ကိုဗစ်လှိုင်းကို လှော်ခတ် ကျော်ဖြတ်ကြစို့

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးမှုနည်း၍ ဆင်းရဲနွမ်းပါးသည့် နိုင်ငံ အဖြစ်ဖြင့် ကမ္ဘာ့အလယ်တွင် ရပ်တည်နေရ၏။ ငွေကြေးဥစ္စာ ချို့ငဲ့ သည့်အတွက် နိုင်ငံနှင့်ချီ၍ ကြုံတွေ့ရသော အကျပ်အတည်းမျိုး၌ အခြားသော နိုင်ငံများထက် ပိုမိုပြင်းထန်စွာ ထိခိုက်နာကျင်ရနိုင်၏။ ထို့ကြောင့် ယခုကဲ့သို့ ကိုဗစ်ကပ်ရောဂါနှင့် ကြုံတွေ့သည့်အခါ အထူး တလည် သတိကြီးစွာဖြင့် အတတ်နိုင်ဆုံး လူထုကြားထဲ ရောဂါပိုးပေါက်ကွဲ ပျံ့နှံ့မှုမဖြစ်ရလေအောင် ကာကွယ်ထိန်းချုပ်ကုသရန် ကြိုးပမ်းနေရခြင်း ဖြစ်၏။
ခေါင်းဆောင်များက ပြည်သူလူထု ကျန်းမာရေးအသိ၊ ကာကွယ်ရေး သတိတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ကြရန် ဆော်ဩနေကြ ခြင်းလည်းဖြစ်၏။
ယခုအခါ နိုင်ငံတွင်း၌ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသည်မှာ ဝေဒနာသည် အမြောက်အမြားနှင့် မနည်းပါးလှသော သေဆုံးသူအရေ အတွက် ရှိနေပြီဖြစ်ပါသည်။ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇ သောင်းကျော်၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၅ သောင်း လေးထောင်ကျော်၊ သေဆုံးသူ ၁၆၀၀ ကျော် ရှိနေခဲ့ပြီ။
ယခုဆိုလျှင် ကိုဗစ်ကပ်ရောဂါ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင် တွေ့ရှိခဲ့သည်မှာပင် တစ်နှစ်ရှိခဲ့ပြီ။ တစ်ကမ္ဘာလုံး ပုံမှန်သွားလာ လှုပ်ရှား နေမှုပုံစံ လုံး၀ပြောင်းလဲသွားခဲ့သည်မှာ တစ်နှစ်ပြည့်တော့မည်ဟု ဆိုရပါ မည်။ ထိုအကြောင်းကြောင့်ပင် ကမ္ဘာ့နိုင်ငံတို့သည် ကျန်းမာရေးအရရော၊ စီးပွားရေးအရရော များစွာထိခိုက်နေကြပြီဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း အများနည်းတူ ထိခိုက်ခံစားနေရပြီပဲ ဖြစ်ပါသည်။ အထက်တွင်ဆိုခဲ့သလို ဆင်းရဲချို့ငဲ့သော နိုင်ငံဖြစ်သည့် အတွက် ကျန်းမာရေးဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအထောက်အကူ အားနည်း မှုက ပိုမိုနစ်နာခံစားစရာများဖြစ်သော်လည်း ပြည်သူချင်း စာနာကြ၊ ကူညီကြ၊ ဖေးမကြဟူသည့် နူးညံ့ကြင်နာတတ်သော စိတ်ပိုင်းဆိုင်ရာ မြင့်မားမှုရှိခြင်းကြောင့် နစ်နာနိုင်သည့် အခြေအနေကို များစွာသက်သာ စေခဲ့သည်ဟု ဆိုရပါမည်။ ထို့ပြင် ဦးစီးဦးဆောင်ပြုမှုတို့တွင် ဖြစ်စေ၊ စီမံခန့်ခွဲမှုဆိုင်ရာတွင် ဖြစ်စေ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ဖြစ်စေ တာဝန်ရှိသူတို့ စွမ်းစွမ်းတမံ တာဝန်ယူကြခြင်း ကလည်း သည့်ထက်များစွာ စိုးရိမ်ဖွယ်ရှိသည့် အနေအထားသို့ ရောက်မသွားအောင် ထိန်းထားခဲ့နိုင်သေးသည်ဟု ယူဆပါသည်။
ကိုဗစ်ကပ်ရောဂါက နိုင်ငံတကာအနေဖြင့်လည်း ယခုထိ ချုပ်ထိန်း နိုင်ပြီဟူသည့် အနေအထားကို မရောက်သေးဘဲ၊ ဒုတိယလှိုင်း၊ တတိယ လှိုင်းစသည်တို့ကို မုန်တိုင်းကြားတွင် ဆက်လက်ဖြတ်သန်းလှော်ခတ် နေရဆဲဖြစ်လေရာ မြန်မာနိုင်ငံသားတို့သည် အင်နှင့် အားနှင့် ဆက်လက် တောင့်ခံ ကျော်ဖြတ်ကြရပါဦးမည်။
ယခုပင်လျှင် ရွေးကောက်ပွဲအောင်ပွဲခံမှုများက လူစုလူဝေးတို့၏ အကျိုးဆက်က မည်မျှပြန့်ပွားမည်ဆိုသည်ကို မခန့်မှန်းနိုင်သေး။ မြန်မာ ပြည်သူတို့အဖို့ ဒီမိုကရေစီရွေးကောက်ပွဲဟူသည် ဘ၀နှင့် ရင်းယူရသည် ဟု သဘောထားကြသူ များလေရာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားသည်ကလည်းတစ်ကြောင်း၊ မိမိတို့ ရွေးချယ်မဲပေးလိုသူတို့ မဲရကာ အနိုင်ရရှိသွားသည်ကလည်း တစ်ကြောင်းတို့ကြောင့် ထင်၏။ ပျော်ကြရွှင်ကြ၏။ ထိုပျော်ရွှင်မှုကို အောင်ပွဲခံလိုကြ၏။ သို့သော်လည်း ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေး များပြားထူထပ်မှု ကြောင့် ဖြစ်ရသည်က ပင်မအကြောင်းအရင်းတစ်ခု ဖြစ်သည်ကိုမေ့လို့ မရပါ။ ကိုယ့်အိမ်ထဲ ကိုယ်နေကာ ပျော်ရွှင်ကြဖို့သင့်၏။ လူစုလူဝေး အောင်ပွဲများပြုလုပ်ရန် ခေတ်ကောင်းချိန်ကို စိတ်ရှည် လက်ရှည် စောင့်ကြဖို့ တိုက်တွန်းလိုပါသည်။
ထို့ပြင် ယခုအခါ မြန်မာနိုင်ငံ၏ ရာသီစက်ဝန်းအရ ဆောင်းရာသီ ရောက်လာပြီဖြစ်ရာ၊ ရောဂါပိုးနှင့်ပတ်သက်၍ ပိုမိုသတိထားရန် လိုအပ် ပါသည်။ ကိုဗစ်ဗိုင်းရပ်စ်ရောဂါပိုးသည် အေးသည့် ရာသီဥတုတွင် ပိုမို ရှင်သန်ကူးစက်ပြန့်ပွားနိုင်ခြေရှိသည်ဟု သိထားရသည်ဖြစ်သောကြောင့် အေးလာသည်နှင့်အမျှ သတိကြီးကြဖို့ လိုမည်ဖြစ်ပါသည်။
ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် အမြဲတမ်း မှန်ကန်သော နည်းနာများဖြစ်သည့်၊ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ စနစ် တကျနှင့် မကြာခဏ လက်ဆေးခြင်း၊ အပြင်မထွက်မဖြစ် ထွက်ရမည် ဆိုလျှင် မျက်နှာဖုံး နှာခေါင်းစည်းတို့ တပ်ဆင်ခြင်း၊ လူချင်းခွာခွာနေခြင်း တို့ကို ဆက်လက်လိုက်နာကျင့်ကြံကြရန် အရေးကြီးပါသည်။ ထို့ပြင် ယခုလို အေးချမ်းလာသည့် ရာသီကို အားကစားရာသီအဖြစ်ဖြင့် ကိုယ်လက်လှုပ်ရှားလုပ်ကြလေ့ရှိသည့် အစဉ်အလာအတိုင်း မိမိကျန်းမာ ရေး၊ ကိုယ်ခံအား ကောင်းမွန်ရေးတို့အတွက် တစ်ကိုယ်ရေ ကိုယ်လက် လှုပ်ရှား အားကစားလုပ်ခြင်းတို့ကလည်း ကိုဗစ်ကာကွယ်ရေးအတွက် တစ်တပ်တစ်အား ဖြစ်ပါလိမ့်မည်။
အသိကြီးကြီး၊ သတိကြီးကြီးဖြင့် ပိုးကူးစက်မှု ကာကွယ်ရေးနည်း လမ်းများကို စောင့်ထိန်းလိုက်နာရင်း တစ်ကိုယ်ရေ ထိန်းသိမ်းခြင်း၊ အားကစားလုပ်၍ ကိုယ်ခံအားကောင်းအောင် အားထုတ်ခြင်း စသည် တို့ဖြင့် ကပ်ရောဂါဘေးကင်းဝေး ကျန်းမာကြပါစေသော်။ ။