ကိုဗစ်ကပ်

Type
1

 

၂၀၁၉  ခု နှစ်ကုန်ပိုင်းမှာ အမျိုးအမည်မသိ ရောဂါ တစ်ခု   တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့ပါ သည်။ အပြင်းဖျား၊ အသက်ရှူကျပ်ပြီး ရုတ်တရက် သေဆုံးသွားတတ်သည့် ကူးစက်မြန်ရောဂါတစ်ခု ဖြစ်မှန်းသိသည်နှင့်        ရောဂါနှင့်ဝေးရာဒေသသို့ ပြေးရှောင်ကြခြင်း၊  အိမ်ထဲမှာပဲနေထိုင်၍ တင်းကျပ် သည့် စည်းကမ်းများ ချမှတ်ခြင်းတို့ကြောင့် ဝူဟန် မြို့ကြီးမှာ ချောက်ချားမှုကြောင့် ခြောက်ကပ်သွား ပါသည်။


အမေရိကန်နိုင်ငံသို့ ရောက်ရှိ


ကူးစက်မြန်ပြင်းထန်      အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Syndrome) SARS ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးနှင့် ဆင်တူ ပိုးကို  ၂၀၂၀ နှစ်ဆန်းမှာ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုအချိန်တွင် (SARS Cov-2 ) ဟုခေါ်သော ရောဂါ ပိုးမှာ ဥရောပသို့ ရောက်ရာမှတစ်ဆင့် အမေရိကန် နိုင်ငံသို့ ရောက်ရှိသွားခဲ့ပါသည်။


ကိုရိုနာဗိုင်းရပ်စ် အမှတ် ၂ (Cov-2) ကိုလည်း ဝူဟန်ဗိုင်းရပ်စ်၊ တရုတ်ဗိုင်းရပ်စ်ဟု အမည်တပ်ပြီး ရောဂါစတင်ဖြစ်ပွားပုံနှင့်ပတ်သက်၍  ကောလာ ဟလများစွာ ထွက်ပေါ်ခဲ့သည်။ ထိုဗိုင်းရပ်စ်များကို ယခင်ကပင် လင်းနို့များ၌ သဘာဝအတိုင်း တွေ့ရှိ ပြီးဖြစ်၍ ဝူဟန်သားငါးဈေးကြီးတွင် တွေ့ရှိရသော သားကောင်များ၊ အသားများမှတစ်ဆင့် လူတို့ထံ ခုန်ကူးသည်ဟု သုံးသပ်ခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း မကြာခင်ကာလအထိ အစဉ် တစိုက် သဘောတူလက်ခံခဲ့၏။


ထပ်မံစွပ်စွဲ


အမေရိကန်သမ္မတဟောင်း ထရမ့်ကမူ ဝူဟန် မြို့ ရှိ ဓာတ်ခွဲခန်းမှ ထွက်လာကြောင်း ယုံကြည်ပြီး WHO (World Health Organization) သည် တရုတ် ဘက်လိုက်သည်ဟု စွပ်စွဲကာ ထိုကမ္ဘာ့အဖွဲ့ကြီးမှ နုတ်ထွက်ပြီး ပေးရမည့် ထောက်ပံ့ငွေကြေးများကို လည်း ရပ်ဆိုင်းခဲ့၏။ ၂၀၂၁ နှစ်ဆန်းမှာ သမ္မတ ဖြစ်လာသော ဂျိုးဘိုင်ဒင်က WHO သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ သို့သော် ယခုအခါတွင် အမေ ရိကန်မှ ဦးဆောင်၍ ဓာတ်ခွဲခန်းထွက် ဗိုင်းရပ်စ်ပိုး ဖြစ်ကြောင်း ထပ်မံစွပ်စွဲသံ ကျယ်လောင်လာပြန် ပါသည်။


SARS Cov-2 ဗိုင်းရပ်စ်ကိုလည်း   WHO က နိုင်ငံနာမည်၊  မြို့နာမည်မတပ်ဘဲ   (COVID-19) ကိုဗစ်-၁၉ ဟု အမည်တပ်ပေးလိုက်သဖြင့် ယခုတိုင် ကိုဗစ်-၁၉ ဟု အမည်တွင်နေ၏။  ထိုအမည်ဖြင့် ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်လာသည်မှာ အချိန်တစ်နှစ် ခွဲခန့်အတွင်း        လူသားသန်းပေါင်းနှစ်ရာနီးပါး ကူးစက်ခံခဲ့ရပြီး  ၃ ဒသမ ၉ သန်းကျော်    သေဆုံး သွားခဲ့ရပြီ ဖြစ်ပါသည်။


တိုင်းတာဖော်ထုတ်


မြန်မာနိုင်ငံသို့လည်း ၂၀၂၀ ပြည့်နှစ် မတ်လမှ စ၍ ပထမဆုံးလူနာကို စတင်တွေ့ရှိခဲ့ပြီး ခပ်ကျဲကျဲ ရောဂါပျံ့နှံ့နေရာမှ ၂၀၂၀  နှောင်းပိုင်းတွင်   အရှိန် အဟုန်ဖြင့် ကူးစက်ပြန့်သွားခဲ့ပါသည်။ ကိုဗစ်-၁၉ ရောက်ခါစမှာ   မြန်မာနိုင်ငံတွင်    ပိုးရှာကိရိယာ  မရှိပါ။ ထိုင်းနိုင်ငံမှတစ်ဆင့် ဂျာမနီနိုင်ငံအထိ ပေးပို့ ၍ စစ်ဆေးခဲ့ရ၏။ နောက်ပိုင်းတွင်   RT-PCR ခေါ် ဓာတ်ခွဲပစ္စည်းဖြင့်        တိကျစွာစစ်ဆေးနိုင်ခဲ့ပြီး လွယ်ကူမြန်ဆန်စွာ စစ်ဆေးနိုင်သော   Antigen Test Kit   များကို  သုံးလာနိုင်သဖြင့်   ရောဂါကို အကြမ်းဖျင်းအားဖြင့်   တိုင်းတာဖော်ထုတ်ပေးခဲ့ ပါသည်။


ရောဂါပိုးတွေ့ရှိသူကို   သီးသန့်ခွဲထားခြင်း (Quarantine) လုပ်ခြင်း၊ ရောဂါပြင်းထန်သူများ အတွက်  သီးသန့်ဆေးရုံများတွင် ကုသပေးခြင်း၊ ရောဂါပိုးတိုးချဲ့ရှာဖွေခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက   တာဝန်ယူဆောင်ရွက် ပေးခဲ့ပါသည်။ ရောဂါပိုး ကူးစက်ခံရသူများကြားတွင် အနံ့ပျောက်သည့် ပြဿနာရှိလာသူများပြားလာ သဖြင့်    အနံ့ပျောက်သူများအတွက်   သီးသန့် စောင့်ကြည့်ရန်နေရာများ စီစဉ်ပေးခဲ့ပါသည်။


ဝန်ဆောင်မှုများပေး


ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူများနှင့် ဆက်စပ် သူများကို လိုက်လံရှာဖွေခြင်း (Contact Tracing) များကိုလည်း ကျန်းမာရေးဝန်ထမ်းများက အခက် အခဲများကြားမှ ကြိုးစားရှာဖွေခဲ့ကြပါသည်။ ရောဂါ ကုသရေးလုပ်ငန်းများတွင်လည်း ကိုယ်တိုင်ရောဂါ အဖြစ်ခံ၍၊ ကိုယ်တိုင်အသက်နှင့်ရင်း၍ ဝန်ဆောင် မှုများ ပေးခဲ့ကြပါသည်။
ထိုအချိန်ကာလအတွင်း ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် တွင်ကျယ်စွာ ပျံ့နှံ့၍သွားရုံမက ဗီဇပြောင်းလဲမှုများ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာ ခဲ့ပါသည်။ ဘေးအန္တရာယ်ရှိသော ဗီဇပြောင်းပိုးကို အင်္ဂလန်နိုင်ငံတွင်  စတင်တွေ့ရှိပြီး   ထိုနိုင်ငံမှ တစ်ဆင့် ကမ္ဘာပြန့်သွားခဲ့ရာ မြန်မာတို့၏ အိမ်နီး ချင်း ထိုင်းနိုင်ငံသို့ ရောက်ရှိသွားခဲ့ပါသည်။ တောင် အာဖရိကနိုင်ငံတွင်လည်း  ဗီဇပြောင်းပိုးတစ်မျိုး၊ ဘရာဇီးနိုင်ငံတွင်  နောက်တစ်မျိုးနှင့် အိန္ဒိယနိုင်ငံ တွင် နောက်ထပ်တစ်မျိုး တွေ့လာကြ၏။   ၂၀၂၀ နှစ်ကုန်ပိုင်းတွင်    ပြောင်းလဲကူးစက်လာသော ကိုဗစ်-၁၉ သည် ကမ္ဘာပေါ်တွင် စတုတ္ထလှိုင်းကြီး အဖြစ် ရိုက်ခတ်ခဲ့ရာ ဥရောပနိုင်ငံအများအပြားနှင့် တောင်အမေရိက၊ အိန္ဒိယတိုက်ငယ်၊ အရှေ့တောင် အာရှနှင့် ဂျပန်နိုင်ငံတို့သို့   ပြန်လည်ထိခိုက်စေခဲ့ လေသည်။


အာဂျင်တီးနားနှင့် ချီလီနိုင်ငံသို့ ပျံ့နှံ့


အင်္ဂလိပ်မျိုးကွဲကို     အယ်လ်ဖာ  (Alpha)၊ တောင်အာဖရိကမျိုးကွဲကို   (Beta)၊    ဘရာဇီး မျိုးကွဲကို (Gamma)နှင့် အိန္ဒိယမျိုးကွဲကို ဒယ်လ်တာ (Delta) ဟု ဂရိအက္ခရာများနှင့် အမည်တပ်ပေးလိုက် သောအခါ    ပိုမို၍ရှုပ်ထွေးသွားလေတော့သည်။ ထိုမျိုးကွဲများထဲမှ   မြန်မာနိုင်ငံသို့   ရောက်ရှိလာ ရာတွင်  အင်္ဂလိပ်မျိုး၊  အိန္ဒိယမျိုး   နှစ်မျိုးအပြင် နောက်ထပ် ကပ်ပါ(Kappa) ဟူသော မျိုးကွဲတစ်မျိုး ကိုပါ တွေ့ရကြောင်း ထုတ်ပြန်ထားပါသည်။ ဤသို့ ရှိချိန်တွင် အိန္ဒိယနိုင်ငံ၌ ဒယ်လ်တာပလပ်စ် (Delta Plus) မျိုးကွဲ ထပ်တွေ့နေပြီး   အင်္ဂလန်သို့  ပျံ့နှံ့ ရောက်ရှိသွား၏။  ပီရူးနိုင်ငံတွင်လည်း    လမ်ဒါ (Lambda) ဟူသော မျိုးကွဲတစ်မျိုး အသစ်တွေ့ရှိပြီး အာဂျင်တီးနားနှင့် ချီလီနိုင်ငံသို့ ပျံ့နှံ့၍ နေလေပြီ။


ဖြစ်ရိုးဖြစ်စဉ်အရ ဗိုင်းရပ်စ်ပိုးများသည် လူတို့ ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလျှင် ရောဂါ ပေးခြင်း၊ မျိုးပွားခြင်း၊ ဆင့်ပွားကူးစက်ခြင်းများကို လုပ်ဆောင်၏။   ကူးစရာလူထပ်မတွေ့လျှင်   မှီခို နေသော  လူသေသွားလျှင်  ဗိုင်းရပ်စ်များသေ၏။ ဆင့်ပွားကူးစက်ရင်း လူတို့၏ ကိုယ်ခံအားကြောင့် ဗိုင်းရပ်စ်များ အားလျော့သွားတတ်ပါသည်။


ယခု ကိုဗစ်-၁၉ သည် အားမလျော့သည့်အပြင် ကိုဗစ်-၂၀၊ ကိုဗစ် ၂၁ ကာလထဲသို့ ရောက်ရှိကာ ပို၍ပို၍ အားကောင်းလာသည်မှာ ထူးခြားချက် တစ်ရပ်ပင်။  (၁၉၁၈-၁၉၁၉)   ကာလတုန်းက ကပ်ရောဂါအသွင်ဖြစ်ခဲ့သော စပိန်တုပ်ကွေးသည် အားလျော့ကာ ယနေ့ထက်တိုင် (H1N1) ဗိုင်းရပ်စ် အဖြစ်  သာမန်တုပ်ကွေးရောဂါကို ပေးနေဆဲပင်။ ကိုဗစ်-၁၉ သည် တစ်ချိန်ချိန်မှာ ဤသို့ဖြစ်သွား မည်ထင်သော်လည်း အစွမ်းထက်သော မျိုးကွဲများ အဖြစ် ထွက်ပေါ်လာနေ၏။


ကာကွယ်ဆေးအလုံး သန်း ၇၀၀  လို


ကမ္ဘာ့လူသားများအတွက် စိုးရိမ်စရာဖြစ်လာ ရသည့်အထဲတွင်  ကျန်းမာရေးကဏ္ဍမှာ   လက်ရှိ အောင်မြင်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ ထိရောက်မှုကို စိန်ခေါ်လာသဖြင့်   ပညာရှင်များ စိတ်ညစ်နေကြလေပြီ။ တစ်ကြိမ်ထိုး   ကာကွယ် ဆေးမျိုး၊ နှစ်ကြိမ်ထိုး ကာကွယ်ဆေးမျိုးတွေ  ကမ္ဘာ ဖြန့်ကာ ထိုးပေးနေသော်လည်း ကိုဗစ်-၁၉ မျိုးကွဲ များအပေါ် မည်မျှထိရောက်စွာ ကာကွယ်နိုင်မည်လဲ မသိ။ ပူပန်နေရဆဲတွင် ကမ္ဘာကြီးမှာ ကာကွယ်ဆေး အလုံးပေါင်း သန်း ၇၀၀  ထပ်လိုနေကြောင်း WHO က ပြောလာ၏။


အင်အားကြီးနိုင်ငံများက   ငွေနှင့်ပေါက်၍ ကာကွယ်ဆေးများ ရယူသွားခြင်း၊ ဆင်းရဲသောနိုင်ငံ များ၊ အင်အားနည်းသော နိုင်ငံများအပေါ် နိုင်ငံရေး ကစားဖို့ ကာကွယ်ဆေးကို အသုံးချလာခြင်း စသည့် လူသားတို့၏ စရိုက်ဆိုးများသည်လည်း ရေထဲမိုးထဲ တွင် ပေါ်လွင်လာပြီဖြစ်ပါသည်။ စရိုက်ဆိုးထဲတွင်  ခိုကိုးရာမဲ့နေသော   ဝေဒနာရှင်များကို    စွန့်ခွာ ထွက်သွားရက်သူများကိုလည်း ကြုံခဲ့ရ၏။


သိကြားမင်းလည်း    ဆင်း၍    မကယ်နိုင်ပြီ။ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးစရာရှိပါ၏။ ၂၀၂၀ မတ်လမှစ၍ ယနေ့ထိ အကျင့်ရနေပြီဖြစ်သော
နှာခေါင်းစည်း ( Mask ) တပ်ခြင်း၊ 
လက်ကိုဆပ်ပြာနှင့်  ရေသန့်ဖြင့်   စက္ကန့် နှစ်ဆယ်ကြာဆေးခြင်း၊
တစ်ယောက်နှင့်တစ်ယောက် ခြောက်ပေ ခွာ၍နေခြင်း၊
လူစည်ကားရာနေရာများကို ရှောင်ရှားခြင်း ဟူသည့် အချက်လေးချက်ကို   တိကျစွာ ဆက်လက်လိုက်နာဖို့ရာသာ ရှိပါ၏။
မြန်မာတစ်နိုင်ငံလုံးမှာ       စည်းကမ်းတကျ ကာကွယ်နေကြလျက် မည်သည့်အကြောင်းကြောင့် ယခုအခါ ပြန်လည်ခေါင်းထောင်လာသနည်း။


မျိုးဗီဇပြောင်းကိုဗစ်များကြောင့်လား၊
နယ်စပ်ပေါက်များမှ     အလွယ်တကူ ဝင်ရောက်လာ၍လား၊
ကိုဗစ်စည်းကမ်းများကို တိကျစွာ မလိုက်နာ ကြ၍လား။


လောလောဆယ်တော့     ဗီဇပြောင်းကိုဗစ် ကိုသာ တရားခံရှာရလေတော့သည်။ အမှန်တကယ် ဘယ်နေရာများမှာ အားနည်းနေသလဲ  အကြောင်း ရင်း ကို ဖွေရှာလျှင် များများစားစား မရှိ၊ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါသည်။


နှာခေါင်းစည်းများ မတပ်မှု၊
တပ်လျှင်လည်း            စည်းကမ်းအတိုင်း မလိုက်နာဘဲ တပ်မှု၊
လက်ကိုစနစ်တကျ ဆေးဖို့ မေ့သွားမှု၊
အချင်းချင်း ခြောက်ပေမခွာဘဲ မလွှဲသာ၍ နေထိုင်ဆက်ဆံမှု၊
ဈေးကအစ စားသောက်ဆိုင်၊ စူပါမားကတ် အဆုံး လူစည်ကားရာနေရာများနှင့် မကင်း နိုင်မှု၊
လူစည်အောင် တမင်ဖန်တီးခဲ့ကြမှုများ၏ အစုအပေါင်းကို ယနေ့တွေ့ကြရလေပြီ။


ယခုကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သီးသန့်သတိပေးနေသော အချက် တစ်ခုကိုလည်း မေ့၍မဖြစ်၊ မသိ၍မဖြစ်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် လူ၏ တံတွေးထဲ တွင် ၉၀ ရာခိုင်နှုန်းမက    ပါဝင်နေကြောင်းပင်။ ကွမ်းတွေဝါး၍ တံတွေးတဗျစ်ဗျစ်ထွေးခြင်း ဝါသနာ ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ရွှေမြန်မာတို့ ဝါသနာ ပါကြ၏။ တရုတ်တို့သည်    မကောင်းဆိုးရွားကို နှင်ရန် တံတွေးတဗျစ်ဗျစ်ထွေးကြ၏။
သို့ဖြစ်၍ ကိုဗစ်ကပ်ရောဂါများ ထပ်ကာထပ်ကာ ဖြစ်လာရန် ကျွန်ုပ်တို့မှာ ဝါသနာကိုယ်စီ ရှိပြီးသား ဖြစ်ပါ၏။
ဝါသနာကို တားမှဖြစ်မည်။


တစ်ဦးချင်း စည်းကမ်းတကျ ကာကွယ်ခြင်းဖြင့် အများကြား    ကူးစက်ပြန့်ပွားမှု   လျှော့ချနိုင်သည်။ အများကြားမှာ   ကူးစက်ရောဂါလျှော့ချနိုင်လျှင် မိမိထံ တစ်ဖန် ပြန်လည်ကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်သည်။         ။