ကိုဗစ်ကပ်ရောဂါအလွန် အကယ်ဒမီဆုပေးပွဲ ဂုဏ်ယူစွာဆင်နွှဲ

Type

 

ရုပ်ရှင်ပရိသတ်တစ်ဦး

 

ရုပ်ရှင်လောကသားများ  အလိုလား အတောင့်တဆုံးအရာမှာ အကယ်ဒမီခေါ်  ရုပ်ရှင်ထူးချွန်ဆုဖြစ်သည်။ တစ်ခါဖူးမျှ ရယူဆွတ်ခူးနိုင်ခြင်း မရှိသေးသူများက  အကယ်ဒမီကို  တစ်ကြိမ်တစ်ခါမျှ  ရယူဆွတ်ခူးချင်သည်။  ရယူဆွတ်ခူးဖူးသူများကလည်း အကြိမ်ကြိမ်အခါခါထပ်ဆင့်  ရယူဆွတ်ခူးချင်ကြသည်။

 

အကယ်ဒမီရွှေစင်ရုပ်တုသည် ပြယုဂ်တစ်ခုဖြစ်


အကယ်ဒမီဆုအများဆုံးဆုများရှင်   ခုနစ်ထပ် ကွမ်းအကယ်ဒမီဆုရှင်          ဦးညွန့်ဝင်းကြီးလည်း သက်ရှိထင်ရှားရှိနေသေးလျှင်       အကယ်ဒမီဆုကို ရယူချင်ပါဦးမည်။  ထပ်ဆင့်အကယ်ဒမီဆုများရှင်  ရန်အောင်နှင့် မို့မို့မြင့်အောင်တို့ကလည်း ထပ်မံရဦး မည်ဟုဆိုလျှင် ယူကြပါဦးမည်။ ရုပ်ရှင်လောကသား များအဖို့ အကယ်ဒမီရွှေစင်ရုပ်တုသည် အိမ်ဦးခန်း ဝယ် အမြတ်တနိုးချိတ်ဆွဲပြသစရာ ဂုဏ်ယူဖွယ်ရာ ဘဝသမိုင်း၏ပြယုဂ်တစ်ခုဖြစ်သောကြောင့်ပင်။

 


သို့ရာတွင်  ရုပ်ရှင်အကယ်ဒမီရွှေစင်ရုပ်တုသည် လိုချင်တိုင်းရကောင်းသောအရာ  မဟုတ်။ သာမန် ထက်ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်၊ ဖန်တီး နိုင်ပါမှ မျှော်မှန်းနိုင်မည်၊   ရယူဆွတ်ခူးနိုင်ပါမည်။ သို့အတွက်     အကယ်ဒမီကို     ရုပ်ရှင်ထူးချွန်ဆုဟု ခေါ်ဆိုရခြင်းဖြစ်သည်။

 


ထို့ပြင်  အကယ်ဒမီသည်  ထူးချွန်တိုင်းလည်း ရယူနိုင်မည်ဟု  ကံသေကံမ  ဆို၍မရပြန်။   ထူးချွန် တိုင်းလည်း ဆွတ်ခူးချင်မှ ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ဆန်ခါတင်အဆင့်တွင်   ပါဝင်ခဲ့သော်ငြား  အမှန် တကယ်အကယ်ဒမီဆုပေးပွဲတွင် လွဲချော်မှုများက လည်း အကြိမ်ကြိမ်။  တစ်ခေတ်တစ်ခါက  ရုပ်ရှင် ပရိသတ်တို့၏အသည်းစွဲ    ရုပ်ရှင်သရုပ်ဆောင် ကျော်ဆွေ (ဦး)ဆိုပါလျှင် ကွယ်လွန်သွားသည်အထိ အကယ်ဒမီရွှေစင်ရုပ်တုကို ကိုင်မြှောက်ခွင့်မရရှိခဲ့ ချေ။     ရုပ်ရှင်သရုပ်ဆောင်   ဇော်လင်း(ဦး)ဆိုပါမူ သူအလိုချင်ဆုံး အကယ်ဒမီဆုကို ကွယ်လွန်ပြီးမှသာ ဆွတ်ခူးရရှိခဲ့ရရှာသည်။ ၁၉၉၅ ခုနှစ်တွင် တိုက်ပွဲ ခေါ်သံရုပ်ရှင်ဇာတ်ကားနှင့်      ၁၉၉၆    ခုနှစ်တွင် ပန်းသခင်ဇာတ်ကားတို့ဖြင့်     အမျိုးသားဇာတ်ပို့ ဆုများ ရယူဆွတ်ခူးနိုင်ခဲ့သည်ကို   သက်ရှိထင်ရှား ဘဝဖြင့် မသိလိုက်ခဲ့ရရှာပေ။ ထို့ကြောင့် အကယ်ဒမီ ကို နတ်ကြီးသည်ဟု အများကဆိုကြခြင်းဖြစ်သည်။

 


 ထူးချွန်ဆုအရေအတွက် တိုးမြှင့်ချီးမြှင့်


ရုပ်ရှင်လောကသားများ    မျှော်လင့်တောင့်တ ဆုံးနှင့် ရုပ်ရှင်ချစ်ပရိသတ်များ စိတ်ဝင်စားမှုအရှိဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု    အကယ်ဒမီဆုပေးပွဲကို ၁၉၅၂ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ၁၉၅၂ ခုနှစ် နှင့် ၁၉၅၃ ခုနှစ်တို့တွင် အကောင်းဆုံးဇာတ်ကား ဆု(ပ၊ ဒု၊ တ)၊ အကောင်းဆုံးအမျိုးသားပညာသည် ဆုနှင့် အကောင်းဆုံးအမျိုးသမီးပညာသည်ဆု ဟူ၍ ရုပ်ရှင်ထူးချွန်ဆုသုံးမျိုးသာ    သတ်မှတ်ချီးမြှင့်ခဲ့ သည်။ ၁၉၅၄ ခုနှစ်တွင်  ဒါရိုက်တာထူးချွန်ဆုကို တိုးမြှင့်ချီးမြှင့်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဇာတ်ကား ထူးချွန်ဆုကို   ပထမ၊   ဒုတိယ၊   တတိယဆုဟူ၍ မခွဲခြားတော့ဘဲ အကောင်းဆုံး   ဇာတ်ကားတစ်ဆု တည်းကိုသာ ရွှေကိန္နရီရုပ်   ချီးမြှင့်ခဲ့သည်။  ၁၉၅၆ ခုနှစ်တွင်     ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆုတစ်ဆုကိုပါ  ထပ်မံတိုးမြှင့်ခဲ့သည်။    ၁၉၅၇   ခုနှစ်တွင်   ဆုပုံ သဏ္ဌာန်ကို ရွှေရင်ထိုး တံဆိပ်မှတစ်ပြေးညီ ရွှေကိန္နရီ ရွှေစင်ရုပ်သို့          စတင်ပြောင်းလဲချီးမြှင့်ခဲ့သည်။       ၁၉၆၂    ခုနှစ်မှစ၍     အမျိုးသားပညာသည်ဆုနှင့် အမျိုးသမီးပညာသည်    ဆုများကို   အမျိုးသား ဇာတ်ဆောင်ဆု၊        အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုဟူ၍  ထပ်မံခွဲခြားကာ ထူးချွန်ဆုအရေအတွက်ကို တိုးမြှင့် ချီးမြှင့်ခဲ့သည်။

 


၁၉၉၀ ပြည့်နှစ်မှစ၍ နောက်ပိုင်းကာလများ တွင်    ဇာတ်ကားဆု၊   ဒါရိုက်တာဆု၊  အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုး သားဇာတ်ပို့ဆု၊  အမျိုးသမီးဇာတ်ပို့ဆု၊    ရုပ်ရှင် ဓာတ်ပုံဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ရုပ်ရှင်တေးဂီတဆု၊ ရုပ်ရှင်အသံဆု၊  ရုပ်ရှင်တည်းဖြတ်ဆု၊ တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုစသည်ဖြင့်  တိုးမြှင့်ချီးမြှင့်ခဲ့သည်။
၁၉၅၂      ခုနှစ်မှ    မျက်မှောက်ကာလအတွင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို အများဆုံးဆွတ်ခူးရရှိခဲ့ သူမှာ ရုပ်ရှင်သရုပ်ဆောင်ညွန့်ဝင်း(ဦး)ဖြစ်သည်။ ခုနစ်ထပ်ကွမ်း အကယ်ဒမီဆုများရှင် ညွန့်ဝင်း(ဦး)သည် ၁၉၆၈ ခုနှစ်တွင် ဗန်တိုလူလေးနဲ့သူဇာ၊ ၁၉၇၁ ခုနှစ်တွင် ချစ်သူဝိုင်းဝိုင်းလည်၊  ၁၉၈၃ ခုနှစ်တွင် တတိယအရွယ်၏ ဒုတိယဝေဒနာဇာတ်ကားတို့ဖြင့် ဇာတ်ဆောင်ဆု၊ ၁၉၉၃ ခုနှစ်တွင် သီတာခုနစ်တန်၊ ၁၉၉၇ ခုနှစ်တွင် သူ့ကျွန်မခံပြီ၊ ၂၀၀၂ ခုနှစ်တွင် ဆန်ရေ၊  ၂၀၀၄ ခုနှစ်တွင်    လျှို့ဝှက်သောနှင်း ဇာတ်ကားတို့တွင်   ဇာတ်ပို့ဆုတို့ဖြင့်       ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုကို ခုနစ်ကြိမ်တိုင်တိုင်အများဆုံးဆွတ်ခူးရရှိခဲ့သည်။

 


ထူးချွန်ဆု ခြောက်ကြိမ်တိုင်တိုင် ဆွတ်ခူး


ဒါရိုက်တာဦးသုခက   ဪမိန်းမ (၁၉၅၄)၊ ဘဝသံသရာ(၁၉၅၆)၊  စကားပြောသော  အသည်း နှလုံး(၁၉၆၈)၊ ကျမမှာမိန်းမသား(၁၉၇၀)၊ ဘယ်သူ ပြိုင်လို့ လှပါတော့နိုင် (၁၉၇၃)၊ ရွှေခြည်ငွေခြည်တန်း ပါလို့(၁၉၇၅)   ဇာတ်ကားတို့ဖြင့်လည်းကောင်း၊ ရုပ်ရှင်သရုပ်ဆောင် ရန်အောင်က မယ်သီတာလို မိန်းကလေး(၁၉၉၁)၊  ပုဂံမှာသာတဲ့လ(၁၉၉၅)၊ အလင်းဖျော့ကောင်းကင်(၁၉၉၆)၊    ညမင်းသား (၁၉၉၈)၊ မောဟမျဉ်းပြိုင်များ(၂၀၀၀)နှင့် ဂုဏ်ရှိန် ပြင်းတဲ့ချစ်ခြင်းသိက္ခာ(၂၀၀၆)  ဇာတ်ကားတို့ဖြင့် လည်းကောင်း  ရုပ်ရှင်အကယ်ဒမီ  ထူးချွန်ဆုကို ခြောက်ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့ကြသည်။

 


ဒါရိုက်တာမောင်တင်ဦး၊    ဒါရိုက်တာကြည်စိုး ထွန်း၊ ရုပ်ရှင်ဓာတ်ပုံပညာရှင်သန်းညွန့် (ပန်းသာ)၊ သရုပ်ဆောင်မြင့်မြင့်ခင်၊ ကျော်ဟိန်း၊ မေသန်းနုတို့ က ငါးကြိမ်စီဆွတ်ခူးရရှိခဲ့ကြသည်။  ဝါရင့်ရုပ်ရှင် သရုပ်ဆောင်ကြီး ဒေါ်ကြည်ကြည်ဌေး၊ ချိုပြုံးနှင့် မို့မို့မြင့်အောင် တို့က လေးကြိမ်စီဖြင့် လေးထပ်ကွမ်း အကယ်ဒမီဆုများရှင်တို့ဖြစ်ကြသည်။

 


ထိုထိုသော       အကယ်ဒမီဆုများရှင်တို့၏ ပြောင်မြောက်လှသော   အနုပညာပုံရိပ်များသည် ခေတ်အလိုက်ရုပ်ရှင်ဝါသနာအိုး     ပရိသတ်များ အတွက် ယနေ့တိုင်မမေ့နိုင်ဖြစ်ရဆဲပင်။  ၁၉၇၉ ခုနှစ်အတွက်     အမျိုးသားဇာတ်ဆောင်ဆုရှင် အကယ်ဒမီကျော်ဟိန်း၊ အမျိုးသားဇာတ်ပို့ဆုရှင် အကယ်ဒမီကောလိပ်ဂျင်နေဝင်း၊ အမျိုးသမီးဇာတ်ပို့ ဆုရှင် အကယ်ဒမီဒေါ်စိန်ခင်တို့ ပါဝင်သရုပ်ဆောင်ခဲ့ ကြသော အကာကအချစ် အနှစ်ကမေတ္တာဇာတ်ကား ဆိုပါလျှင် ရုပ်ရှင်ဝါသနာအိုးများကို ယနေ့တိုင် တီဗွီ ဖန်သားပြင်တွင် ဆွဲဆောင်ညှို့ယူဖမ်းစားနေဆဲ။

 


ဂန္ထဝင်ရုပ်ရှင် ဇာတ်ကားတစ်ကား


ထို့အတူ   ၁၉၈၅    ခုနှစ်တွင်     ဇာတ်ကားဆု၊ ဒါရိုက်တာဆုနှင့် ရုပ်ရှင်ဓာတ်ပုံဆုအပါအဝင် ရုပ်ရှင် ထူးချွန်ဆု သုံးဆုဆွတ်ခူးရယူနိုင်ခဲ့သည့် သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားဆိုလျှင်လည်း ယနေ့တိုင် နွေဦး တွင် ပိတောက်ဖူးတို့နှင့်အတူ  ထွက်ပေါ်လာစမြဲ။ မြန်မာ့ရိုးရာသင်္ကြန်နှင့်  သင်္ကြန်မိုးကခွဲခြား၍ပင် မရစကောင်း။   မြန်မာ့ရိုးရာခါသင်္ကြန်၏   ဂန္ထဝင် ရုပ်ရှင်ဇာတ်ကားတစ်ကားဟုပင်ဆိုရပါမည်။ 

 


ထိုထိုသော ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားများ၊ ထိုထို သော အကယ်ဒမီဆုများရှင် အနုပညာရှင်၊ အတတ် ပညာရှင်တို့၏ ပုံရိပ်များကို ခေတ်အဆက်ဆက်မှ သည် ယနေ့တိုင် ရုပ်ရှင်ဝါသနာအိုးများ တသသစွဲ လမ်းနှစ်ခြိုက်ခဲ့ကြရသည်မှာ သူတို့၏ အနုပညာ ဝမ်းစာနှင့်  ပရော်ဖက်ရှင်နယ်ပီသသော  အနုပညာ ဖန်တီးမှုများကြောင့်သာ ဖြစ်ပေသည်။

 


ထိုထိုသောအနုပညာရှင်များ     ဘယ်ဘာသာ ကိုးကွယ်သည်၊ ဘယ်လိုနိုင်ငံရေး ခံယူချက်ရှိသည်၊ ဘာလူမျိုးဖြစ်သည်      စသည်တို့ကား     ရုပ်ရှင်ချစ် ပရိသတ်များအဖို့   အရေးမကြီး။   ရုပ်ရှင်ပိတ်ကား ထက်သို့  ယူဆောင်လာရမည့် ကိစ္စလည်းမဟုတ်။  အရေးကြီးသည်မှာ         ကျရာ ဇာတ်ညွှန်းဇာတ်ရုပ်တွင် ပရော်ဖက်ရှင်နယ်ပီသစွာ   ဆေးစက်ကျရာ   အရုပ် ထင်နိုင်ရေးသာဖြစ်သည်။ 

 


   အမေရိကန်        နိုင်ငံရေးလောကတွင်လည်း ရုပ်ရှင်၊ ဂီတအနုပညာရှင်များသည် ရွေးကောက်ပွဲ အကြိုကာလများတွင်  သူတို့သဘောကျနှစ်သက်ရာ   ဒီမိုကရက်တစ်နှင့်     ရီပတ်ဘလစ်ကန်ပါတီတို့၏      မဲဆွယ်ပွဲများတွင် ရံဖန်ရံခါလိုက်ပါ   မဲဆွယ်ပေးလေ့ ရှိသည်။   သို့သော်  မဲဆွယ်ကာလ ပြီးဆုံးသွားလျှင်မူ တစ်ခန်းရပ်သွားသည်။ ၎င်းတို့၏ အသက်မွေးဝမ်း ကျောင်း    ပရော်ဖက်ရှင်နယ်လုပ်ငန်းအတွင်းသို့      သယ်ဆောင်လာခြင်း   မရှိပေ။

 


အသက်အရွယ်ကလည်းရ၊ နိုင်ငံရေးပိုးဓာတ်အခံကလည်းရှိနေသူ အနုပညာရှင် အချို့သာလျှင် အနုပညာဇာတ်ခုံမှ နိုင်ငံရေးဇာတ်ခုံသို့အပြီးတိုင် ကူးပြောင်းသွားခဲ့ကြသည်။ ယင်းတို့အနက် ရုပ်ရှင် မင်းသားမှ အမေရိကန်သမ္မတဖြစ်လာသူ ရော်နယ် ရီဂင်နှင့် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့သူ  ရုပ်ရှင်သရုပ်ဆောင်  အာနိုးတို့မှာ ထင်ရှား ခဲ့ကြသည်။ 

 


မည်သို့ဆိုစေ ရုပ်ရှင်အနုပညာရှင်၊ အတတ် ပညာရှင်ဟု ခံယူထားသူ အနုပညာရှင်များ၏ အဓိက ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်းအလုပ် မှာမူ  ရုပ်ရှင်သည် ပြည်သူအတွက်ဟု ခံယူပြီး ပြည်သူ တို့၏  နွမ်းနယ်နေသော    စိတ်နှလုံးကို ကြည်သာ ရွှင်ပြုံးစေရန်၊  ဘဝအမောတို့ကို   တဒင်္ဂဖြေဖျောက် စေရန်၊ လူ့ဘုံခန်းဝါတွင်   ဖြစ်ဖြစ်သမျှ ဖြစ်လေ့ဖြစ်ထ ရှိတတ်သော ဘဝသင်ခန်းစာတို့ကို  မိမိတို့တတ်စွမ်း သည့် ရုပ်ရှင်အနုပညာ စွမ်းပကားဖြင့် ပညာပေးရန်၊   ဖျော်ဖြေပေးရန်သာဖြစ်သည်။ ဤသည်ကပင်ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်တို့၏ အမွန်မြတ်ဆုံး ဂုဏ်ဒြပ်တစ်ခုသာဖြစ်ပေသည်။
အနုပညာဝမ်းစာ၊ အနုပညာစွမ်းပကားပြည့်ဝလာသည်နှင့်အမျှ ပရော်ဖက်ရှင်နယ် ပီသသော အနုပညာလောကသားများကို နိုင်ငံတော်နှင့် ပြည်သူ တို့ကလည်း အစဉ်ထာဝရ အားပေးချီးမြှောက်လျက် ရှိသည်။  

 


လက်ရှိနိုင်ငံတော်အစိုးရက  ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ၁၉၅၂ ခုနှစ် ကတည်းကစတင်၍ အစဉ်အလာကြီးမားစွာကျင်းပခဲ့သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲကို နေပြည်တော်မြို့တော်ခန်းမ အနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားသိုက်မြိုက် စွာကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 


ယခုနှစ်ကျင်းပမည့်    မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကား ထူးခြားလှသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် မချီးမြှင့်နိုင်ခဲ့သည့် ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ် သုံးနှစ်စာအတွက်    ချီးမြှင့်ပေးအပ် သွားမည်ဖြစ်သောကြောင့်ပင်။  

 


အကယ်ဒမီဆုရှင် အနုပညာရှင်၊     အတတ်ပညာရှင် များကိုလည်း  ရွှေငါးကျပ်သားရှိ       အကယ်ဒမီ ရွှေစင်ရုပ်တုများကို    ချီးမြှင့်ပေးအပ်သွားမည် ဖြစ်သကဲ့သို့   မြန်မာနိုင်ငံ    ရုပ်ရှင်အစည်းအရုံး ကလည်း  ၂၀၁၉-၂၀၂၀-၂၀၂၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားသို့   တက်ရောက် လာမည့် အကယ်ဒမီရရှိပြီးသော   အနုပညာရှင်၊ အတတ်ပညာရှင်များအား ရွှေအစစ်ဖြင့် ပြုလုပ် ထားသည့်   အကယ်ဒမီပုံရွှေရင်ထိုးများကို အခမ်း အနားကျင်းပမည့် Red Carpet ရွှေစင်ထိုးအခန်း တွင်   ပေးအပ်ချီးမြှင့်သွားမည်ဟု    သိရသည်။

 


သို့ဆိုလျှင်   မေ  ၆ ရက်တွင်          ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  ချီးမြှင့်ပွဲအခမ်းအနားသည် ရုပ်ရှင်အနုပညာရှင်၊     အတတ်ပညာရှင်      ရုပ်ရှင် လောကသားများအတွက်သာမက      ရုပ်ရှင်ချစ် ပရိသတ် ရုပ်ရှင်ဝါသနာအိုးများအတွက်ပါ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ အခမ်းအနားတစ်ခုဖြစ်သလို ကိုဗစ်- ၁၉   ကမ္ဘာ့ကပ်ရောဂါကြောင့်   အခိုက် အတန့်အားဖြင့်     ရုပ်ရှင်ပရိသတ်နှင့်    အဆက် ပြတ်သွားခဲ့သော  သမိုင်းအစဉ်အလာ  ကြီးမားခဲ့ သည့်   မြန်မာ့ရုပ်ရှင် လောကကြီး ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း      မောင်းနှင်အား တစ်ရပ်ဟု  ရှုမြင်သုံးသပ်မိပါကြောင်း    ရေးသား တင်ပြလိုက်ရပါသည်။        ။