ကိုဗစ်ကို ဘယ်လိုအဆုံးသတ်မလဲ

Type

 

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ဝ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ (Corona Virus Disease 2019)သည် “Public Health Emergency of International Concern” ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေရောဂါဟု သတ်မှတ်ပြီး ကမ္ဘာကိုကြေညာခဲ့ပါသည်။ ထို့နောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကူးစက်မြန် (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး မတ် ၁၁ ရက်တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ သည်။  လွတ်လပ်သော ကျွမ်းကျင်ပညာရှင် ၁၉ ဦးတို့ကလည်း ယခုဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါသည်သည် တိရစ္ဆာန်များမှ စတင်ကူးစက်သည့်  ရောဂါပိုးဖြစ်ကြောင်း တစ်ကမ္ဘာလုံး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် အရေးကြီးကြောင်း  တိုက်တွန်းခဲ့သည်။  ကိုဗစ်-၁၉ ဟု အမည်ပေးထားသည့် ကပ်ရောဂါကြီးသည် ၂၀၁၉ နှစ်ကုန်ပိုင်းမှ စတင်ကာ ကမ္ဘာမြေတစ်ဝန်းလုံးကို  ဒုက္ခပေးခဲ့သည်။


ကိုဗစ်-၁၉  ကပ်ရောဂါသည်   လူပေါင်းသန်း ၂၀၀    ကျော်ကို      ကူးစက်နေစေလျက်ရှိပြီး လူငါးသန်းခန့်ကိုလည်း   သေဆုံးစေလျက်ရှိသည်။ ဆက်လက်၍လည်း     ဆက်လက်ကူးစက်ပြန့်ပွား သေဆုံးနေစေလျက်ရှိသည်ကို   တွေ့နိုင်ပါသည်။ လက်ရှိသက်ရှိထင်ရှားလူသားတို့အတွက်  မမေ့နိုင် ဖွယ်  သိသာထင်ရှားသော  ကပ်ရောဂါကြီးတစ်ခု အဖြစ်မှတ်တမ်းတင်ရမည်ဖြစ်သည်။ ပြင်းထန်သော ကျန်းမာရေးပြဿနာများ     တွေ့ကြုံကြရခြင်း၊ မိသားစုဘဝများ  ဆုံးရှုံးပျက်စီးရခြင်း၊  ပညာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများစွာ    ထိခိုက်ဆုံးရှုံး ရခြင်း ကမ္ဘာတစ်ဝန်း လစဉ်ငွေကြေးဒေါ်လာ ၃၇၅ ဘီလီယံမျှ  ဆုံးရှုံးနေရခြင်းတို့ကြောင့် အရှိန်အဟုန် ဖြင့် ရွေ့လျားနေသော ကမ္ဘာ့ယန္တရားကြီး ရပ်တန့် သွားရသည်အထိ အထိနာလျက်ရှိပါသည်။


ယင်းအတွက်  ကပ်ရောဂါကြီးကို ထိရောက်စွာ ဟန့်တားကာကွယ်   အဆုံးသတ်နိုင်ရေးအတွက် အထိရောက်ဆုံး  နည်းလမ်းများမှာ အများပြည်သူတို့ ပူးပေါင်းဆောင်ရွက်ကြခြင်း၊ ကာကွယ်ဆေးထိုးခြင်း နှင့် ထိရောက်သော ဆေးကုသခြင်းတို့ဖြစ်သည်။ အထူးသဖြင့် ကာကွယ်ဆေးထိုးခြင်းသည် အလွန် ထိရောက်သည်ကို တွေ့ရပါသည်။


ကာကွယ်ဆေးထိုးကြစို့


လူတစ်ဦးတစ်ယောက်ချင်း    မလုံခြုံသရွေ့ မည်သူမျှမလုံခြုံပါ။ လူတစ်ဦးချင်းစီမှာ  ကူးစက်ခံ နေရသရွေ့ အများအတွက်  ကူးစက်ခံနေရနိုင်ပါ သည်။ လုံခြုံစိတ်ချနိုင်မည်မဟုတ်ပါ။ ယင်းအတွက် လူတိုင်း ကာကွယ်ဆေးထိုးနှံမှုကို   ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးပါသည်။   ကာကွယ်ဆေးများ၏ ကာကွယ်ခုခံနိုင်အားသည်   အခြားနည်းလမ်းများ(ခုခံအားဖြည့်ဆေးဝါးများ  အခြားဆေးဝါးများနှင့် နည်းလမ်းများ)ထက် ပိုမိုထိရောက်ပါသည်။ ဦးစား ပေးအဆင့်အလိုက်-   ကျန်းမာရေး  စောင့်ရှောက် ပေးနေသူများ၊ ကျန်းမာရေးဝန်ထမ်းများကူးစက်လွယ်သူများ   စသည်ဖြင့်မှသည်   လူတိုင်းထိုးနှံ လွှမ်းခြုံပေးနိုင်မှသာ  ထိရောက်သောကာကွယ်မှုရရှိနိုင်ပါသည်။ ချမ်းသာဆင်းရဲမရွေး လူသားတိုင်း ကာကွယ်ဆေးထိုးခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ဖို့ အထူးအရေးကြီးလှပါသည်။


COVAX  (COVID-19)  Vaccines Global Access သည်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို    ကမ္ဘာတစ်ဝန်း   ညီမျှစွာ  ထိုးနှံပေးခြင်းဖြင့်  ထိုကပ်ရောဂါကြီးကို    ထိရောက်စွာ    ကာကွယ် ဟန့်တားအဆုံးသတ်နိုင်စေရန်  ဖွဲ့စည်းထားသော  အဖွဲ့ကြီးဖြစ်သည်။  Gavi ၊ the Vaccine Alliance၊ the Coalition for Epidemic Preparedness Innovations  CEPI ၊   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)  စသည့်    အဖွဲ့အစည်း၏   လမ်းညွှန်မှု     ပူးပေါင်းဆောင်ရွက်မှုများဖြင့်   ၂၀၂ဝ ပြည့်နှစ် ဧပြီလက    စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။   စတင် တည်ထောင်သူများမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၊     ဥရောပကော်မရှင် (EU)နှင့်    ပြင်သစ် အစိုးရတို့ ဖြစ်ကြသည်။   ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ( UNICEF)   ကလည်း    ပံ့ပိုးကူညီ သလို  အမေရိကတိုက်များတွင်  PAHO Revolving Fund အဖွဲ့ကလည်း COVAX  အတွက်   လိုအပ် သည်များကို   ကူညီဆောင်ရွက်ပေးကြောင်း  သိရ သည်။
အလားတူ    ကိုဗက်အဖွဲ့ကြီးနှင့်အတူ  ACT– Accelerator   (The Access to COVID19 Tools) အဖွဲ့ကြီးကလည်း ကာကွယ်ဆေးရရှိစေမှု၊ စစ်ဆေး မှု၊ ကုသမှုတို့အတွက်    လိုအပ်သော   ဆေးဝါးပစ္စည်း နည်းပညာတို့ကို    ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။   ထို ACT အဖွဲ့သည်   ဒေါ်လာ ၇ ဒသမ  ၇ ဘီလီယံမျှ    စတင်ရင်းနှီးကူညီနေသည်ဟု လည်း သိရသည်။


မညီမျှသောကာကွယ်ဆေးထိုးနှံမှု
အဆုံးသတ်ရေး


 ကာကွယ်ဆေးထိုးနှံမှု၊   စစ်ဆေးမှုကုသမှုနှင့် အခြားနည်းပညာဆိုင်ရာများတွင် မညီမျှမှုများ ရှိနေ ခြင်းက    အထူးအဟန့်အတား    ဖြစ်နေပါသည်။ ကာကွယ်ဆေးထိုးနှံမှုတွင်   ၂၀၂၁ ခုနှစ် ဧပြီလကုန် အထိဆင်းရဲသော အာဖရိကနိုင်ငံသားတို့၏ ၂ ရာခိုင် နှုန်းခန့်သာ    ကာကွယ်ဆေးထိုးခွင့်   ရနေပါသေး သည်။ ထိုကာလတွင် ချမ်းသာသော အမေရိကန် နိုင်ငံသားတို့၏ ၄၀ ရာခိုင်နှုန်း၊  ဥရောပနိုင်ငံသား တို့၏ ၂၀ ရာခိုင်နှုန်းခန့်တို့သည်    ကာကွယ်ဆေး တစ်ကြိမ်   ထိုးနှံပေးပြီးဖြစ်သည်ကို  တွေ့ရသည်။ ၂၀၂၁ ခုနှစ်  ဩဂုတ်လကုန်ပိုင်းအထိ  အမေရိကန် ပြည်ထောင်စုတွင်   အသက် ၁၂ နှစ်နှင့်အထက်ရှိသူ များကို   ကိုဗစ်-၁၉ ကာကွယ်ဆေး    အပြည့်ထိုးနှံ ပေးမှုမှာ     ၆၃ ရာခိုင်နှုန်းအထိ    ရှိပြီဖြစ်ကြောင်း  အမေရိကန်  ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ ကြီးက ဆိုပါသည်။ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပေးပြီးသူများကိုပင်   မကြာမီ တတိယအကြိမ် ထိုးပေးရန်     စတင်မည်ဖြစ်ကြောင်း    အမေရိကန် ကူးစက်ရောဂါဌာန  ညွှန်ကြားရေးမှူးအန်သိုနီဖောင် ချီက ဆိုပါသည်။ ထိုတတိယအကြိမ်  ကာကွယ်ဆေး ကို    လွန်ခဲ့သည့်ရှစ်လက   မော်ဒါနာနှင့်ဖိုက်ဇာ ကာကွယ်ဆေးထိုးပြီးသူ   မှန်သမျှကို    ထိုးပေးရန် သမ္မတ  ဂျိူးဘိုင်ဒင်က    ပြောကြားထားကြောင်း သိရသည်။  ဗြိတိန်နိုင်ငံကလည်း  အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ   ကလေးများကို   ကာကွယ်ဆေးထိုးပေး မည်။  စာသင်ကျောင်းများတွင်လည်း  ကလေးပေါင်း  သုံးသန်းတို့ကို      ကာကွယ်ဆေးထိုးနိုင်အောင်   စီစဉ်ထားကြောင်း၊  ပညာရေး ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း      ဗြိတိန်ကျန်းမာရေးဝန်ကြီး    ဆာဂျစ်ဂျာဗစ်က ပြောကြားသည်။


သေဆုံးရသူ မြင့်တက်လျက်ရှိ


ကာကွယ်ဆေးမထိုးထားသူများတွင် ကိုဗစ်-၁၉ ကြောင့်   သေဆုံးရသူ   မြင့်တက်လျက်ရှိသည်။ ကူးစက်မှုမှာလည်း   လေးဆမှ ခြောက်ဆမျှ ပိုမို များပြားကြောင်း   အမေရိကန်  ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့ကြီးက ဆိုပါသည်။ ဆေးရုံတက်ရ မှုမှာ ၁ဝ ဆ၊ သေဆုံးမှုမှာ  ၁၁ ဆ ရှိသည့် ကိုဗစ်-၁၉ ရောဂါသည် တစ်ချိန်တွင် သာမန်အဖျားရောဂါတစ်ခု အသွင်သာ    ဖြစ်သွားလိမ့်မည်၊   ထိုအခြေအနေ ရောက်ရန်  အချိန်ယူရလိမ့်ဦးမည်ဟု Wall Street Journal တွင်   ရောဂါဗေဒနှင့်  ကူးစက်ရောဂါ ပညာရှင်တို့၏    ပြောကြားချက်ကို   ဖော်ပြထား ကြောင်းလည်း သိရပါသည်။ ကိုဗစ်-၁၉ ရောဂါပိုး သည်    မျိုးဗီဇများ    တစ်မျိုးပြီးတစ်မျိုး  ကွဲပြားနေ တတ်သော်လည်း   ကာကွယ်ဆေးများများ ထိုးထား နိုင်လေ မျိုးဗီဇကွဲများ မဖြစ်ပွားစေဖို့ တားဆီး နိုင် လေလည်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ သည် ကျန်းမာရေးပြဿနာတစ်ခု  ဖြစ်သော်လည်း   ယင်းကို    မဟန့်တားနိုင်ပါက တစ်ကမ္ဘာလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည်တို့သည်လည်း   ယိုင်လဲပြိုကျနေမည် ဖြစ်သည်။ မိမိနိုင်ငံသားများသာ ကာကွယ်ပေးနေနိုင်ရုံဖြင့်မပြီးနိုင်ဘဲ အားလုံးညီတူညီမျှ ကာကွယ်ခွင့် ရနိုင်မှုသည်သာ အောင်မြင်သော လမ်းကြောင်းပေါ် ရောက်နိုင်မည်ဖြစ်ပါသည်။


ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ကြီး (IMF) က ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်  လေ့လာတင်ပြထားမှု ကို တင်ပြလိုပါသည်။

၁။    ကမ္ဘာ့လူဦးရေ၏(အနည်းဆုံး)၄၀ ရာခိုင်နှုန်း ကို၂၀၂၁ ခုနှစ်ကုန်တွင် ကာကွယ်ဆေးထိုးနှံ ပေးရန် ၂၀၂၂ ခုနှစ် နှစ်ဝက်တွင် ၆၀ ရာခိုင် နှုန်းတို့ကို ထိုးနှံပေးနိုင်ရန်။

၂။     ကူးစက်ပြန့်ပွားနိုင်မှုအားလုံးကို    စစ်ဆေး ဖော်ထုတ်ပေးကြရန်။


၃။     ကာကွယ်ဆေးမထိုးနိုင်သေးသည့်  ဒေသ များတွင်   စစ်ဆေးကုသမှုစသည်များကို ဆတက်ထမ်းပိုး  တိုးမြှင့်ပူးပေါင်းဆောင်ရွက်ကြရန်တို့ ဖြစ်သည်။  အဓိက  လိုအပ် ချက်များမှာ         ငွေကြေးရန်ပုံငွေများ စုဆောင်းထူထောင်ခြင်း၊ ကာကွယ်ဆေး များ    လှူဒါန်းဖြန့်ဝေခြင်း၊    ရောဂါကူးစက် လွယ်နေသော   အခြေအနေများအတွက်ငွေကြေးနှင့်နည်းပညာများပံ့ပိုးကူညီခြင်းတို့ဖြစ်သည်။   နိုင်ငံအစိုးရများ အခြား အရင်းအမြစ်များအတွက် စုစုပေါင်းလိုအပ် ငွေမှာ    ဒေါ်လာဘီလီယံ ၅ဝ မျှ ဖြစ်သည်။ ယင်းတွင် အနည်းဆုံး ဒေါ်လာ ၃၅ ဘီလီယံ ခန့်မှာ    စုဆောင်းရရှိနိုင်ဖွယ်ရှိသည်။ ကမ္ဘာ့ထိပ်သီးနိုင်ငံ ၂၀ (G-20)က ဒေါ်လာ ၂၂ ဘီလီယံမျှထည့်ဝင်ကြမည်ဟု   ဆိုကြ ကြောင်း ACT Access to COVID Tools ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒေါ်လာ ၁၃-၁၅ ဘီလီယံခန့်သာ     ထပ်မံစုဆောင်း ရန်    လိုပါသည်။   စုစုပေါင်းဒေါ်လာ ၁၅ ဘီလီယံကို         နိုင်ငံအစိုးရများအပါအဝင် ကမ္ဘာတစ်ဝန်း အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များစသည်တို့ကထည့်ဝင်ရန်    လိုအပ်ပါသည်။ ကိုဗစ်-၁၉ကပ်ရောဂါကြီးကို ထိရောက် လျင်မြန် စွာ  မတားဆီးနိုင်ပါက  လူသားသန်းပေါင်း များစွာ  ဆက်လက်သေဆုံးနိုင်သည့်အပြင် ကမ္ဘာ့စီးပွားရေး   အခြေအနေသည်လည်း ၂၀၂၅  ခုနှစ်တွင်   ဒေါ်လာ ၉ ထရီလီယံမျှ ထိခိုက်ဆုံးရှုံးနိုင်ဖွယ်ရှိနေပါသည်။
ထို့ကြောင့်    ငွေကြေးဆိုင်ရာနှင့်   အခြား ဆောင်ရွက်သင့်သည့်အချက်များကို    တင်ပြထား သည်။

၁။     ကာကွယ်ဆေးထိုးနှုံမှုအတွက်   COVAX အဖွဲ့ကြီးသို့ ငွေကြေး (အနည်းဆုံး)ဒေါ်လာ ၄ ဘီလီယံမျှ လှူဒါန်းရန် လိုအပ်ပါသည်။

၂။ အသိအမှတ်ပြု    ကာကွယ်ဆေးများကို သတ်မှတ်ချက်များနှင့်အညီ    ထုတ်လုပ် ဖြန့်ဝေခြင်းကို      ပုဂ္ဂလိကအဖွဲ့များကပါ ပါဝင်ဆောင်ရွက်ခွင့်ပေးနိုင်ရန် ဆောင်ရွက် ရပါမည်။

၃။ ၂၀၂၁ ခုနှစ်အတွက်  ကာကွယ်ဆေး အနည်း ဆုံး တစ်ဘီလီယံ (သန်း ၅၀၀ နှစ်ကြိမ်စာ)  လိုအပ်နေရာ ယင်းအတွက် အလျင်အမြန် လှူဒါန်းကြရန်လိုအပ်ပါသည်။

၄။     ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကာကွယ်ဆေး တစ်ဘီလီယံမျှ   ထုတ်လုပ်ဖြန့်ဝေနိုင်ရန် (ယင်းသည် ဆင်းရဲသော ၉၁ နိုင်ငံအတွက် သာမက    မျိုးဗီဇပြောင်းပိုးများအတွက် ထပ်ဆောင်းထိုးနှံမှုအပါအဝင်)   အတွက် ဒေါ်လာ ၈ ဘီလီယံမျှ လိုအပ်ပါသည်။


၅။ ဗိုင်းရပ်စ်ပိုး၏   ဗီဇတည်ဆောက်စီစဉ်မှု၊   ကာကွယ်ဆေးများ စနစ်တကျ စီမံဖြန့်ဝေမှု တို့ကို သေချာစွာ စောင့်ကြည့်ဆောင်ရွက် ကြရန်  ယင်းအတွက်  ဒေါ်လာ ၃ ဘီလီယံ မျှ လိုအပ်မည်။

၆။     စစ်ဆေးကုသမှုများ     မြှင့်တင်ပေးရန်၊ ပြည်သူလူထု    ပါဝင်ဆောင်ရွက်မှုကဏ္ဍ များကို   မြှင့်တင်ပေးရန်၊  ကာကွယ်ဆေး ဖြန့်ဝေပေးနိုင်မှုအတွက်      ကြိုတင်ပြင်ဆင် ထားရန်အတွက်  ဒေါ်လာ ၃ဝ  ဘီလီယံမျှ လိုအပ်ပါမည်။ 

၇။ လိုအပ်သော    ထပ်မံထိုးနှံမှုများအတွက် ကာကွယ်ဆေးများ     ထပ်မံစုဆောင်းပြီး အဆင်သင့်လုပ်ထားရန်     လိုအပ်ပါသည်။ (ယင်းအတွက်    ဒေါ်လာ ၂ ဘီလီယံမျှ လိုအပ်ပါမည်)။

အခြားထပ်မံလိုအပ်ချက်များအတွက် ငွေကြေး ၃ဘီလီယံမျှလည်းအရန်သင့်ထားရန် လိုအပ်ပါမည်။ အဆင့် ၄ မှ ၇ အထိတို့သည် အခြေခံလူတန်းစား များအတွက်  ထိရောက်သော  အကာအကွယ်နှင့် ရောဂါ၏        နောက်ဆက်တွဲပြဿနာများကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်ဖြစ်သည်။
ယခုတင်ပြထားသော အဆိုပြုချက်သည် IMF အဖွဲ့ကြီးသာမက    ကမ္ဘာ့ထိပ်သီး  နိုင်ငံ ၂၀ (G-20) နှင့် ထိပ်သီးခုနစ်နိုင်ငံ(G-7)တို့၏ ကပ်ရောဂါ  ဆိုင်ရာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်တုံ့ပြန်မှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးမှုများအရလည်း    သဘောတူ ထားကြောင်း သိရပါသည်။   ယင်းသို့  လက်တွေ့ လုပ်ဆောင်နိုင်မှုသည်  တစ်ကမ္ဘာလုံးယခုကြုံတွေ့ နေရသော     ကပ်ရောဂါကြီးကို    ထိရောက်စွာ ဟန့်တားအဆုံးသတ်နိုင်လိမ့်မည်ဟု   ယုံကြည်ကြ ကြောင်း  သိရပါသည်။   နိုင်ငံအားလုံးလက်တွဲ လုပ်ဆောင်ကြရုံမက ငွေကြေးကိစ္စကိုလည်း ထည့် သွင်းလုပ်ဆောင်ကြမှ  လက်တွေ့အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

အဆုံးသတ်ကြစို့

ကိုဗစ်-၁၉ ကို အဆုံးသတ်စေဖို့ အဓိကလိုအပ် ချက် (၃) ချက်ကို တင်ပြလိုပါသည်။

၁။    လူတိုင်းအချင်းချင်းအကြား     မကူးစက် စေနိုင်သည့်          နေထိုင်သွားလာဆက်ဆံ မှု  ပုံစံများကို    ဆက်လက်ဆောင်ရွက်သွား ရန်၊ 

၂။      ဆေးကုသခြင်း၊ 

၃။  ကာကွယ်ဆေးထိုးခြင်း။

အထူးသဖြင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခွင့်ပြုထားသော  မော်ဒါနာ၊ ဖိုက်ဇာ၊ ရမ်ဒက်ဆီဗာ စသည့် ကာကွယ်ဆေးခုနစ်မျိုးတို့ကို  ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ပါသည်။  ရာနှုန်းပြည့်မဟုတ်သည့်တိုင် ပြင်းထန်သော ဖြစ်ပွားမှုသေဆုံးမှုစသည်တို့အထိမရောက်ရှိစေရန် ကာကွယ်ပေးနိုင်သည်ကို တွေ့ရ ပါသည်။  အထက်ဖော်ပြပါကဲ့သို့ ကာကွယ်ဆေး များကို   ဆင်းရဲချမ်းသာမရွေး   ထိုးနှံပေးနိုင်ပါက အထူးထိရောက်ကာ ကပ်ရောဂါကြီးကိုအဆုံးသတ် နိုင်ဖွယ်     ရှိလိမ့်မည်ဖြစ်ကြောင်း   တင်ပြလိုက်ပါ သည်။    ။
 

Ref;
May 21, 2021 “A proposal to end the COVID19 Pandemic” By Kristalina Georgieva, Gita Gopinath, and Ruchir Agarwal(IMF Blog)။