ကိုဗစ်- ၁၉ တတိယလှိုင်းအတွင်း ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းများရခြင်း အကြောင်းရင်းများ

Type

 

ကိုလူ

အခုအခါမှာ  နိုင်ငံအတွင်း  ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်- ၁၉ ရောဂါကူးစက်မှု တတိယလှိုင်းဟာ ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့ မတူဘဲ ကူးစက်ခံရသူနဲ့ သေဆုံးသူ  စံချိန်တင် မြင့်မားတာကို တွေ့ရှိရမှာဖြစ်တယ်။  ဒီတော့ ဘာကြောင့် သေဆုံးမှုနှုန်း မြင့်မားလာသလဲဆိုတဲ့အချက်ဟာ ကျန်းမာရေး ပညာရှင်တွေနဲ့ စီမံအုပ်ချုပ်သူတွေအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သိထားသင့်တဲ့အချက်တွေ ဖြစ်လာပါတယ်။ အဆိုပါအချက်တွေကို လေ့လာကြည့်တဲ့အခါမှာ  အောက်ပါအတိုင်း  တွေ့ရမှာဖြစ်တယ်။ 
(၁)    ကိုဗစ်-၁၉ ရောဂါပိုး၏ သဘောသဘာဝ 
    (Nature of Covid-19 Virus)
အခု တတိယလှိုင်းမှာ ကူးစက်မှုမြန်ရခြင်းနဲ့ သေဆုံးမှုမြင့်မားရတဲ့      အခြေခံအကြောင်းရင်း တစ်ခုကတော့  ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ရဲ့    မျိုးဗီဇ ပြောင်းလဲလာမှုကြောင့်ပဲဖြစ်တယ်။    အခုဖြစ်ပွား နေတဲ့ ကိုဗစ်- ၁၉ ဒယ်လ်တာ(Delta) မျိုးစိတ်ဟာ အယ်လ်ဖာ(Alpha) မျိုးစိတ်ထက် ကူးစက်မှု (၄၀ ရာခိုင်နှုန်း - ၆၀ ရာခိုင်နှုန်း) ပိုမြန်ပြီး မူလကနဦး ဝူဟန်မြို့မှစတင်ခဲ့တဲ့ မျိုးစိတ်ထက် ကူးစက်မှုနှစ်ဆ ပိုမြန်တာကို တွေ့ရှိရမှာ  ဖြစ်တယ်။ အဲဒါအပြင်   သုတေသနရလဒ်တွေအရ      ဒယ်လ်တာ(Delta) မျိုးစိတ်ကူးစက်ခံထားရသူတွေမှာ ဗိုင်းရပ်စ်ပမာဏ (Viral Load)ဟာ အခြားမျိုးစိတ် ကူးစက်ခံရသူ တွေထက်    အဆတစ်ထောင်  ပိုများနေတယ်လို့ ဆိုတယ်။ ကာကွယ်ဆေး   မထိုးထားတဲ့သူတွေမှာ ဒယ်တာ(Delta) မျိုးစိတ်ကူးစက်ခံရရင်  အခြား မျိုးစိတ်ကူးစက်ခံထားရသူတွေထက် ဆေးရုံတက်ရ နိုင်ခြေ နှစ်ဆပိုများသတဲ့။   ဒါပေမယ့် ကာကွယ်ဆေး နှစ်ကြိမ်အပြည့်အဝ        ထိုးထားပြီးရင်တော့ ဒယ်လ်တာ(Delta) မျိုးစိတ်ကြောင့်   ဆေးရုံတက်ရ နိုင်ခြေနဲ့   သေဆုံးနိုင်ခြေ     လျော့နည်းစေတာကို တွေ့ရှိခဲ့ရတယ်။    တစ်နည်းအားဖြင့်    ပြောရရင် ကာကွယ်ဆေးထိုးထားခြင်းဟာ   ပြင်းထန်ကိုဗစ် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်တယ်ဆိုတာပါပဲ။ 
(၂)     အခြေခံကျန်းမာရေးအခြေအနေများ 
    (Underlying Health Conditions)
ကိုဗစ်ကြောင့် သေဆုံးနိုင်မှုကို လေ့လာကြည့် တဲ့အခါမှာ အရေးကြီးတဲ့အချက်တစ်ခုက လူတစ်ဦး ရဲ့   အခြေခံကျန်းမာရေးအခြေအနေပဲ  ဖြစ်တယ်။   သုတေသနရလဒ်တွေအရတော့  ဆီးချိုရောဂါရှိတဲ့ သူတွေဟာ ကိုဗစ်ကြောင့် ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေအမြင့်ဆုံးသူတွေပဲဖြစ်တယ်။  အမျိုး အစား (၂) ဆီးချိုရောဂါရှိသူချင်း  အတူတူတွေမှာ တောင် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ   ၁ ဒသမ ၆၁   ဆ ပိုရှိတယ်။ ကျောက်ကပ်လုပ်ငန်းပျက်စီးနေသူ    (Renal Failure) တွေဟာ     လုံးဝကောင်းနေသူထက် သေဆုံးနိုင်ခြေ ၄ ဒသမ ၉၁ ဆရှိတယ်။ နှလုံး ရောဂါနဲ့ ပတ်သက်ပြီး လေ့လာရမယ်ဆိုရင် ယခင်က နှလုံးသွေးကြောပိတ်ဆို့မှု (Myocardial Infarct) ရှိခဲ့ဖူးရင် သေဆုံးနိုင်ခြေ ၁ ဒသမ ၁၁ ဆ၊ ယခင်က လေဖြတ်ခဲ့ဖူးရင်  ၂  ဒသမ ၀၂ ဆနဲ့ နှလုံးလုပ်ငန်းဆောင် တာပျက်စီးမှု (Heart Failure) ရှိခဲ့ဖူးရင်  ၂ ဒသမ ၀၉ ဆ  အသီးသီးပိုလာတာကို    တွေ့ရှိရတယ်။ ဒါကြောင့် အခုတတိယလှိုင်းမှာ မူလရောဂါအခံရှိသူ တွေဟာ ကူးစက်ခံရရင် ရောဂါဒဏ်ကို အခြားသူ တွေထက် ပိုမိုခံစားရပြီး သေဆုံးမှုမြင့်မားတာကို တွေ့ရှိရမှာ ဖြစ်တယ်။
(၃) အသက်အရွယ် (Age)
ရောဂါကြောင့် သေဆုံးနိုင်ခြေကို လေ့လာတဲ့ အခါတိုင်း မပါမဖြစ် အရေးကြီးတဲ့အချက်ကတော့ ကူးစက်ခံရသူရဲ့  အသက်အရွယ်ပဲ  ဖြစ်တယ်။ သုတေသနရလဒ်တွေအရ အသက်  ၆၀ ကျော် လာတာနဲ့အမျှ  ရောဂါပြင်းထန်မှုနဲ့   သေဆုံးမှု မြင့်မားလာတာကို တွေ့ရှိလာရတယ်။ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် အသက်အုပ်စု (၇၀-၇၉)နှစ် အရွယ်တွေဟာ (၆၀-၆၉)နှစ် အရွယ်တွေထက် သေဆုံးနိုင်ခြေ ၁ ဒသမ ၉၄ ဆ၊ အသက်အုပ်စု (၈၀- ၈၉)နှစ် အရွယ်တွေက (၆၀-၆၉)နှစ် အရွယ်တွေ ထက် သေဆုံးနိုင်ခြေ ၄ ဒသမ ၅၂ ဆ  အသီးသီးပိုရှိ တယ်ဆိုတာကို တွေ့ရှိရတယ်။ အခု သေဆုံးသွား တဲ့သူတွေကို   ကြည့်လိုက်ရင်လည်း   သေဆုံးသူ အများစုဟာ    အသက်အရွယ်  ကြီးရင့်သူတွေ ဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်။ 
(၄)     ကိုယ်ခံအားစနစ် (Immune System)
သဘာဝအရ လူသားတွေမှာ ကိုယ်ခန္ဓာအတွင်း ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားစနစ်တွေ   ရှိကြပါတယ်။  ဒါပေမယ့် အချို့သူတွေမှာ ရောဂါကြောင့်ဖြစ်စေ၊ သုံးစွဲနေတဲ့ ဆေးတွေကြောင့်ဖြစ်စေ ကိုယ်ခံအားကျဆင်းနေ တာမျိုး ရှိနိုင်တယ်။  ဒါကြောင့်  အခုသေဆုံးသွားတဲ့ သူတွေကိုကြည့်ရင်   ခုခံအားကျဆင်းမှုရောဂါ (AIDS)၊ ကင်ဆာဆေးသုံးစွဲနေရသူ စတဲ့ ကိုယ်ခံအား နည်းနေသူတွေမှာ ရောဂါပိုမိုပြင်းထန်တာ၊ သေဆုံး ခဲ့တာတွေကို တွေ့ရှိရမှာ ဖြစ်တယ်။ 
(၅)    ပြည်သူလူထု၏ ကျန်းမာစွာနေထိုင်နိုင်ရေး 
    အမူအကျင့်များ (Health Seeking 
    Behaviours of the Public)
Health Seeking Behaviours လို့ပြောရင် လူတစ်ယောက်အနေနဲ့ ကျန်းမာစွာနေထိုင်နိုင်ရေး အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ဘယ်လောက် ထိ   လိုက်နာဆောင်ရွက်သလဲဆိုတဲ့အချက်ကို သုံးသပ်ရမှာ ဖြစ်တယ်။ 
အခု ကိုဗစ်တတိယလှိုင်းမဖြစ်ခင်မှာ ပြည်သူ တစ်ဦးချင်းရဲ့ နှာခေါင်းစည်း(Mask) တပ်တာ၊ လက် မကြာခဏဆေးတာ၊ လူစုလူဝေးကို ရှောင်ကြဉ်တာ စတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ လိုက်နာသင့်တဲ့ အချက်တွေအပေါ် လိုက်နာမှုကို လေ့လာကြည့် မယ်ဆိုရင် ပြည်သူတွေအနေနဲ့ လူစုလူဝေးတွေမှာ အကြိမ်များစွာပါဝင်ခဲ့တာနဲ့အခြေခံကျတဲ့ နှာခေါင်း စည်း(Mask) တပ်ခြင်းဆိုတဲ့အချက်ကိုပဲ လိုက်နာဖို့ အားနည်းခဲ့တာကို တွေ့ရမှာဖြစ်တယ်။
အဲဒီလိုပဲ  ပြည်သူလူထုဟာ  ခေတ်အဆက် ဆက်မှာ ဆေးရုံ၊  ဆေးခန်းတွေကို     ကြောက်တဲ့ အတွက် ရောဂါဖြစ်လာရင် ဆေးမြီးတိုတွေ၊ သမား ယောင်တွေနဲ့ကုသတတ်တဲ့ဓလေ့တွေဟာ အခုအချိန် အထိ ဒေသအနှံ့မှာ ရှိနေဆဲဖြစ်တယ်။ ဒါကြောင့် အခု တတိယလှိုင်းမှာ ကိုဗစ်လို့ သံသယရှိလာတဲ့ အခါမှာလည်း လူထုဟာ ကျွမ်းကျင်ပညာရှင်တွေ ဖြစ်တဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ဆွေးနွေးတာထက် သမားယောင်တွေနဲ့ကုသတာ၊ ဆေးမြီးတိုဖြစ်တဲ့ တမာရွက်၊   ချင်းပြုတ်၊   ခွေးတောက်ရွက်တွေနဲ့ ကုသတာတွေကို   ပြုလုပ်ခဲ့ကြတာ တွေ့ရမှာ    ဖြစ် တယ်။ ဒီလိုအလေ့အထရှိနေတဲ့အပေါ်မှာ ဆေးရုံ တွေမှာ    လုံလောက်တဲ့   ဆရာဝန်၊ သူနာပြုတွေ မရှိဘူးဆိုတဲ့   သတင်းဟာလည်း   ပြည်သူလူထုကို ဆေးရုံ၊    ဆေးခန်းတွေနဲ့   ပိုမိုဝေးကွာသွားစေပြီး သေဆုံးမှုနှုန်းကို မြင့်တက်လာစေခဲ့တယ်။
(၆)     ပတ်ဝန်းကျင်အခြေအနေများ
    (Environmental Conditions)
ရောဂါပိုးတွေရဲ့ ကူးစက်မှုတွေကို လေ့လာတဲ့ အခါတိုင်း မဖြစ်မနေထည့်တွက်ရတဲ့ အချက်တစ်ခု ကတော့ ပတ်ဝန်းကျင်အနေအထားပဲ ဖြစ်တယ်။ အဲဒီအထဲမှာ ပတ်ဝန်းကျင်အပူချိန် (Temperature) နဲ့ စိုထိုင်းဆ (Humidity) တို့ဟာ အရေးကြီးတဲ့ အချက်တွေပဲ ဖြစ်တယ်။ သုတေသနရလဒ်တွေအရ တုပ်ကွေးကဲ့သို့သော ကိုဗစ်-၁၉ ရောဂါပိုးတွေဟာ အပူချိန်နည်းပြီး စိုထိုင်းဆများတဲ့ပတ်ဝန်းကျင်တွေ မှာ ပိုပြီးကူးစက်မှုမြန်တာကို တွေ့ရှိရတယ်။ 
အခု ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်တဲ့အချိန်ကို လေ့လာကြည့်တဲ့အခါမှာ  ရန်ကုန်မြို့နဲ့ပတ်ဝန်း ကျင်မှာ မိုးသည်းထန်စွာ နေ့စဉ်ရက်ဆက်ရွာသွန်းခဲ့ တာကိုတွေ့ရှိရမှာဖြစ်တယ်။ မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့် ပတ်ဝန်းကျင်မှာ အပူချိန်ကျဆင်းနေပြီး စိုထိုင်းဆတက်နေတာကို   တွေ့ရမှာဖြစ်တယ်။ ဒါတွေဟာ ကိုဗစ်-၁၉ ရောဂါပိုးအနေနဲ့ ပိုမိုရှင်သန် ကူးစက်နိုင်တဲ့ အနေအထားဖြစ်တာကိုလည်း သတိ မူရမှာ ဖြစ်တယ်။ 
အဆိုပါအခြေအနေကို ပိုဆိုးစေတာက လူတွေ အနေနဲ့ မိုးရွာနေတဲ့အတွက် မိမိတို့ရဲ့ နေအိမ်တံခါး တွေ၊ ပြတင်းပေါက်တွေကို ပိတ်ထားရခြင်းကြောင့် လေဝင်၊ လေထွက်မကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပြီး အိမ်အတွင်းမှာ နေထိုင်တဲ့သူအကုန် လုံးကို ကူးစက်ခံခဲ့ရတာကို တွေ့ရှိရမှာဖြစ်တယ်။ ဒါကြောင့် အခုတတိယလှိုင်းမှာ တစ်အိမ်လုံးကူးစက် ခံရခြင်းနဲ့   မိသားစုတစ်ခုအတွင်းမှ  မိသားစုဝင် များစွာ သေဆုံးရခြင်းဆိုတဲ့  ကြေကွဲဝမ်းနည်းဖွယ် ဇာတ်လမ်းများစွာကို ကြားသိခဲ့ကြရမှာ      ဖြစ် တယ်။ 
(၇) လူနေသိပ်သည်းမှု (Population Density)
လူနေသိပ်သည်းမှုဟာ ရောဂါပိုးကူးစက်ပျံ့နှံ့မှု ရဲ့ အခြေခံအကြောင်းအရာတစ်ခု ဖြစ်တယ်။ အခု တတိယလှိုင်းမှာ အများဆုံးကူးစက်ခံရတာကတော့ ရန်ကုန်တိုင်းဒေသကြီးပဲ  ဖြစ်တယ်။  တိုင်းပြည် အတွင်းမှာ လူနေသိပ်သည်းမှုကို ကြည့်လိုက်မယ်ဆိုရင် လည်း ရန်ကုန်မြို့ဟာ တစ်ကီလိုမီတာပတ်လည် မှာ လူဦးရေ ၁၂၃၀၈ ဦးနဲ့ လူဦးရေ အသိပ်သည်းဆုံး ဖြစ်တာကို တွေ့ရှိရမှာ  ဖြစ်တယ်။  ဒီနေရာမှာ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ လူနေသိပ်သည်းမှုဟာ တစ်ကီလိုမီတာပတ်လည်မှာ  လူဦးရေ ၈၃ ဦးပဲ ရှိတယ်ဆိုတာကို သတိမူရမှာ ဖြစ်တယ်။ ဒါကြောင့် လည်း ရန်ကုန်မြို့ကြီးဟာ အခြားသောမြို့ကြီးတွေ ထက် ကူးစက်မှုနှုန်းနဲ့သေဆုံးမှုနှုန်း အများဆုံးဖြစ် ခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်။
(၈)     ကာကွယ်ဆေး ထိုးနှံထားရှိမှု
ကိုဗစ်တတိယလှိုင်းမှာ   တွေ့ရှိရတဲ့အချက် တစ်ခုကတော့ ကာကွယ်ဆေး ထိုးနှံပြီးတဲ့သူတွေ ဟာ ရောဂါကူးစက်ခံရပေမယ့် ရောဂါလက္ခဏာ ပြင်းထန်မှုမရှိဘဲ   သေဆုံးနိုင်တဲ့   အခွင့်အလမ်း နည်းပါးတာပဲဖြစ်တယ်။    အထူးသဖြင့်    အဓိက ကူးစက်မှုဖြစ်ပွားခဲ့တဲ့      ရန်ကုန်မြို့မှာဆိုရင် ကာကွယ်ဆေး ထိုးနှံထားပြီးတဲ့သူတွေဟာ  ရောဂါ ကူးစက်မှုဒဏ်ကို  ခံနိုင်ရည်ရှိခဲ့ပြီး  အသက်ဆုံးရှုံး မှုဖြစ်ပွားခဲ့တဲ့သူတွေဟာ  ကာကွယ်ဆေး မထိုး ထားတဲ့သူတွေ    ဖြစ်တယ်ဆိုတာကို    တွေ့ရှိခဲ့ရ တယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်- ၁၉ ရောဂါကို    ကျော်ဖြတ်နိုင်ဖို့အတွက်   ကာကွယ် ဆေးကို မဖြစ်မနေထိုးကြရမှာဖြစ်တယ်။
(၉)     ကျန်းမာရေးပြုစုစောင့်ရှောက်မှုစနစ်
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို တုံ့ပြန်ဆောင် ရွက်တဲ့အခါမှာ  ကျန်းမာရေးပြုစုစောင့်ရှောက်မှု စနစ်အတွင်းမှာရှိတဲ့    လူအင်အားအရင်းအမြစ် (Human Resources)နဲ့   ပစ္စည်းကိရိယာအရင်း အမြစ် (Material Resources) တို့ဟာလည်း အရေးကြီးတဲ့အချက်တွေ ဖြစ်ကြတယ်။ လူအင် အားအရင်းအမြစ်လို့ဆိုတဲ့နေရာမှာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေသာမက စေတနာ့ဝန်ထမ်းတွေရဲ့       အရည်အသွေးနဲ့ အရေ အတွက်တွေကိုပါ      ထည့်သွင်းတွက်ချက်ရမှာ ဖြစ်တယ်။ 
အခု တတိယလှိုင်းဖြစ်တဲ့အခါမှာ ယခင်လှိုင်း တွေနဲ့ မတူတဲ့အချက်ကတော့    ဆေးရုံ၊ ဆေးခန်း တွေမှာ ဆရာဝန်၊ သူနာပြုတွေ မလုံလောက်ခြင်းနဲ့ စေတနာ့ဝန်ထမ်းတွေ နည်းပါးခြင်းပဲ  ဖြစ်တယ်။ ဒါ့အပြင် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း များလာတဲ့အခါ မှာ လူအများအနေနဲ့ ကြောက်လန့်ပြီး  အောက်ဆီဂျင် နဲ့  ဆေးဝါးတွေ   အလုအယက်ဝယ်ယူလာတဲ့ အတွက် ဆေးဝါးနဲ့အောက်ဆီဂျင်ရှားပါးမှု၊ ဈေးကြီးမှု  ပြဿနာတွေကိုပါ  ရင်ဆိုင်လာရပါတယ်။  အခု ကိုဗစ်တတိယလှိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ ထဲမှာ အောက်ဆီဂျင် မလုံလောက်မှုပြဿနာဟာ  အရေးအကြီးဆုံး ပြဿနာတစ်ခု ဖြစ်လာတဲ့အထိ ကြီးမားခဲ့တာကို တွေ့ရှိခဲ့ရတယ်။ 
အဲဒီလို ဆေးဝန်ထမ်း မလုံလောက်မှု၊ ဆေးဝါး နဲ့အောက်ဆီဂျင် မလုံလောက်မှု ကြုံတွေ့လာရတဲ့ အခါမှာ ကူးစက်ခံရသူတွေဟာ ဆေးရုံ၊ ဆေးခန်း တွေမှာ ပြုစုကုသမှု ခံယူတာထက် မိမိနေအိမ်အတွင်း မှာ ကုသမှုခံယူလာကြတဲ့အတွက်   အိမ်တွင်း ကူးစက်မှုတွေ  ပိုမိုတိုးလာတာကိုလည်း တွေ့ရှိခဲ့ရ တယ်။ အိမ်တစ်အိမ်အတွင်းမှာ အိမ်သားများစွာ ကူးစက်ခံရတဲ့အခါမှာ ပြုစုကုသပေးနိုင်မှု အားနည်း လာတဲ့အတွက် ကိုယ်ခံအားနည်းပြီး ရောဂါအခံရှိ တဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးမှုများခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်။ 
အထက်ပါအချက်တွေဟာ    ကိုဗစ်တတိယ လှိုင်းမှာ သေဆုံးမှုနှုန်း များစေခဲ့တဲ့အချက်တွေပဲ ဖြစ်တယ်။   ဒီအချက်တွေထဲမှာ    အဓိကကျတဲ့ အချက်တွေကတော့   ဗီဇပြောင်းမျိုးစိတ်ဖြစ်တဲ့ ဒယ်လ်တာ (Delta) မျိုးစိတ်ကြောင့် ကူးစက်မှုနှုန်း မြင့်မားတာ၊ ရာသီဥတု အခြေအနေအရ ဗိုင်းရပ်စ် တွေ    ရှင်သန်ပြီး  ကူးစက်မှုများနိုင်တဲ့ အပူချိန် နည်းပြီး စိုထိုင်းဆများနေခဲ့တာ၊ ဆေးရုံ၊ ဆေးခန်း တွေမှာ ဝန်ထမ်းတွေမလုံလောက်တာနဲ့ ကူးစက်မှု နှုန်းမြန်ပြီး လူနာအရေအတွက် ရုတ်တရက်မြင့် တက်လာတဲ့အချိန်မှာ ဆေးဝါးနဲ့ အောက်ဆီဂျင် ရှားပါးတဲ့ ပြဿနာတွေဟာ  သေဆုံးမှုနှုန်း   မြင့်မား စေခဲ့တဲ့ အဓိကအချက်အလက်တွေဖြစ်တယ်လို့ သုံးသပ်လိုက်ရပါတယ်။       ။