
တစ်ဦးတစ်ယောက်ချင်းကာကွယ်မှ အကုန်လုံး ကာကွယ်မယ်၊ အကုန်လုံး လုံခြုံမှုရမှ ဒီရောဂါကွင်းဆက်ကို
တိတိကျကျဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
(ယမန်နေ့မှအဆက်)
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက် ချက်တွေကိုအကျဉ်းချုပ်တင်ပြရရင် ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်း၊ သင်္ကြန်မတိုင်ခင်ကတည်းက တခြားနိုင်ငံတွေနဲ့ အိန္ဒိယဘက်မှာ ပြင်းပြင်း ထန်ထန် ဖြစ်နေပြီဆိုတာကို သိနေခဲ့ပြီ၊ ဒါကြောင့် နိုင်ငံခြားကနေ ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်း က ဝင်ရောက်လာတဲ့သူတွေကို အသွားအလာ ၁၀ ရက်ကန့်သတ်ပါတယ်။ ၃ ရက်နဲ့ ၇ ရက် မြောက်မှာ ပိုး ရှိ/ မရှိ စစ်ဆေးခဲ့ပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလား ဒေ့ရှ်တို့လို မျိုးဗီဇပြောင်းတာနဲ့ ကူးစက်မြန် ပြင်းထန်တဲ့ နိုင်ငံတွေကလာတယ်ဆိုရင် အသွား အလာကန့်သတ်တာကို ၁၄ ရက်အထိ ထားခဲ့ တယ်။ ဒါတွေက အစောပိုင်းကတည်းက ဆောင် ရွက်နေတာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၅ လပိုင်း အကုန်လောက်မှ တတိယလှိုင်း အစ အနေနဲ့ အစုလိုက်တွေ့တာဖြစ်ပေမယ့် အဲဒီကာလ မတွေ့ခင် နှစ်လလောက် အလိုကတည်းက တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။
ပြည်သူတွေအနေနဲ့ ကွာရန်တင်းဆိုတဲ့ စကား ရပ်က စိတ်ဝင်စားစရာဖြစ်ပါတယ်။ ကွာရန်တင်းကို မူရင်းဘာသာစကား လက်တင်လို (Quarantena) လို့ခေါ်ပါတယ်၊ Quarantena ဆိုတာ ရက် ၄၀ လို့ အဓိပ္ပာယ်ရပါတယ်။ တဖြည်းဖြည်းနဲ့ ကာလ ရွေ့လျောပြီး ကွာရန်တင်း ဖြစ်လာတယ်။ လက်ရှိ ဆေးသိပ္ပံပညာနဲ့ အဲဒီခေတ်အကျိတ်ပလိတ် (Bu-bonic Plague) ကို ပြန်ကြည့်တော့လည်း ၃၇ ရက် လောက် သီးသန့်ခွဲခြားထားရင် နောက်ထပ်ကူးစက်မှု တွေ ဆက်မဖြစ်ဖို့ တော်တော်လေး စိတ်ချရတဲ့အနေ အထားဖြစ်ပါတယ်။ ကိုဗစ် - ၁၉ စတွေ့ကတည်းက ရောဂါပိုးရှိသူနဲ့ ထိတွေ့ထားတဲ့သူတွေကို အခြားသူ တွေနဲ့ ဆက်လက် မကူးစက်နိုင်ရေး ရောဂါပျိုးရက် ဖြစ်တဲ့ ၁၄ ရက်လောက် သီးသန့်ခွဲခြားထားရှိတဲ့ ကွာရန်တင်းလုပ်ငန်းစဉ်က ဟိုးရှေးခေတ် ၁၄ ရာစု၊ ၁၅ ရာစုကတည်းကစပြီး အသုံးတည့်ခဲ့တဲ့ လုပ်ငန်း လည်းဖြစ်တဲ့အကြောင်းနဲ့ ဒီကွာရန်တင်းလုပ်ငန်း ကို ခေတ်ပေါ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း တွေမှာ မဖြစ်မနေသုံးစွဲနေရခြင်းဖြစ်တယ်ဆိုတာ သမိုင်းကြောင်းနဲ့တကွ အတိုချုပ်တင်ပြခြင်း ဖြစ်ပါ တယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပိုးတွေ့တယ် ဆိုရင် ပိုးကူးစက်တဲ့သူတွေကို စောစောစီးစီး ရှာဖွေ ဖော်ထုတ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါ တယ်။ ပြည်သူတွေအတွင်းမှာ သံသယလက္ခဏာဖြစ် တဲ့ ဖျားတယ်၊ အနံ့အရသာပျောက်တယ်၊ အသက်ရှူ ရခက်ခဲတယ် ဒါမျိုးတွေဖြစ်လာရင် သတင်းပို့ပါ၊ စစ်ဆေးပါလို့ တင်ပြလိုက်ပါတယ်။
နောက်တစ်ချက်က ဝန်ကြီးဌာနအနေနဲ့ ဓာတ်ခွဲ စစ်ဆေးမှုတွေကို တိုးမြှင့်ဆောင်ရွက်နေတဲ့ အပိုင်း ဖြစ်ပါတယ်။ ရန်ကုန်မှာ Test Center တွေ အများ အပြားနေရာတိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီး Mobile Medical Team တွေနဲ့သွားပြီး လူနာအိမ်နဲ့ ပတ်ဝန်းကျင်မှာ ပိုးတွေ့သူနဲ့ထိတွေ့ ဆက်စပ်ခဲ့သူတွေ ကိုရှာပြီး စစ်ဆေးတာတွေ ရှိပါတယ်။ နောက်ပြီး ဓာတ်ခွဲစစ်ဆေးတဲ့အပိုင်းမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနက PCR တွေအပြင် တပ်မတော်ဆေးရုံ တွေနဲ့ တပ်မတော်ဆေးသုတေသနတပ်က PCR စက်တွေနဲ့ ပူးပေါင်းစစ်ဆေးခဲ့ပါတယ်။ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းတွေရဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေး နိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။
နောက်တစ်ခုက လူဦးရေနဲ့ ဖြစ်ပွားမှုအပေါ် မူတည်ပြီး Stay at Home မြို့နယ် ၁၁၉ မြို့နယ် သတ်မှတ်ထားပါတယ်။ Stay at Home မြို့နယ်ကနေ Non Stay at Home မြို့နယ်ကို လာတာ၊ Stay at Home အချင်းချင်းခရီးသွားတာ ဒါမျိုးတွေကို အသွား အလာ ၁၀ ရက်ကန့်သတ်ထားပါတယ်။ ၃ ရက်နဲ့ ၇ ရက်မြောက်မှာ ဓာတ်ခွဲစစ်ဆေးပါတယ်။ Stay at Home ထဲမှာမပါပေမယ့် ကာကွယ်ရေးနည်းလမ်း တွေ၊ ရောဂါထိန်းချုပ်ရေးနည်းလမ်းတွေ အားနည်း မယ်ဆိုရင် Non Stay at Home မြို့နယ်ကလည်း အချိန်မရွေး Stay at Home ထဲ ပါသွားနိုင်ပါတယ်။ နောက်ရောဂါခံစားနေရတဲ့သူတွေကို ဝေဒနာအခြေ အနေအပေါ် မူတည်ပြီး Positive Center မှာ ဆေးကုသမှုပေးပါတယ်။ ရောဂါပြင်းထန်လို့ ဆေးရုံသွားရမယ်ဆိုရင် လွှဲပြောင်းပို့ဆောင်ပေးတာတွေဆောင်ရွက်ပါတယ်။
သိသာထင်ရှားတဲ့ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်ချက်အနေနဲ့ နိုင်ငံတော်က ယခုနှစ် ဇူလိုင်လ ၁၇ ရက်ကစပြီး ရုံးပိတ်ရက်ရှည် တွေ သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ အခု စက်တင်ဘာ လ ၁၀ ရက်အထိ တိုးထားပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်လျက် ရှိပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်ကုန်မှာ ဦးတည်လူအုပ်စုတွေရဲ့ ၅၀ ရာခိုင်နှုန်းအထက်၊ ဖြစ်နိုင်ရင် ၇၀ ရာခိုင်နှုန်း လောက်ကို ထိုးနှံပေးနိုင်ရေး ဦးစားပေးအစီအစဉ် အလိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လတ်တလောသိရှိရတဲ့ အချက်အလက်တစ်ခုကို တင်ပြချင်တာက အမေရိကန်ရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန CDC က ၂၀၂၁ ခုနှစ် ဇူလိုင်လက လော့စ်အိန်ဂျလိစ်မှာ လေ့လာ သုတေသနပြုထားပါတယ်။ ကာကွယ်ဆေးမထိုး ထားသူက ထိုးထားသူထက် ရောဂါကူးစက်ခံရဖို့ ငါးဆ ပိုများပါတယ်။ ဆေးရုံ တက်ရောက်ရမှုနဲ့ ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားမှု ၂၉ ဆ ပိုများ ပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံ ရောက်ရှိမှု အနေနဲ့ ကာကွယ်ဆေး Covishield ဝယ်တာ ၂ သန်း၊ လှူတာ ၁ ဒသမ ၇ သန်း၊ Sinopharm (Beijing) ကို ဝယ်တာ ၂ သန်း၊ Sinovac ၂ သန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပထမအကြိမ် လှူတာက ၀ ဒသမ ၅ သန်း၊ ဒုတိယအကြိမ်က ၂ သန်း ကာကွယ်ဆေး စုစုပေါင်း ၁၀ ဒသမ ၂ သန်း ရောက်ရှိနေပြီး ဦးတည်လူအုပ်စုတွေကို ထိုးနှံပေး လျက်ရှိရာမှာ လူဦးရေစုစုပေါင်း ၄၆၈၃၄၁၀ ထိုးနှံပေးပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးနှံပြီးသူ ၁၈၀၀၀၀၀ ကျော်ပြီး ပထမ အကြိမ်ထိုးနှံပြီး ၂၈၀၀၀၀၀ ကျော် ရှိပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ် စုစုပေါင်း ယခုနှစ် ဩဂုတ်လ ၂၈ ရက်အထိ ၆၅၂၉၆၀၀ ကြိမ်ထိုးနှံပြီးဖြစ်ပါတယ်။ စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာ ၁၀ သန်းစီနဲ့ သန်း ၂၀၊ လက်ထဲမှာရှိတဲ့ ၁၀ ဒသမ ၂ သန်းနဲ့ပေါင်း ရင် ကာကွယ်ဆေးသန်း ၃၀ ကျော်ရရှိမှာ ဖြစ်ပြီး အမြန်ဆုံးထိုးနှံနိုင်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။
တတိယလှိုင်းမှာ ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေ ထဲမှာ ကာကွယ်ဆေးထိုးခြင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းအပြင် အရေးကြီးတဲ့အပိုင်းက ပြည်သူလူထုကို ကျန်းမာ ရေး အသိပညာပေးတဲ့အပိုင်း ဖြစ်ပါတယ်။ တစ်ဦး တစ်ယောက်ချင်းကာကွယ်မှ အကုန်လုံး ကာကွယ် မယ်၊ အကုန်လုံး လုံခြုံမှုရမှ ဒီရောဂါကွင်းဆက်ကို တိတိကျကျ ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကို မိမိတို့ လူသားတွေရဲ့ အသိဉာဏ်၊ သတိတရားကသာ နိုင်မှာဖြစ်ပါတယ်။ သူ့ကို အောင်မြင်နိုင်မယ့် ကျန်းမာရေးအသိတရားနဲ့ သတိတရားကို ထည့်ပေးတဲ့လုပ်ငန်းက အခု ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း ဖြစ်ပါတယ်။
ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း အရ ဒီရောဂါအကြောင်းကို ပြည်သူတွေ သိအောင်၊ ကာကွယ်ရေး နည်းလမ်းတွေကို သိအောင်ပြောရ ပါတယ်။ တဖြည်းဖြည်းနဲ့ လိုက်နာကျင့်သုံးပြီး အလေ့အထဖြစ်ရာမှ အပြုအမူပြောင်းလဲလာသည် အထိ နေထိုင်လုပ်ကိုင်လာအောင် ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ New Normal ဆိုတာ ရောဂါ ကာကွယ်ရေးအပြုအမူတွေကို နေ့စဉ်ဘဝမှာ သတိ ပြုဆောင်ရွက်တာကိုပြောတာပါ။ ဒါပေမယ့် ထုံးစံ အတိုင်း ရောဂါဖြစ်ပွားမှုကျရင် လိုက်နာမှုအားနည်းလာ တာကို တွေ့နေရပါတယ်။ ဒီတော့ ရောဂါဖြစ်ပွားမှု ကျသွားလည်း ရောဂါကာကွယ်ရေးတွေကို ဆက်လက်လုပ်ဆောင်ပါတယ်။ ဒါမှ ဒီရောဂါက လုံးဝဒုက္ခမပေးနိုင်တဲ့ အဆင့်မှာဝပ်သွားမှာ ဖြစ်ပါ တယ်။
နောက်တစ်ခုက ကိုဗစ် - ၁၉ နဲ့တွဲပြီး သတင်း အတု၊ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။ Infodemic လို့ ခေါ်ပါတယ်။ Pandemic က ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ Infodemic က လူတွေ ကြောင့် ဖြစ်ပါတယ်။ ဒီနှစ်ခု ပေါင်းလိုက်တော့ ဒုက္ခပေးနိုင်တဲ့ပမာဏက အကြီးကြီး ဖြစ်သွားပါ တယ်။ ဒါကြောင့် သတင်းတု၊ သတင်းမှားတွေကို တိုက်ဖျက်ဖို့ လိုပါတယ်။ နိုင်ငံပိုင်မီဒီယာတွေ၊ ကျန်းမာရေးဝန်ကြီးဌာနကတရားဝင် ထုတ်ပြန် တာ၊ ကမ္ဘာပေါ်မှာစိတ်ချရတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကုသ ရေးဗဟိုဌာနတွေက ထွက်လာတာတွေကိုတော့ ယုံကြည်ဖို့လိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ Call Center က နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီ အထိ ပိတ်ရက်မရှိ ဖြေကြားပေးလျက်ရှိပါတယ်။
သတင်းအချက်အလက်က ဘယ်လောက် စစ်မှန်သလဲ၊ တစ်ဖက်က လူတွေရဲ့ ယုံကြည်မှုကို ဘယ်လောက်ရသလဲ။ ဒီနှစ်ခုက တိုက်ဆိုင်သွားရင် Communication အောင်မြင်တယ်လို့ ခေါ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ C သုံးလုံးကို လုပ်ရပါတယ်။ နံပါတ် ၁ Count ရေတွက်ခြင်းပါ၊ ဘယ်နေရာ ဘယ်မြို့က ဘယ်လောက်တက်တယ် စသဖြင့် ကိန်းဂဏန်းတွေကို ရေတွက်ရတယ်။ နံပါတ် ၂ ဒီနေရာနဲ့ ဟိုနေရာ Compare နှိုင်းယှဉ်ရတယ်၊ နံပါတ် ၃ ဒီတွေ့ရှိချက်တွေကို ပြည်သူလူထုကို ပြန်ပြီး တင်ပြရတယ်။ ဒါကို Communicate လုပ်တယ်လို့ခေါ်တယ်။ ဒီ 3 C ကို ကပ်ရောဂါဗေဒ ကို လေ့ကျင့်သင်ကြားထားသူတွေ၊ ကပ်ရောဂါဗေဒ ပညာရှင်တွေအနေနဲ့ မဖြစ်မနေ လုပ်ရပါတယ်။ ဒါကြောင့် 3 C လုပ်ငန်းကို အလေး ထားဆောင်ရွက်နေ ခြင်း ဖြစ်ပါတယ်။
အစီအစဉ်မှူး ။ ။ ဖြည့်စွက်ပြောကြား လိုတာ ရှိရင် ပြောကြားပေးပါ။
ဒေါက်တာသန်းနိုင်စိုး ။ ။ ကိုဗစ် - ၁၉ တတိယ လှိုင်းက ဦးကျိုး သွားတဲ့သဘော တွေ့နေရပါပြီ။ ဆက်လက်ပြီး ပြားပြားဝပ်သွားဖို့က နိုင်ငံတော်အစိုးရ၊ နှီးနွှယ် ဝန်ကြီးဌာနတွေ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရ အားလုံးရဲ့ Political Commitment အပြည့်နဲ့ လမ်းညွှန်ပေးမှုတွေ၊ ပြည်သူတစ်ရပ်လုံးရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးမှုတွေနဲ့ ဆက်လက်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေ နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း၊ ကာကွယ်ဆေး ထိုးခြင်း၊ ကာကွယ်ဆေး ထိုးပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက် လိုက်နာခြင်းတွေကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါ တယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်ပြီး Epidemiology Surveillance/ Laboratory Surveillance တွေကို သက်ဆိုင်ရာဌာနတွေနဲ့ ကြိုပမ်းဆောင်ရွက်လျက်ရှိပါတယ်။ မည်သည့် လုပ်ငန်းမဆို သုတေသနပါမှ ရေရှည်မှာ ပိုမို အောင်မြင်ထိရောက်မှာ ဖြစ်ပါတယ်။ သုတေသန ပိုင်းဆိုင်ရာကိစ္စတွေ ပူးပေါင်းဆောင်ရွက်ပြီး ဗိုင်း ရပ်စ်ရဲ့ အားနည်းချက်တွေကို ထပ်ခါထပ်ခါရှာပြီး ထိုးနှက်နိုင်ရင် တတိယလှိုင်း ခပ်မြန်မြန်ပြီးမှာ ဖြစ်တဲ့အပြင် နောက်ဖြစ်ပေါ်လာနိုင်မယ့် လှိုင်းတွေ ကို ထိထိရောက်ရောက် ကာကွယ်နိုင်မယ်ဆိုတဲ့ အကြောင်းကို တင်ပြလိုပါတယ်။ မိဘပြည်သူများ အားလုံး ကိုဗစ်-၁၉ ရောဂါနဲ့ နောက်ဆက်တွဲ ရောဂါတွေ အန္တရာယ်ကနေကင်းဝေးပြီး ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ် ပါတယ်။ ။