
ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများ ဆက်လက်ကျဆင်းစေရေး ဆောင်ရွက်ရန် အချက်များနှင့်ပတ်သက်၍ သိကောင်းစရာများ
ထက်လျှံ
လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကို (၁၄-၁၀-၂၀၂၁) တွင် တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ ။ မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုက ၈ ရာခိုင်နှုန်းခန့်မှာ တန်းနေတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ပြောကြား ပေးစေလိုပါတယ်။
ဖြေ ။ ။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်းက ၈ ရာခိုင်နှုန်းဝန်းကျင်မှာ တန်းနေတယ်ဆိုတာ တွေ့ရပါတယ်။ ပိုးတွေ့နှုန်းက တန်းနေပေမယ့် ပိုးတွေ့တဲ့ လူဦးရေက တစ်ထောင်ဝန်းကျင်အထိ အရေအတွက်အားဖြင့် ကျလာတာကို တွေ့ရပါ တယ်။ ကျန်းမာရေးပညာရှင်တွေရဲ့ သုံးသပ်ချက် အရလည်း ပိုးတွေ့နှုန်း ၅ ရာခိုင်နှုန်းအောက်ကျမှ နိုင်ငံမှာရှိတဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်း တွေ တော်တော်များများလည်း ပြန်လည်ပြီး လည်ပတ်နိုင်မယ့် သဘောရှိတဲ့အတွက် ပိုးတွေ့ရှိ နှုန်းနဲ့ ပိုးတွေ့ရှိသူ အရေအတွက် ဆက်လက်ကျဆင်း စေရေး အားလုံးက ပါဝင်ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
လတ်တလော ပိုးတွေ့နှုန်းများနေတဲ့ ဒေသ တွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ ရှမ်းပြည်နယ်မှာ များနေပြီး ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့ ဒီဒေသ သုံးခုလုံးမှာ များနေတာကို တွေ့ရပါတယ်။ နောက်ထပ်များနေတဲ့ဒေသက မန္တလေးတိုင်းဒေသ ကြီးဖြစ်ပါတယ်။ ဒီနေရာတွေမှာ ပိုးတွေ့ရှိမှုနှုန်းနဲ့ ပိုးတွေ့လူနာ ဆက်လက်ကျဆင်းရေးအတွက်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့တွေ့ဆုံပြီး အနီးကပ် လမ်းညွှန်မှာကြားတာတွေ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်တာတွေ ပံ့ပိုးပေးခြင်း ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။
လက်ရှိကူးစက်ဖြစ်ပွားနေမှုတွေကို သုံးသပ် ကြည့်တဲ့အခါမှာ မြို့ကြီးတွေပေါ်မှာ အတော် နည်းသွားပြီး ကျေးရွာတွေမှာ များလာနေတာကို တွေ့ရပါတယ်။ တချို့ကျေးရွာတွေမှာ ကျေးရွာ အလိုက် ရွာထဲကို လူစိမ်းဝင်လို့မရအောင် Lock-down ချတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်နဲ့ လာရောက်ရောင်းချ တဲ့ ဈေးသည်တွေလာပြီဆိုရင် တစ်ရွာလုံးက ထွက်ပြီး စုပြုံဈေးဝယ်ကြပါတယ်။ ဒီလိုနေရာတွေက ရောဂါ ကူးစက်နိုင်ခြေရှိပါတယ်။ နောက်တစ်ခုက ကျေးရွာတွေကနေ မြို့ပေါ်တက်ပြီး ဈေးဝယ်တဲ့အခါ၊ ဈေးတွေမှာ ကိုဗစ်-၁၉ စည်းကမ်းတွေကို လိုက်နာမှု အားနည်းတဲ့အခါ စျေးတက်ဝယ်တဲ့သူကတစ်ဆင့် ရွာကို ရောဂါပိုးပါသွားပါတယ်။ ကိုဗစ်-၁၉ ရောဂါ မှာ ထူးခြားချက်က ရောဂါလက္ခဏာမပြဘဲ ရောဂါပိုး သယ်ဆောင်သူဖြစ်နေနိုင်တော့ ရွာတွေမှာ ဆက်တိုက်ဆိုသလို မြို့တက်လိုက် ရောဂါပိုးပါလာ လိုက်၊ ရွာပြန်သွားလိုက် ပိုးကဆက်လက်ကူးစက် လိုက် ဖြစ်တတ်ပါတယ်။ ဒီလိုအကြောင်းတွေက ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုနှုန်း ၈ ရာခိုင်နှုန်း ဝန်းကျင်မှာ တန့်နေရခြင်းရဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် မြို့တွေ မှာ လူစုလူဝေးဖြစ်နိုင်တဲ့ ကားဂိတ်တို့၊ ဈေးတို့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။
ဒီနေရာမှာ အရေးပါတဲ့ အချက်အနေနဲ့ ကျေးလက်ဒေသအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါဆက်လက် ကျဆင်းရေးမှာ အလွန်အရေးကြီး တဲ့အတွက် အားစိုက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရောဂါ ဆက်လက်ကျဆင်းဖို့အတွက်ဆိုရင် ကျေးရွာ တွေမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း ဈေးသွားဝယ်တဲ့ အချိန်ကအစ ကိုဗစ်-၁၉ စည်းကမ်းတွေကို လိုက်နာဖို့လိုပါတယ်။ ဖြစ်ပွားမှု များပြားနေတဲ့ မြို့တွေကနေ ရွာကိုပြန်မယ့်သူ ဆိုရင်လည်း ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ သီးသန့်ခွဲခြားနေထိုင်တာ ကအစ စနစ်တကျဆောင်ရွက်ဖို့လိုပါတယ်။ ရွာမှာ ပိုးတွေ့တဲ့သူရှိရင် သီးသန့်ခွဲခြားနေထိုင်စေခြင်း၊ အခြားသူတွေနဲ့ ဆက်လက် မထိတွေ့စေခြင်း၊ ပိုးတွေ့သူကို ကုသရေးစင်တာတွေကို ပို့ဆောင် ပေးခြင်းစတဲ့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို တစ်ရွာလုံးက အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါဆိုရင် ဖြစ်ပွားမှုများပြားနေတဲ့ နေရာ တွေ၊ ကျေးရွာတွေမှာလည်း ရောဂါဖြစ်ပွားမှုတွေ လျော့နည်းလာပြီး တစ်နိုင်ငံလုံး ပိုးတွေ့ရှိမှုနှုန်း အနေနဲ့ မကြာခင် ၅ ရာခိုင်နှုန်းအောက်ကို ရောက်လာမှာဖြစ်ပါတယ်။
မေး ။ ။ စျေးတွေမှာ ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာဆောင်ရွက် ရမယ့် အပိုင်းကိုလည်း သုံးသပ်ပြောကြားပေးစေ လိုပါတယ်။
ဖြေ ။ ။ ဈေးတွေမှာ သုံးချောင်းထောက်ခုံ တစ်ခုလို နံပါတ် ၁ အနေနဲ့ ကိုဗစ်- ၁၉ ရောဂါနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို စနစ်တကျလိုက်နာကြစေဖို့၊ နံပါတ် ၂ အချက်က ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားဖို့ဖြစ်ပြီး ဈေးဝယ်သူရော ဈေးရောင်းသူပါ ကိုယ့်အလှည့်ကျ ရရှိလာတဲ့ ကာကွယ်ဆေးကို မဖြစ်မနေ အကြိမ်ပြည့် ထိုးနှံထားဖို့၊ နံပါတ် ၃ အချက်က ဈေးတွေမှာ လိုအပ် ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးရှိ/ မရှိ စစ်ဆေး ပေးတာတွေ ဆောင်ရွက်ပေးဖို့နဲ့ ဒီလုပ်ငန်းတွေမှာ အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်း သုံးခုကို စနစ်တကျ အချိတ်အဆက်မိမိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရင် ဈေးတွေ ကနေတစ်ဆင့် ရောဂါကူးစက်မှုတွေ လျော့ကျသွား မှာ ဖြစ်ပါတယ်။ ဈေးကနေ ရွာကိုပြန်တဲ့အခါ ကိုဗစ်-၁၉ ရောဂါပိုးပါသွားနိုင်တာတွေကိုလည်း ထိထိရောက်ရောက်တားဆီးနိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ ဈေးတွေမှာ လိုက်နာရမယ့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း တွေမှာ ကျွန်တော်တို့ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲအနေနဲ့ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲလို သက်ဆိုင်ရာဌာနခွဲ တွေနဲ့ ညှိနှိုင်းပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့အတည် ပြုချက်နဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ SOP တွေ၊ လမ်းညွှန်ချက်တွေ ထုတ်ပြန် ရပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ လမ်းညွှန်ချက် တစ်ခုဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအတွင်း ဈေးဝယ်သူများ၊ အိမ်ဆိုင် များ၊ ဈေးဆိုင်များ၊ ဈေးများနှင့် ဈေးကြီးကြပ်ရေး ကော်မတီများ တိကျစွာလိုက်နာရမယ့် အချက်များ ဆိုပြီး ဇူလိုင်လ ၆ ရက်နေ့မှာ Version-4.0 အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ပထမဦးစွာ ဈေးဝယ်သူတွေအနေနဲ့ လိုက်နာ ရမယ့်အချက်တွေကို တင်ပြလိုပါတယ်။ စျေးဝယ် သူတွေအနေနဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း၊ အသက် ရှူရခက်ခဲခြင်းစတဲ့ ကိုဗစ်-၁၉ သံသယလက္ခဏာ တစ်ခုခုခံစားနေရရင်၊ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ကိုဗစ် - ၁၉ ဖြစ်ပွားမှုများပြားရာဒေသသို့ ခရီးသွားခဲ့ ခြင်းနဲ့ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခြင်းရှိပါက အိမ်မှာပဲနေရမှာ ဖြစ်ပါ တယ်။ ဈေးဝယ်ထွက်ခြင်း မပြုလုပ်သင့်ပါဘူး။ သက်ဆိုင်ရာကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး စစ်ဆေးတာ၊ ကုသမှုခံယူတာတွေကို အချိန်နဲ့ တစ်ပြေးညီ စောစောစီးစီး ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။
စျေးဝယ်သူတွေအနေနဲ့ ဈေးက ရောဂါကူးစက် နိုင်ခြေ များပြားတဲ့နေရာတစ်ခု ဖြစ်တယ်ဆိုတာကို မဖြစ်မနေ သိရှိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဈေးဝယ်ခြင်းကို အချိန်အတိုဆုံးဖြစ်ဖို့ ကြိုတင် စီစဉ်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် နေ့တိုင်း ဈေးမဝယ်ပါနဲ့။ မိသားစုမှာ ဈေးဝယ်မယ့်သူတစ်ဦးကို သတ်သတ်မှတ်မှတ်ထားပါ။ စျေးဝယ်မယ့်သူအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာတဲ့သူမျိုး၊ လူငယ်လူရွယ် (သို့မဟုတ်) ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံခြင်းခံယူထားသူ ဖြစ်ရမှာဖြစ်ပြီး အသက် ၆၀ အထက် ရှိသူတွေ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ ကင်ဆာစတဲ့ နာတာရှည်ရောဂါ ရှိသူတွေအနေနဲ့ ဈေးဝယ်ထွက်ခြင်း မပြုသင့်ပါဘူး။ ဒီလိုရောဂါအခံ ရှိသူတွေက ရောဂါ ကူးစက်ခံရရင် ပြင်းပြင်း ထန်ထန်ရောဂါခံစားရပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။
နောက်တစ်ခုက ဈေးဝယ်ဖို့ အိမ်ကထွက်တာနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ကို စနစ်တကျ သေချာတပ်ဆင်ရပါမယ်။ ဈေးဝယ်သူအချင်းချင်း အကြား၊ ဈေးဝယ်သူနဲ့ ဈေးရောင်းသူအကြား အနည်းဆုံး ၆ ပေခန့်အကွာကနေ ခပ်ခွာခွာပြောဆို ဆက်ဆံရပါမယ်။ ငွေလက်ခံ ကိုင်တွယ်ပြီးတဲ့ အချိန်တိုင်း၊ အများသုံးပစ္စည်းတွေကို ကိုင်တွယ်ပြီး တိုင်း ဆပ်ပြာနဲ့ ရေကိုသုံးပြီး လက်ကိုအနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောဖို့၊ ဒါမှမဟုတ်ရင် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်း အထက်ပါတဲ့ ရေမလိုလက်သန့်စင်ဆေးရည်ကို အသုံးပြုရမှာဖြစ်ပြီး စျေးဝယ်ထွက်ချိန်မှာ ရေမလို လက်သန့်စင်ဆေးရည်ဘူးငယ်ကို အိမ်က တစ်ပါ တည်း ယူဆောင်သွားရမှာ ဖြစ်ပါတယ်။
လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့ကို ကိုင်တွယ်ခြင်း လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူးအသုံးပြုပြီးရင် လည်း အဖုံးပါတဲ့ အမှိုက်ပုံးထဲကို စနစ်တကျ စွန့်ပစ်ဖို့လိုပါတယ်။ ပြီးရင် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ပြန်ဆေးရမှာ ဖြစ်ပါတယ်။ ဈေးကိုရောက်ရင်လည်း ပါးစပ်နဲ့ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်မထားတဲ့သူတွေ၊ မေးမှာချိတ်ထားတဲ့သူတွေထံက လုံးဝဈေးမဝယ် ပါနဲ့။ ဈေးဝယ်ရာကနေ အိမ်ကိုပြန်လာရင်လည်း ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို အိမ်အပြင်မှာ စနစ်တကျ စွန့်ပစ်ရမှာဖြစ်ပါတယ်။ ပြီးရင် ဆပ်ပြာ နဲ့ရေ အသုံးပြုပြီး လက်ကို စနစ်တကျဆေးဖို့ လိုပါတယ်။
ဈေးကဝယ်လာတဲ့ ပစ္စည်းတွေကို အိတ်တွေ ထဲက ထုတ်ပြီး ရေနဲ့သေချာဆေးကြောပါ။ ဈေးသွား တုန်းက ဝတ်ဆင်တဲ့ အဝတ်အစားတွေကို အိမ်ရောက်တာနဲ့ ချက်ချင်းလဲလှယ်ပါ။ ဖြစ်နိုင်ရင် ဆပ်ပြာရေနဲ့ နာရီဝက်လောက်စိမ်ပြီးမှ လျှော်ပါ။ ရေမချိုးခင်၊ အဝတ်အစား မလဲခင်၊ လက်မဆေး ရသေးခင် အိမ်သားတွေနဲ့ အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
မေး။ ။ ဈေးရောင်းသူတွေအနေနဲ့ ဘယ်လို လိုက်နာဆောင်ရွက်ရမယ်ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ဈေးရောင်းသူတွေအနေနဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့ အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်း စတဲ့ ကိုဗစ် - ၁၉ ရောဂါ သံသယလက္ခဏာတစ်ခုခု ခံစားရမယ်၊ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားတဲ့ဒေသကို ခရီးသွားခဲ့မယ်၊ ရောဂါ အတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခြင်း တွေရှိရင် အိမ်မှာပဲ အနားယူပါ။ ဈေးရောင်း မသွား ပါနဲ့။ ကိုယ်က ပိုးရှိတဲ့သူဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ ရောဂါပိုးရှိခဲ့ရင် ဈေးမှာ ကိုယ့်ဆီကတစ်ဆင့် တခြားသူတွေကို ထိတွေ့ကူးစက်မှာစိုးတဲ့အတွက် ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဌာနထံ စောစောစီးစီးသတင်းပို့ပြီး ဆက်သွယ်ဆောင်ရွက်ဖို့ လိုပါတယ်။
နောက်ပြီး ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ် စတဲ့ ရောဂါအခံရှိသူတွေအနေနဲ့ ဖြစ်နိုင်ရင် ဈေးမရောင်းပါနဲ့။ စားဝတ်နေရေးအရ ရောင်းရမယ် ဆိုရင်လည်း အကာအကွယ်တွေကို သေချာသုံးဖို့၊ လူတွေနဲ့ထိတွေ့မှုနဲ့ ထိတွေ့ချိန်နည်းဖို့ လိုပါတယ်။ ဈေးဆိုတာက ကိုဗစ်-၁၉ ကူးစက်နိုင်ခြေ ပိုမို များပြားတဲ့ နေရာဖြစ်တဲ့အတွက် ဈေးရောင်းချရာမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှာကို အထူးသတိပြု ရမှာဖြစ်ပါတယ်။ ဈေးရောင်းချသူနဲ့ ဈေးဝယ်သူ ကြားမှာ တတ်နိုင်သရွေ့ ၆ ပေ ၊ အနည်းဆုံး ၃ ပေ အကွာဖြစ်နိုင်ဖို့ စီစဉ်ထားပါ။ နောက်ပြီး Mask ကို စနစ်တကျ မတပ်ဆင်ဘဲ ဈေးမရောင်းပါနဲ့။ လူများများတိုးပြီး ဝယ်ယူရောင်းချရတဲ့ ဈေးဆိုင် တွေဆိုရင် ဈေးရောင်းချသူက Mask အပြင် Face Shield ပါ တပ်ရမှာ ဖြစ်ပါတယ်။
Mask ကို မေးစေ့မှာ ချိတ်မထားသင့်ပါဘူး၊ အဲဒီလို မေးချိတ်တဲ့သူတွေဆိုရင် အကာအကွယ် မရဘဲ မေးမှာကပ်နေတဲ့ ရောဂါပိုးရှိနေရင်တောင် ပြန်ပြီးတပ်လိုက်တဲ့ အချိန်မှာ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။ နောက်အရေး ကြီးတဲ့အချက်တစ်ခုက ဈေးရောင်းချတဲ့ နေရာ၊ ဈေးဆိုင်ဝန်းကျင်မှာ လေဝင်လေထွက်ကောင်းဖို့ အရေးကြီးပါတယ်။ နောက်တစ်ချက်အနေနဲ့ ငွေနဲ့ အများသုံး ပစ္စည်းတွေကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့် ၂၀ ကြာအောင်ဆေးဖို့ (သို့မဟုတ်) လက်သန့်စင်ဆေးရည်သုံးဖို့၊ ဈေးရောင်းသူတွေက လည်း လက်မဆေးဘဲ မိမိရဲ့ နှာခေါင်း၊ မျက်လုံး၊ ပါးစပ်တို့ကို မကိုင်မိဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ဆိုင်ကြီးတွေအနေနဲ့ လက်ဆေးဖို့နေရာ စီစဉ်ပေး ထားဖို့ လိုပါတယ်။
လူအများ ထိတွေ့တဲ့နေရာဖြစ်တဲ့ ငွေရှင်း ကောင်တာ၊ အဝင်အထွက် တံခါးလက်ကိုင်၊ ဈေးဝယ်ခြင်းတောင်းလက်ကိုင်၊ လက်တွန်းလှည်း လက်ကိုင်တွေကို အယ်လ်ကိုဟော ၇၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်းပါဝင်တဲ့ ပိုးသန့်စင်ဆေးရည်နဲ့ မကြာခဏ ပွတ်တိုက်သန့်စင်ရမှာ ဖြစ်ပါတယ်။ ကြမ်းပြင်တွေကို သန့်စင်တဲ့အခါ ဆပ်ပြာနဲ့ ဦးစွာ ကြမ်းတိုက်ပြီး မိနစ် ၃၀ လောက်အကြာမှာ ရေစို အဝတ်နဲ့ ပြန်ပြီးပွတ်တိုက်တာတွေ လုပ်ဆောင် သင့်ပါတယ်။
မေး ။ ။ ဈေးကြီးကြပ်သူတွေအနေနဲ့ လိုက်နာ ဆောင်ရွက်သင့်တာ တွေကိုလည်း ဆွေးနွေး ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်နိုင်ဖို့ ဆိုတာ ဈေးကြီးကြပ်တဲ့သူတွေက အမြဲတမ်း စောင့်ကြပ်ကြည့်ရှုပြီး လိုအပ်တာတွေကို ပံ့ပိုးကူညီပေးဖို့လိုပါတယ်။ ဈေးအတွင်းလက်ဆေးဖို့ နေရာ၊ ဆပ်ပြာနဲ့ ရေ (သို့မဟုတ်) လက်သန့် ဆေးရည် ထားရှိပေးခြင်းတွေအပြင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တွေ ရောင်းတဲ့နေရာတွေ ထားရှိပေးခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ဈေးကြီးကြပ်ရေးကော်မတီ တွေအနေနဲ့ ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်ဆင် ပါက ဈေးအတွင်း ဈေးဝယ်ခြင်း၊ ဈေးရောင်းချခြင်း များကို လုံးဝဆောင်ရွက်ခွင့် မပြုပါဆိုတာမျိုးတွေကို အသိပညာပေးအနေနဲ့ ဆောင်ရွက်သင့်ပါတယ်။ ကြီးကြပ်ရေး ကော်မတီတွေအနေနဲ့ ဈေးအတွင်း ဈေးဆိုင်တန်းတွေကို လေဝင်/လေထွက် ကောင်း အောင်၊ ဈေးဝယ်တဲ့အခါမှာလည်း လူစုလူဝေးမဖြစ် အောင် စနစ်တကျ စောင့်ကြပ်ကြီးကြပ်ပေးဖို့ လိုပါတယ်။
နောက်တစ်ချက်အနေနဲ့ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဈေးရောင်းချသူ၊ ဈေးဝယ်သူတွေက အတိအကျလိုက်နာဖို့ ပညာ ပေးမယ်၊ ရှောင်တခင် ဝင်ရောက်စစ်ဆေးမယ်၊ စဉ်ဆက်မပြတ် ဆန်းစစ်ကြပ်မတ်မယ်၊ ဒါတွေ ဆောင်ရွက်ပြီး လိုက်နာဖို့ ပျက်ကွက်သူတွေကို စည်းရုံးခြင်း၊ ပညာပေးခြင်းတွေကို ဆောင်ရွက်ဖို့ လိုပါတယ်။
အချုပ်အားဖြင့် ဈေးတွေမှာ ကိုဗစ် - ၁၉ ဆိုင်ရာ စည်းကမ်းတွေကို ဈေးဝယ်သူ၊ ဈေးရောင်းသူ၊ ဈေးကြီးကြပ်ရေးအဖွဲ့တွေ အားလုံးပူးပေါင်းပြီး ဆောင်ရွက်လိုက်ရင် စည်းကမ်းလိုက်နာမှုတွေ ပိုမို ကောင်းမွန်လာမယ်၊ ဈေးရောင်းချသူ၊ ဈေးဝယ်သူ တွေအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့် ခံယူထားမယ်၊ လိုအပ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးမှုတွေကိုလည်း ရံဖန်ရံခါဆောင်ရွက်မယ်ဆိုရင် ဈေးတွေရဲ့သဘော သဘာဝအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြား နိုင်တဲ့နေရာဖြစ်ပေမယ့် စျေးကတစ်ဆင့် ရောဂါ ကူးစက်မှုတွေ လျော့ကျအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။