးကို ပီရူးနိုင်ငံကနေ ပြန်လာတဲ့ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးမှာ တွေ့ရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်မှာ ဖိလစ်ပိုင် နိုင်ငံက အသက် ၃၀ ဝန်းကျင် အမျိုးသမီးထံမှာ ‘လမ်ဘဒါ’ ရောဂါပိုးတွေ့ရှိတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံသည် အာရှတိုက်ထဲမှာပါပါတယ်။ ဖိလစ်ပိုင်နိုင်ငံသည် အနောက်ပစိဖိတ်ဒေသမှာ ပါပါတယ်။ ‘လမ်ဘဒါ’ ပိုးတွေ့ရှိမှုက တောင် အမေရိကတိုက်ရှိ နိုင်ငံအချို့ကလွဲပြီး အလွန် နည်းပါသေးတယ်။ ‘လမ်ဘဒါ’ ရောဂါပိုးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကလည်း Variants of Concern လို့ သတ်မှတ်ထားခြင်း မရှိပါဘူး။ ‘လမ်ဘဒါ’ ရောဂါ ပိုးသည် Variants of Interest အဆင့်မှာ ရှိပါတယ်။
‘လမ်ဘဒါ’ ဗီဇပြောင်းပိုးသည် ကိုဗစ်ကာကွယ် ဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို လျော့စေ သလားဆိုတာနဲ့ ပတ်သက်ပြီး သုတေသနတစ်ခုက အနည်းငယ်လျော့နည်းစေကြောင်း ပြောထားပါ တယ်။ ဒါကို သက်သေပြနိုင်ဖို့ သုတေသနတွေ များစွာလိုအပ်နေပါသေးတယ်။ ကာကွယ်ဆေးတွေ အလုပ်လုပ်တာနဲ့ ရောဂါကူးစက်ခံရပြီးရင် ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံစွမ်းအား ပဋိပစ္စည်းဖြစ်စေတဲ့ သဘောကို တိတိကျကျ သေသေချာချာ နားလည်ပြီ ဆိုရင် ဗီဇပြောင်းပိုးတွေအပေါ် သိပ်စိုးရိမ်စရာ မလို ဘူးဆိုတာကို သိစေချင်ပါတယ်။
အစီအစဉ်မှူး ။ ။ ကာကွယ်ဆေး ထိုးထားပြီး
ရင် ဗီဇပြောင်းမျိုးကွဲတွေကို ခံနိုင်ရည်ရှိသလားဆိုတာကို ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ လက်ရှိ ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့က အရေးပေါ် အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေသည် ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်အပါအဝင် ဗီဇပြောင်း မျိုးကွဲ တွေကို ၆၀ ရာခိုင်နှုန်းအထက် ကောင်းစွာ ကာကွယ်နိုင်တယ်လို့ ပြောထားပါတယ်။ ရောဂါ လက္ခဏာ ပေါ်တဲ့ ကိုဗစ် - ၁၉ ဖြစ်ပွားမှုကို ၇၀ ကနေ ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်ပါ တယ်။ ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုနဲ့ သေဆုံးမှုတွေကို ၉၀ ရာခိုင်နှုန်းအထက် ကာကွယ် နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထား ပါတယ်။
ဒီနေရာမှာ Medscape ဆေးပညာဂျာနယ်မှာ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရ ကာကွယ်ဆေး တွေရဲ့ ကာကွယ်နိုင်စွမ်း အာနိသင်လျော့နည်းသွား ချိန်မှာတောင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ကောင်းစွာ အလုပ်လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ တွေ့ရှိ ချက်တွေ ရှိပါတယ်။
ကိုယ်ခံအားစနစ်က ဘယ်လို အလုပ်လုပ်လဲ ဆိုရင် ရောဂါပိုးဝင်ရောက်လာတဲ့အခါ ကိုယ်ခံအား စနစ်က ပုံစံ ၃ မျိုးနဲ့ အလုပ်လုပ်ပါတယ်။ နံပါတ် ၁ အများစိတ်ဝင်စားတဲ့ ပဋိပစ္စည်း (Antibody) ဖြစ်ပါတယ်။ Antibody က ရှေ့တန်း ခံစစ်ဖြစ်ပါတယ်။ ရောဂါပိုးတစ်ခုခုဝင်လာပြီဆိုရင် Antibody တွေက အမြန်ဆုံးထွက်လာပါတယ်။ တစ်နည်းအားဖြင့် သူတို့တွေက ဧည့်ကြိုတွေဖြစ်ပါ တယ်။ ဧည့်သည်ဆိုးဆိုရင် သူတို့က မောင်းထုတ် တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
Antibody တွေအနေနဲ့ အားနည်းလာပြီး မနိုင် တော့ဘူးဆိုရင် ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ‘T Cell’ တွေ ရှိပါတယ်။ နောက် ‘Memory B Cell’ တွေ ရှိပါတယ်။ ‘T Cell’ နဲ့ ‘Memory B Cell’ တွေက ခုနကပြောသလို ဝင်လာတဲ့ရောဂါပိုးကို တိုက် ထုတ်ပါတယ်။ နောက်ထပ် မလာနိုင်အောင် တားဆီးပိတ်ပင်ပါတယ်။ ဥပမာ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲ၊ ဆဲလ်ထဲကို ဝင်သွားပြီဆိုရင် ပထမဦး ဆုံး ခန္ဓာကိုယ်ရဲ့ Immune System ကိုယ်ခံစွမ်းအား စနစ်က ကျူးကျော်သူတွေ ဝင်လာပြီဆိုပြီး အချက် ပေးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ကြည်း၊ ရေ၊ လေ စစ်ကြောင်းသုံးခု ပူးပေါင်းပြီး စစ်ပွဲအသွင်နဲ့ တိုက်ခိုက်တယ်လို့ ဆိုထားပါတယ်။
သူတို့က ဘယ်လိုတိုက်ခိုက်သလဲဆိုရင် ခန္ဓာကိုယ်ရဲ့ ‘T Cell’ တွေရှိပါတယ်။ အကူအညီပေး တဲ့ ‘T Cell’ နဲ့ ပါးကွက်အာဏာသားနဲ့တူတဲ့ ‘Killer T Cell’ ဆိုပြီး ရှိပါတယ်။ အကူအညီပေးတဲ့ ‘T Cell’ က ရောဂါပိုးဝင်လာပြီဆိုရင် ရောဂါပိုးကို မှတ်မိ အောင်လုပ်ပါတယ်။ ‘B Cell’ တွေကို သူက နှိုးဆွ လုပ်ပါတယ်။ တာဝန်ကျပြီဆိုပြီး နှိုးဆော်လိုက်ပါ တယ်။ နှိုးလိုက်တော့ ‘B Cell’ တွေက Antibody တွေထုတ်လုပ်ပြီး အကျအန တိုက်ခိုက်ပါတယ်။ ‘Killer T Cell’ တွေက ခန္ဓာကိုယ်အတွက် လက်မရွံ့ တပ်သားတွေဖြစ်ပြီး ဝင်ရောက်လာတဲ့ ရောဂါပိုးကို ရှင်းလင်းပါတယ်။
‘T Cell’ ရဲ့လုပ်ငန်းဆောင်တာသည် ရောဂါပိုး ဝင်ရောက်မှုကို ကာကွယ်တိုက်ခိုက်ရာမှာ အတိုင်း အတာတစ်ခုအထိ ပါဝင်ပတ်သက်နေပေမယ့် သူက ‘B Cell’ တွေရဲ့ အလုပ်တွေ လုပ်ကိုင်နိုင်အောင် လိုအပ်သလို ချိန်ညှိပေးပါတယ်။ ‘B Cell’ တွေကို မင်းတို့အလှည့် တာဝန်ကျပြီဆိုပြီး နှိုးဆော်ပါတယ်။ ရောဂါပိုးတွေကို အပြီးရှင်းလင်းတဲ့ကိစ္စတွေကို လည်း ဆောင်ရွက်ပါတယ်။ ဒါက ‘T Cell’ တွေသည် ‘B Cell’ တွေနဲ့ ဘယ်လိုပေါင်းပြီး အလုပ်လုပ်သလဲ ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။
‘T Cell’ တွေက အလုပ်လုပ်တဲ့အခါ နောက်က နေ ထောက်လှမ်းပါသေးတယ်။ ဗိုင်းရပ်စ်ရဲ့ အပိုင်း အစလေးတွေ ရှိနေသလားဆိုတာ ထောက်လှမ်းပြီး ခန္ဓာကိုယ်ထဲမှာ ထပ်ပြီးတိုက်ခိုက်ဖို့အတွက် နှိုးဆော်ပါတယ်။ ‘T Cell’ က သူများကို အလုပ်လုပ် ခိုင်းရုံတင် မကဘူး။ သူက ဆက်ပြီးတော့ ဗိုင်းရပ်စ် က ဝင်ရောက်သွားတယ်။ ဒါမှမဟုတ် ဗိုင်းရပ်စ်နဲ့ဆင်တူအောင်လုပ်ထားတဲ့ ကာကွယ်ဆေးတွေ ထိုးနှံလိုက်တဲ့အခါ တိုက်ခိုက်ဖို့အတွက် ကိုယ်ခံအား တွေ ပြင်ဆင်တာကိုလည်း လုပ်ပါတယ်။
‘Memory B Cell’ တွေက အကြွင်းအကျန်တွေကို ရှင်းထုတ်နိုင်တဲ့အပြင် နောက်ထပ် မှတ်သားနိုင်တဲ့ မှတ်ဉာဏ်တွေလည်း ရှိပါတယ်။ တချို့တွေဆိုရင် သူက ဆယ်စုနှစ်နဲ့ချီပြီး မှတ်မိနိုင်တဲ့ မှတ်ဉာဏ် တွေရှိပါတယ်။ ဆင်တူရိုးမှားတွေ လာလိုက်ပြီ ဆိုတာနဲ့ တိုက်ခိုက်ပါတယ်။ လက်ရှိ အနေအထား အရ ကာကွယ်ဆေးကြောင့်ပဲဖြစ်ဖြစ်၊ ရောဂါပိုးဝင် ရောက်ခံရလို့ပဲဖြစ်ဖြစ် ရှိတဲ့ကိုယ်ခံအားတွေက လျော့သွားရင်တောင် ‘Memory B Cell’ တွေက ဆက်ပြီးအလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။ ဒါဟာ ဝမ်းသာစရာကောင်းတဲ့ သတင်းဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ‘Memory B Cell’ တွေက ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက်လာ တာနဲ့ မှတ်မိပြီး ကိုယ်ခံအားစနစ်ကို အလုပ်လုပ်နိုင် အောင် လှုံ့ဆော်ပါတယ်။
ရောဂါပိုးတိုက်ထုတ်ရာမှာ Antibody တင်မက ဘူး။ ‘B Cell’ တွေရော၊ ‘T Cell’ တွေရော အချိုးညီညီ အလုပ်လုပ်ပါတယ်။ ဒါကြောင့် Cellular Immunity ဆိုတာလည်း အရေးကြီးတယ်လို့ ပြောခြင်းဖြစ်ပါ တယ်။
ကာကွယ်ဆေးတွေ ထိုးနှံလိုက်တယ်ဆိုရင် ရောဂါပြင်းထန်စွာခံစားရမှု၊ သေဆုံးမှုတွေကို လျော့ကျအောင် ဆောင်ရွက်တာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံလိုက်သူက ၁၀၀ ရာခိုင်နှုန်း တော့ ကာကွယ်နိုင်မှုမရပါဘူး။ ကာကွယ်ဆေးတွေ ထိုးလိုက်ရင် ရောဂါပြင်းထန်စွာခံစားရမှု၊ ကိုဗစ် - ၁၉ ရောဂါလက္ခဏာဖြစ်ပေါ်မှုကိုတော့ ကောင်းစွာ ကာကွယ်နိုင်ပါတယ်။ သို့သော် သာမန်လက္ခဏာမျိုး တော့ ဖြစ်နိုင်ပါတယ်။
အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ခံအားနည်းသူ တွေ၊ တချို့ကိုယ်ခံအားကျဆင်းနေတဲ့ ရောဂါ ဝေဒနာခံစားနေရတဲ့သူတွေ၊ ကိုယ်ခံအားကျဆင်း အောင် ဆေးသောက်နေရသူတွေမှာ ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့နောက် ၂၈ ရက် အကြာမှာ တတိယအကြိမ်ထိုးနှံဖို့ ခွင့်ပြုလိုက်ပြီ လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးရေးဗဟိုဌာန (CDC) က ထုတ်ပြန်ထားပါ တယ်။ ကိုယ်ခံအားနည်းနေတဲ့၊ ကိုယ်ခံအားအပြည့် အဝ မတက်နိုင်တဲ့သူတွေကို ကာကွယ်နိုင်မှု ပိုရစေ ချင်လို့ ဖြစ်ပါတယ်။
ဒါဟာ Booster Dose ကို ဆိုလိုတာမဟုတ်ပါ ဘူး။ သူတို့က အထူးစပယ်ရှယ် ခြွင်းချက်အနေနဲ့ ခွင့်ပြုတာဖြစ်ပါတယ်။ ထိုးနှံရမယ့်ဆေးသည်လည်း mRNA Vaccine အမျိုးအစား၊ Pfizer တို့၊ Moderna တို့ ဖြစ်ရမှာဖြစ်ပါတယ်။ အရှေ့မှာလည်း ဒီလို ကာကွယ်ဆေးမျိုး နှစ်ကြိမ်ထိုးထားတဲ့သူ ဖြစ်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေဟာ ဘယ်လိုကာကွယ် တယ်ဆိုတာ သိပြီဆိုရင် ကာကွယ်ဆေးတွေသည် ‘ဒယ်လ်တာ’အပါအဝင် ကိုဗစ် - ၁၉ ကို ကောင်းစွာ ကာကွယ်နိုင်ပါတယ်။ အခုလက်ရှိမှာ ‘ဒယ်လ်တာ’နဲ့ ‘လမ်ဘဒါ’ကို ပညာရှင်တွေက ယှဉ်စရာတောင် မဟုတ်ဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးကို ပတ်မွှေနေတာ ‘ဒယ်လ်တာ’၊ ရောဂါ ဖြစ်ပွားမှုတွေရဲ့ အများဆုံး လက်သည်က ‘ဒယ်လ်တာ’ကြောင့် ဖြစ်တယ်။
လက်ရှိအနေအထားအရ ‘လမ်ဘဒါ’ ဆိုတာက လည်း သုတေသနပြုလုပ်ဖို့ အများကြီး လိုသေး ပါတယ်။ အရေးမကြီးလို့ Variant of Interest ထဲမှာပါတယ်လို့ ယူဆလို့မရပါဘူး။ သုတေသနတွေ တော့ ဆက်ပြီးလုပ်ရဦးမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သိရမယ့်ကိစ္စကတော့ လက်ရှိမှာ ဒယ်လ်တာအပါအဝင် Variant of Concern ထဲမှာ ပါဝင်တဲ့ ဂရုစိုက်ရမယ့် မျိုးဗီဇကွဲက လေးမျိုးပါ။ လေးခုစလုံးက ကူးစက်မှုမြန်ပါတယ်။
ကူးစက်မှုမြန်တဲ့အပြင် ‘အယ်လ်ဖာ’ ၊ ‘ဒယ်လ်တာ’က မိသားစုအတွင်းမှာ၊ အုပ်စုလိုက် အတွင်းမှာ ကူးစက်မှုမြန်ပါတယ်။ ရောဂါပြင်းထန် မှု၊ ဆေးရုံတက်ရောက်ရမှု၊ သေဆုံးမှုတွေက ‘အယ်လ်ဖာ’ မှာဆိုရင် များပါတယ်။ ဒါဆို ‘ဗီတာ’ ကရော သေဆုံးမှုများတဲ့ အန္တရာယ်ရှိတယ်။ သေသေ ချာချာတော့ အတိအကျတော့ ပြောလို့မရနိုင်သေး ပါဘူး။ ‘ဂါမာ’ကလည်း ဆေးရုံတက်ရောက်မှု များတယ်ဆိုပေမယ့် အတိအကျမပြောနိုင်သေးပါ ဘူး။ ‘ဒယ်လ်တာ’က သေချာပါ တယ်။ ဆေးရုံတက် ရောက်ရမှု များစေပါတယ်။ ပြန်ဖြစ်နိုင်မှုအနေနဲ့ ‘အယ်လ်ဖာ’ သည် ပြန်ဖြစ်နိုင်မှု မရှိပါဘူး။ ‘ဂါမာ’ နဲ့’ဒယ်လ်တာ’ က ပြန်ဖြစ်နိုင်ဖို့ရှိပါတယ်။ ဓာတ်ခွဲ စမ်းသပ်မှုတွေအရ လက်ရှိအနေအထားမှာတော့ ဘာမှပြောင်းလဲမှုမရှိပါဘူး။
(ဆက်လက်ဖော်ပြပါမည်)
ထက်လျှံ