
လင်းဟန်သစ်
အိန္ဒိယနိုင်ငံတစ်ဝန်း ကသောင်းကနင်း ဒုက္ခပေး သွားတဲ့ ကိုဗစ်- ၁၉ ဒုတိယလှိုင်းဂယက် အရှိန် လျော့ကျလာချိန်မှာပဲ ရုတ်တရက်ပြန်လည် ခေါင်းထောင်လာတဲ့ ကိုဗစ်- ၁၉ တတိယလှိုင်း ဂယက်ကို ဂရုစိုက်ကြဖို့ အိန္ဒိယကျန်းမာရေး အာဏာပိုင်တွေက သတိပေးတပ်လှန့်လိုက်ပြန် ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအစီအမံတွေ
မလျှော့ချဖို့ တိုက်တွန်း
ကိုဗစ်- ၁၉ တိုက်ဖျက်ရေးမှာ ရှေ့တန်းကပါဝင် နေတဲ့ အိန္ဒိယဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ အိုင်အမ်အေက ဗဟိုအစိုးရနဲ့ပြည်နယ်အစိုးရတွေ ကို ကိုဗစ်- ၁၉ ကာကွယ်တားဆီးရေးအစီအမံတွေ ကို မလျှော့ချဖို့ တိုက်တွန်းထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ၄၃၆၅၄ ဦး တိုးလာမှုနဲ့အတူ စုစုပေါင်းကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်ဟာ ၃၁၄၈၄၆၀၅ ဦးအထိ ရောက်ရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ကိုဗစ်- ၁၉ ကြောင့် ၆၄၀ ထပ်မံ သေဆုံးမှုနဲ့အတူ စုစုပေါင်းသေဆုံးသူ ၄၂၂၀၂၂ ဦး အထိရောက်ရှိလာပြီး နိုင်ငံအတွင်း လတ်တလော ကိုဗစ်- ၁၉ ဖြစ်ပွားလျက်ရှိသူ ၃၉၉၄၃၆ ဦး ရှိပါတယ်။ အလားတူ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည်ကျန်းမာလာပြီး ဆေးရုံမှဆင်းလာသူ ၃၀၆၆၃၁၄၇ဦး ရှိပါတယ်။
ကိုဗစ်- ၁၉ တတိယလှိုင်းဂယက်ဖြစ်ပွားတော့မယ်
အိုင်အမ်အေရဲ့အဆိုအရ ကိုဗစ်- ၁၉ တတိယ လှိုင်းဂယက်ဟာ ဖြစ်တော့မယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေတဲ့ သက်သေသာဓက တွေနဲ့ ကူးစက်ရောဂါရဲ့သမိုင်းဖြစ်စဉ်အရ ကိုဗစ်-၁၉ တတိယလှိုင်းဂယက်ဟာ ရှောင်လွှဲမရဘဲ ဖြစ်တော့မယ့်သဘောလို့ အိုင်အမ်အေက သတိပေး ထားပါတယ်။
သို့သော်လည်း နာကျင်စွာ ပြောပြရမှာကတော့ အိန္ဒိယနိုင်ငံရဲ့ နေရာအတော်များများမှာ ကိုဗစ်-၁၉ လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာဘဲ လူစု လူဝေးတွေပြုလုပ်နေရတာကို သဘောကျနေတဲ့ အချက်ပဲဖြစ်ပါတယ်လို့ အိုင်အမ်အေက ပြောပါ တယ်။
ခရီးသွားအထူးတင်ဆက်မှုတွေ၊ ဘုရားဖူးခရီး သွားလာခြင်းတွေ၊ ဘာသာရေးပွဲလမ်းသဘင်တွေ ကို မပြုလုပ်သေးဘဲ အချိန်အနည်းငယ်စောင့်ဆိုင်း လိုက်ရင် ကောင်းမှာပဲလို့ အိုင်အမ်အေကတော့ အကြံပြုပါတယ်။
ကြောက်ခမန်းလိလိပျံ့နှံ့စေနိုင်
ဒီလိုထုံးတမ်းအစဉ်အလာတွေကို ခွင့်ပြုပေး လိုက်ခြင်းနဲ့ ကာကွယ်ဆေး မထိုးထားသူတွေ အဆိုပါလူစုလူဝေးနေရာတွေကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာခြင်းတွေဟာ ကိုဗစ်- ၁၉ တတိယလှိုင်းဂယက်ကို ကြောက်ခမန်းလိလိ ပျံ့နှံ့စေနိုင်တယ်လို့ အိုင်အမ်အေကတော့ ဆက်လက်ပြောကြားထားပါတယ်။
အိန္ဒိယနိုင်ငံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုး သား အင်စတီကျုရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗီနော့ဒ် ပေါလ်ကတော့ အိန္ဒိယနိုင်ငံကို ရိုက်ခတ်မယ့် တတိယလှိုင်းဂယက်ကို ရှောင်ရှားဖို့ဆိုရင် အစိုးရနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်မှုတွေကို ထဲထဲဝင်ဝင် လုပ်ရမယ်လို့ ဆိုထားပါတယ်။
နောက်လာမယ့် ရက်ပေါင်း ၁၀၀ နဲ့ ၁၂၅ ရက် အတွင်းဟာ တကယ့်ကို အရေးကြီးတဲ့ရက်တွေပါပဲ။ မိမိတို့တွေအားလုံး ကိုဗစ်- ၁၉ အန္တရာယ်ကို သတိ ထားနေထိုင်ကြဖို့နဲ့ ကိုဗစ်- ၁၉ ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို လိုက်နာဆောင်ရွက်သွားဖို့လိုပါတယ်လို့ ပေါလ်ကပြောပါတယ်။
သြဂုတ်လကုန်မှာ အိန္ဒိယနိုင်ငံကို ရိုက်ခတ်မယ်
အိန္ဒိယနိုင်ငံရဲ့ထိပ်တန်းကျန်းမာရေးသုတေသန အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသနကောင်စီရဲ့ ကူးစက်ရောဂါပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ အကြီးအကဲ ဆာမီရမ်ပန်ဒါက ကိုဗစ်-၁၉ တတိယလှိုင်းဂယက်ကဟာ သြဂုတ်လ ကုန်မှာ အိန္ဒိယနိုင်ငံကို ရိုက်ခတ်လာမယ်လို့ သတိပေးပြောကြားထားပါတယ်။
သို့သော်လည်း ကိုဗစ်- ၁၉ တတိယလှိုင်းဂယက် ဟာ ဒုတိယလှိုင်းဂယက်လောက် အလွန်မဆိုးရွား ဘဲ အခြေအနေ အသင့်အတင့် ရှိနိုင်တယ်လို့ သူကတော့ ပြောပါတယ်။
ကိုဗစ်- ၁၉ ကို ဂရုမပြုရင် တတိယလှိုင်းဂယက်ဟာ ပြင်းပြင်းထန်ထန်ဖြစ်လာမယ်
ကိုဗစ်- ၁၉ ကူးစက်မှုအသစ်တွေ အနည်းငယ် ကျဆင်းလာပြီး အကျဘက်သို့ ရောက်ရှိလာချိန်မှာ ပြည်နယ်အစိုးရတွေကလည်း ကိုဗစ်- ၁၉ ကန့်သတ် ချက်တွေကို ဖြေလျှော့ပေးလိုက်တဲ့အတွက် ခရီးသွား နေရာတွေနဲ့ စျေးတွေမှာ လူတွေ ပျားပန်းခပ်မျှ စည်ကားတာတွေကို ပြန်လည်မြင်တွေ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်တွေ အတော်များများ ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေကို ကိုဗစ်- ၁၉ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်မှု မရှိအောင် တားမြစ်ထားပါတယ်။
လူတွေဟာ ကိုဗစ်- ၁၉ ကန့်သတ်တားမြစ်ချက် တွေကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန် မယ်ဆိုရင်၊ ကိုဗစ်- ၁၉ သတိပေးချက်များကို ဂရုမပြု ဘူးဆိုရင် ကိုဗစ်- ၁၉ တတိယလှိုင်းဂယက်ဟာ တကယ့်ကို ပြင်းပြင်းထန်ထန် ဖြစ်လာမှာဖြစ်တယ်လို့ အဆင့်မြင့်ကျန်းမာရေးအရာရှိတစ်ဦးဖြစ်တဲ့ လက်ဗ် အက်ဂါဝေါက သတိပေးပြောကြား လိုက်ပါတယ်။
ကိုဗစ်-၁၉ ဒုတိယလှိုင်းဂယက် အိန္ဒိယအပေါ်
အခွင့်ကောင်းယူ
ကိုဗစ်- ၁၉ ဒုတိယလှိုင်းဂယက်ဟာ အိန္ဒိယရဲ့ သတိမပြုမိတဲ့အပေါ် အခွင့်ကောင်းယူသွားတဲ့ သဘောဖြစ်ပါတယ်။ ကိုဗစ်- ၁၉ ဒုတိယလှိုင်းဂယက် ဖြစ်ပွားချိန်မှာ နိုင်ငံတွင်းမှာရှိတဲ့ အဓိကမြို့ကြီး တွေရဲ့ ဆေးရုံတွေမှာ လူနာတွေဟာ ပြည့်ကျပ်ရုံ တင်မက ပိုလျှံနေပါတယ်။ ဆေးရုံတွေလည်း မနိုင် ဝန်တွေထမ်းနေရပြီး အောက်ဆီဂျင်နဲ့ အရေးပေါ် ဆေးတွေ ထောက်ပံ့ပေးနိုင်ရေး အရေးပေါ် အစီ အမံတွေတောင် လုပ်ဆောင်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါ တယ်။
မြို့အတော်များများ အောက်ဆီဂျင်၊ ဆေးရုံ ခုတင်နဲ့ ဆေးဝါးတွေ ပြတ်လပ်နေတဲ့အချိန်မှာ ဧပြီလမှာ လူပေါင်းသန်းချီဟာ ဟိမဝန္တာမြို့တစ်မြို့ ဖြစ်တဲ့ ဟာရစ်ဝါမှာရှိတဲ့ ဟိန္ဒူဘာသာရေးပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဒီလူတွေ ကိုယ့်မြို့ ကိုယ့်ရွာပြန်တဲ့အခါမှာ ကိုဗစ်- ၁၉ ကူးစက်မှုတွေ တွေ့ရှိခဲ့တဲ့အတွက် ဒုတိယကိုဗစ်-၁၉ လှိုင်းဂယက် ဖြစ်ပွားချိန်မှာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူအရေ အတွက်ဟာ နေ့စဉ်စံချိန်တင်ရလောက်တဲ့ ပမာဏ အထိ ရောက်ရှိဖြစ်ပွားခဲ့ပါတယ်။
ကျန်းမာရေးနဲ့ ဘဝအခွင့်အလမ်းဟာ ပဓာနဖြစ်
ဒါတွေဖြစ်နေချိန်မှာတောင် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတရာပရာဒေ့ရှ်ပြည်နယ်မှာ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ ကန်ဝါရာထရာဘာသာရေး ပွဲတော်ကို ဇူလိုင် ၂၅ ရက်စပြီး အုံနဲ့ကျင်းနဲ့ ဆန်း ဆန်းပြားပြား ခမ်းခမ်းနားနားဖြစ်အောင် ကျင်းပ ဖို့လုပ်ဆောင်ခဲ့သေးတဲ့အတွက် ဒီအခြေအနေ အပေါ် အိန္ဒိယတရားရုံးချုပ်က ပြည်နယ်အစိုးရကို ပြန်လည်စိစစ်သုံးသပ်ဖို့ တိုက်တွန်းပြောကြားခဲ့ရ တဲ့အထိ ဖြစ်ခဲ့ပါတယ်။
နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ဘဝအခွင့် အလမ်းတွေဟာ ပဓာန ဖြစ်ပါတယ်။ တခြား ကိစ္စရပ်တွေနဲ့ ဘာသာရေးပွဲလမ်းသဘင်တွေ ကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲ ဖြစ်ပါတယ်လို့ တရားရုံးက ပြောခဲ့ရပါတယ်။
သန္ဓေပြောင်းမျိုးစိတ်တစ်မျိုးချင်းစီကို
အသေအချာစောင့်ကြည့်ဖို့လို
လွန်ခဲ့တဲ့သီတင်းပတ်က နိုင်ငံရဲ့ တချို့ ပြည်နယ်တွေမှာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု အနည်းငယ် ပြန်လည်မြင့်လာတဲ့အတွက် မိမိတို့ တွေအနေနဲ့ ကိုဗစ်- ၁၉ သန္ဓေပြောင်း မျိုးစိတ် တစ်မျိုးချင်းစီကို အသေအချာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။ သန္ဓေပြောင်းပြီးနောက် မှာ သူတို့တွေဘယ်လိုမျိုး အကြီးအကျယ် ပျက်စီး စေသလဲဆိုတာကို ကျွမ်းကျင်သူတွေအနေနဲ့ အသေအချာလေ့လာသင့်တယ်လို့ သူက ပြောပါ တယ်။ ဒီအခြေအနေမှာ ကာကွယ်ခြင်းနဲ့ ကုသခြင်း တွေဟာ အရေးကြီးပါတယ်။ မိမိတို့တွေအနေနဲ့ ကာကွယ်ခြင်းနဲ့ကုသခြင်းအပေါ် အပြည့်အဝအာရုံ စိုက်ထားရမယ်လို့ မိုဒီက သတိပေးပြောကြားခဲ့ ပါတယ်။ နှစ်ကိုက်အကွာအဝေးမှာ နေမယ်။ ပါးစပ်နှာခေါင်းစည်း တပ်မယ်။ ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ဒီပြင်းထန်လှတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို အားပျော့ပျက်ပြယ်သွားအောင် လုပ်နိုင်မှာဖြစ်တယ်လို့ မိုဒီက ပြောကြားလိုက်ပါ တယ်။ ။
ကိုးကား - ဆင်ဟွာ