
မျိုးငြိမ်းငယ်
မိမိပတ်ဝန်းကျင်တွင် နေ့စဉ်လိုလို မြင်တွေ့ခံစားရသည့် အကြောင်းအရာများအနက် လူတစ်ဦးချင်းစီအနေဖြင့် ကိုယ်တိုင်တွေ့ကြုံလာသည့် ကိစ္စရပ်များကို မည်သို့ရှုမြင်ကြသည်၊ မည်သို့နားလည်လက်ခံကြသည်နှင့် မည်သည့်ပုံစံဖြင့် တုံ့ပြန်ကြသည်ဆိုသည်မှာ လွန်စွာစိတ်ဝင်စားဖွယ် ဖြစ်သည်။
လူ့သဘော
လူတစ်ယောက်သည် စိတ်ပျော်ရွှင်သည့်အချိန် တွင် ရယ်ရယ်မောမောဖြင့် ပြုမူဆက်ဆံပြောဆိုတတ် ၍ စိတ်ဆိုးစိတ်ညစ်နေသည့်အချိန်တွင် အော်တတ်၊ ငေါက်တတ်၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုလုပ် ဆောင်တတ်ကြသည်ကို ကြုံဖူးကြပေလိမ့်မည်။ လူတိုင်း ဖြစ်တတ်လေ့ရှိသည်ဟုတော့ မဆိုလိုပါ။ အချို့သည် မိမိစိတ်ခံစားချက်အား သိမြင်နိုင်၊ ထိန်းသိမ်းနိုင်၊ နားလည်လက်ခံနိုင်၊ ဆင်ခြင်စဉ်းစားနိုင်ကြသူများစွာလည်း ရှိကြသည်။ စိတ်ခံစား ချက်နောက် လိုက်သူများနှင့် စိတ်ခံစားချက်ကို ဆင်ခြင်ထိန်းသိမ်းနိုင်စွမ်းရှိသူများဟု ပိုင်းခြားဆိုရ မည် ဖြစ်သည်။
စိတ်ခံစားချက်များဆိုသည်က လူတိုင်းတွင် ရှိတတ်ကြသည့် လူ့သဘောဖြစ်ရာ စိတ်ရှိနေသမျှ စိတ်ခံစားချက်ဆိုသည်ကလည်း ရှိနေပါမည်။ စိတ်ခံစားချက်ရှိခြင်းသည် သဘာဝဖြစ်ပြီး စိတ်ခံစား ချက်ကို နားလည်နိုင်စွမ်းနှင့် တုံ့ပြန်မှုနည်းလမ်း သည် ကာယကံရှင်၏ အရည်အသွေးဖြစ်ပါသည်။
စိတ်ခံစားမှုများ
စိတ်ခံစားမှုများသည် အတွေးများ၊ ခံစားချက် များ၊ အပြုအမူဆိုင်ရာ တုံ့ပြန်မှုများနှင့် ကျေနပ်မှု သို့မဟုတ် မကျေနပ်မှုတို့နှင့် များစွာဆက်စပ်နေ သည့် ဇီဝဗေဒအခြေပြု စိတ်အခြေအနေများဟု ဆိုပါသည်။ ယင်းခံစားချက်များသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တွေ့ကြုံခံစားရမှုများကြောင့် ဖြစ်ပေါ်လာတတ်ပြီး မိမိ၏ အတွင်းနှင့်အပြင် အဖြစ် အပျက်များအပေါ် တုံ့ပြန်တတ်လေ့ရှိပါသည်။
အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂) ကမူ စိတ်ခံစား မှုများသည် လူတို့၏ဆုံးဖြတ်ချက်များအပေါ် အကျိုး သက်ရောက်နေသဖြင့် လူတို့အား ပြောင်းလဲစေသည့် ခံစားမှုများဖြစ်သည်။ ယင်းစိတ်ခံစားချက်များတွင် နာကျင်မှု သို့မဟုတ် ကျေနပ်မှုများ၊ ဒေါသ၊ သနား ကြင်နာမှု၊ နှစ်သက်မှုတို့နှင့် ယင်းတို့၏ ဆန့်ကျင် ဘက်များ ပါဝင်ကြောင်း ဆိုပါသည်။
ထို့အပြင် စိတ်ခံစားချက်များသည် အများအား ဖြင့် ရှင်းလင်းစွာသိမြင်မှုနှင့် ဆုံးဖြတ်နိုင်စွမ်းတို့နှင့် ကွဲပြားခြားနားတတ်ကြသည်။ ကိုယ်ချင်းစာစိတ်၊ သနားကြင်နာစိတ်ကဲ့သို့သော အချို့သော အပြု သဘော စိတ်ခံစားချက်များသည် ဝေဖန်စဉ်းစား တွေးခေါ်နိုင်သည့် စွမ်းရည်တိုးတက်စေနိုင်သော် လည်း ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ ဒေါသစိတ်ကဲ့သို့သော စိတ်ခံစားချက်များသည် ဝေဖန်စဉ်းစားတွေးခေါ် ရာတွင် အဟန့်အတားများ ဖြစ်စေတတ်ပါသည်။ အပြုသဘောစိတ်ခံစားချက်နှင့် အပျက်သဘော စိတ်ခံစားချက်များအလိုက် ယင်းခံစားချက်များ အပေါ် ထိန်းသိမ်းနိုင်မှုနှင့် တုံ့ပြန်မှု နည်းလမ်းများ အပေါ်မူတည်၍ ကောင်းကျိုး၊ ဆိုးကျိုး အကျိုးဆက် များ ကွာခြားသွားမည်ဖြစ်သည်။
ကျိုးကြောင်းဆင်ခြင်မှု
ကျိုးကြောင်းဆင်ခြင်မှုသည် အထောက်အထား၊ အချက်အလက်များအပေါ် အခြေခံသည့် ဆုံးဖြတ် ချက် သို့မဟုတ် ကောက်ချက်ချမှုကို အထောက်အပံ့ ဖြစ်စေသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ် တွင် ပြဿနာတစ်ရပ်ဖြေရှင်းသည့် နည်းလမ်းများ အသုံးပြုခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ ပါဝင်ပါ သည်။ အထောက်အထားအခြေပြု၊ ယုတ္တိဗေဒအခြေ ပြုစဉ်းစားသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ကောင်းမွန်သည့် ဘဝရွေးချယ်မှုဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း၊ အခက်အခဲစိန်ခေါ်မှု များကို ရင်ဆိုင်ရာတွင်လည်းကောင်း၊ ပြဿနာ များဖြေရှင်းရာတွင်လည်းကောင်း မရှိမဖြစ် လိုအပ် ချက်တစ်ရပ် ဖြစ်ပေသည်။
ကျိုးကြောင်းဆင်ခြင်မှုသည် စိတ်ခံစားချက် များအပေါ် အခြေခံလေ့မရှိဘဲ ဖြစ်ပွားနေသည့် ဖြစ်စဉ်ဖြစ်ရပ်၊ အရင်းခံအကြောင်းတရားများ၊ ကြောင်းကျိုးဆက်စပ်မှုနှင့် ဖြစ်လာနိုင်သည့် အကျိုး ဆက်များအပေါ်တွင်သာ အခြေပြုဆင်ခြင်စဉ်းစား ဆုံးဖြတ်ခြင်းဖြစ်သည်။
လွန်ဆွဲတတ်သည့်အရာ
ခံစားချက်တစ်ခုခုရှိသူတစ်ယောက်အနေဖြင့် မိမိခံစားချက်အတိုင်း အတွေး၊ အကြံ၊ အပြော၊ အပြုအမူတို့နှင့် လွန်ဆွဲတတ်သည်မှာ ကျိုးကြောင်း ဆင်ခြင်မှု ဖြစ်ပါသည်။ ကျိုးကြောင်းဆင်ခြင်မှုနှင့် စိတ်ခံစားမှုသည် ဝေဖန်ပိုင်းခြားတွေးခေါ်မှုတွင် အရေးပါသော အစိတ်အပိုင်းများဖြစ်ကြပြီး ယင်းတို့ အခန်းကဏ္ဍအား ခွဲခြား၍ဖြစ်စေ၊ ပူးတွဲလျက်ဖြစ်စေ နားလည်ခြင်းသည် ဝေဖန်ပိုင်းခြား စဉ်းစားရာတွင် အရေးပါသည့် ရှုမြင်မှုတစ်ခုဖြစ်သည်။ ယင်းအရာ နှစ်ခုသည် တစ်ခါတစ်ရံ ရောယှက်သွားတတ်သော် လည်း မိမိ၏ကျိုးကြောင်းဆင်ခြင်မှု သို့မဟုတ် စိတ်ခံစားမှုများဖြင့် ရွေးချယ်ဆုံးဖြတ်ခြင်းသည် ကိုယ်တိုင်၏ လတ်တလောစိတ်ကျေနပ်မှုအတွက် ဖြစ်စေ၊ ရေရှည်စိတ်ကျေနပ်မှုအတွက်ဖြစ်စေ အရေး ပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
လူ့သဘာဝအရ စိတ်ခံစားချက်များသည် မိမိ တို့၏ စဉ်းစားတွေးခေါ်မှုများအပေါ် လွမ်းမိုးနိုင် သည့် စွမ်းအားများရှိကြသည်။ သဘောမှာ မိမိတို့ သည် အများအားဖြင့် မိမိတို့၏ စိတ်ခံစားချက်များ နှင့် သဘောထားများအပေါ်အခြေပြု စဉ်းစားတတ် လေ့ရှိကြခြင်းပင် ဖြစ်သည်။၊
Phsychology Today အဆိုအရ လူအများစုသည် ကျိုးကြောင်းဆင်ခြင်မှုဖြင့် ဆုံးဖြတ်ချက် ချမှတ် ကြသည်ဆိုသည့်တိုင် ဆုံးဖြတ်ချက်အများစုသည် စိတ်ခံစားချက်များ၏ စေ့ဆော်တိုက်တွန်းချက် များမှလာသည်ဟု ဆိုပါသည်။ စိတ်ခံစားချက်များ သည် အင်အားပြင်းထန်ကြပါသည်။ ထို့အပြင် တိကျ ခိုင်မာ၍ပိုင်းခြားဝေဖန်သည့် လုပ်ငန်းစဉ်အသုံးပြု၍ ဆုံးဖြတ်ချက်ချနိုင်သည့် ကျိုးကြောင်းဆင်ခြင်မှု သည် မိမိတို့ ဘဝတွင် တစ်ခါတစ်ရံ ပျောက်ဆုံးသွား တတ်ကြပြီး ဆုံးဖြတ်ချက်များကို ကြောင်းကျိုး ဆင်ခြင်၍ ဆုံးဖြတ်တတ်လေ့ရှိသည့်တိုင် တစ်ခါ တစ်ရံ စိတ်၏အလိုနောက် ပါသွားတတ်ကြပါသည်။
မည်သို့ပင်ဖြစ်စေ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် စိတ်ခံစားမှုတို့သည် ဆုံးဖြတ်ချက်များ ချမှတ်သည့် လုပ်ငန်းစဉ်တွင် ယင်းတို့နှစ်ခုလုံးမှာ အစွမ်းထက်ကြ ပါသည်။ ကျိုးကြောင်းဆင်ခြင်မှုသည် ပုံမှန်အားဖြင့် အကောင်းဆုံးသော ဆုံးဖြတ်ချက်များရရှိရန် ခိုင်မာ သော ယုတ္တိဗေဒနည်းကိုအသုံးပြု၍ ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်ဖြစ်သည်။ အခြားတစ်ဖက် တွင် စိတ်ခံစားမှုသည် မိမိ၏စိတ်အလိုဆန္ဒအစစ် အမှန်ဖြစ်သည်။ အကယ်၍ ကျိုးကြောင်းဆင်ခြင်မှု သည် ဦးနှောက်ဖြစ်သည်ဆိုပါက စိတ်ခံစားမှုများ သည် နှလုံးသားဖြစ်၍ ပျော်ရွင်မှုများ ဖော်ဆောင်ရာ နေရာဟု ဆိုနိုင်ပါသည်။ သို့သော် ဆုံးဖြတ်ချက် ချမှတ်ရသည့်အခါ ယင်းတို့နှစ်ခုစလုံးတွင် အားနည်း ချက်၊ အားသာချက်များ ရှိနေတတ်သည်ကို သတိပြု ကြရမည်ဖြစ်သည်။
စိတ်ခံစားမှုလိုအပ်ခြင်း
စိတ်ကျေနပ်ဖွယ် ဘဝတစ်ခုဖြစ်ရန်အတွက် စိတ်၏ခံစားမှုများမပါဘဲ ကျိုးကြောင်းဆင်ခြင်မှု ဖြင့် အမြဲတစေ မပြည့်စုံနိုင်ကြချေ။ အထူးသဖြင့် ဘဝတစ်ခုလုံး စိတ်ကျေနပ်မှုအတွက်ဖြစ်စေ၊ လတ်တလောစိတ်ကျေနပ်မှုအတွက်ဖြစ်စေ စိတ် ခံစားမှုများ လိုအပ်ပါသည်။ လူမှုပေါင်းသင်းဆက်ဆံ ရေး၊ အလုပ်အကိုင်နှင့် အခြားသော အဓိကဆုံးဖြတ် ချက်များသည် အစဉ်သဖြင့် စာရွက်နှင့်ဘောပင် ဆုံးဖြတ်ချက်များ မဖြစ်နိုင်ချေ။ ဥပမာအားဖြင့် လက်တွဲဖော်တစ်ဦးသည် ယုတ္တိဗေဒသဘောအရ စာရွက်ပေါ်တွင် အဆင်ပြေနိုင်သော်လည်း လက်တွေ့ တွင် မေတ္တာတရားနှင့် စိတ်လှုပ်ရှားမှု မပေးနိုင် သည်များလည်း ရှိတတ်ကြသဖြင့် ယင်းတို့သည် မှန်ကန်သော လက်တွဲဖော်အဖြစ် မဆိုနိုင်ချေ။
ထို့အတူ အချို့သော ကိစ္စရပ်များသည် ကျိုးကြောင်းဆင်ခြင်မှုအရဖြစ်စေ၊ အချက်အလက် အထောက်အထားအရဖြစ်စေ၊ ယုတ္တိဗေဒသဘော အရဖြစ်စေ မှန်ကောင်းမှန်နိုင်သော်လည်း လူသား ဆန်မှုရှုထောင့်မှကြည့်လျှင် ပြီးပြည့်စုံသည်ဟု မဆိုလိုနိုင်ချေ။ ကျိုးကြောင်းဆင်ခြင်မှုနှင့် စိတ်ခံစား ချက်ကို မျှတစွာချင့်ချိန်အသုံးချရန် လိုအပ်သည့် သဘောပင်ဖြစ်သည်။
ဘယ်ဟာအကောင်းဆုံးလဲ
များစွာသောနည်းလမ်းများအနက် ကျိုးကြောင်း ဆင်ခြင်မှုသည် စိတ်ခံစားမှုထက် ပိုမိုကောင်းမွန် ပါသည်။ မိမိအနေဖြင့် ဆုံးဖြတ်ချက်တစ်ခုမချမှတ်မီ ပိုမိုဝေဖန်သုံးသပ်စဉ်းစား၍ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစား နိုင်ပါက ဆုံးဖြတ်ချက်များသည် မိမိအတွက် အကောင်းဆုံးဖြစ်နိုင်ခြေ များလေဖြစ်ပါသည်။ မိမိတို့၏ စိတ်ခံစားချက်များနှင့် အစွဲများအရ လုပ်ဆောင်မှုနည်းလေ စိတ်လိုက်မာန်ပါပြုလုပ်မှုနှင့် ကြောင်းကျိုးမဆီလျော်သည့် ဆုံးဖြတ်ချက်ချမှတ်မှု နည်းလေဖြစ်ပါသည်။ စိတ်ခံစားချက်သည် လူသား တစ်ဦးအနေဖြင့် လိုအပ်သည်ဖြစ်သော်လည်း အရာရာတိုင်းအား စိတ်ခံစားချက်ဖြင့် ချဉ်းကပ် ဆုံးဖြတ်လုပ်ကိုင်ရန် ခက်ခဲပါသည်။ အထူးသဖြင့် အများနှင့်စုစည်းလုပ်ကိုင်ကြရသည့် အခြေအနေ များတွင် တစ်ဦးတစ်ယောက်၏အလိုဆန္ဒ၊ စိတ်ခံစား ချက်ဖြင့် လုပ်ကိုင်မည်ဆိုပါက အများ၏ ဆန္ဒ သဘောထား၊ ဘုံရည်မှန်းချက်တို့နှင့် ဆန့်ကျင်နိုင် ပါသည်။ ယင်းသို့သော အခြေအနေတွင် ဖြစ်ချင် သည်ထက် ဖြစ်သင့်သည်ကို ကျိုးကြောင်းဆင်ခြင်မှု ဖြင့် ရွေးချယ်ခြင်းက အနီးစပ်ဆုံးအဖြေကို ရှာဖွေနိုင် မည်ဖြစ်သည်။
အသုံးချခံဖြစ်တတ်
စိတ်ခံစားချက်များသည် လူတစ်ယောက် အတွက် စေ့ဆော်တိုက်တွန်းအား များစွာဖြစ်စေ တတ်သည်ဖြစ်သဖြင့် ပျော်ရွှင်၍ စိတ်ဓာတ်တက်ကြွ နေသူတစ်ဦးတွင် စိတ်စွမ်းအားများ ရှိနေသကဲ့သို့ အမုန်းတရား လွှမ်းမိုးနေသူတစ်ယောက်တွင်လည်း စိတ်စွမ်းအားများ ရှိနေပါသည်။ သို့သော် မတူညီ သော ယင်းစွမ်းအားတို့၏ သဘော၊ လားရာနှင့် အကျိုးဆက်တို့တွင်တော့ တူညီမည်မဟုတ်ချေ။ စိတ်အခြေခံ၊ ပညာ၊ ရင့်ကျက်မှုနှင့် ကျိုးကြောင်း ဆင်ခြင်စဉ်းစားနိုင်မှုတို့အပေါ်မူတည်၍ တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပါသည်။
သို့ဖြစ်ရာ မိမိ၏စိတ်ခံစားမှုများအခြေအနေကို ကိုယ်တိုင်သိရှိနားလည်ထားမည်ဆိုပါက မိမိ ကိုယ်ကိုယ်ထိန်းသိမ်းခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ် ခြင်း၊ အများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ပြဿနာ တစ်ရပ်အပေါ်ရှုမြင်ခြင်းနှင့် ဖြေရှင်းခြင်းတို့ကဲ့သို့ သော အများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ကောင်းသောအကျိုးဆက်များကို ရရှိနိုင်မည်ဖြစ်ပါ သည်။ ထို့အပြင် စိတ်ခံစားချက်များနှင့် ဆင်ခြင် စဉ်းစားမှုတို့ကို ချိန်ဆအသုံးပြုမည်ဆိုပါက လူသား ဆန်၍ မှန်ကန်သော အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူနှင့် လုပ်ဆောင်ချက်များ ရရှိနိုင်မည် ဖြစ်သည်။
သို့သော်လည်း ကျိုးကြောင်းဆင်ခြင်မှုနှင့် ဆင်ခြင်တုံတရားထက် စိတ်ခံစားချက်ကိုသာ ဦးစား ပေး အလေးထားမည်ဆိုပါက အထူးသဖြင့် အပျက် သဘောခံစားချက်များ လွှမ်းမိုးနေပါက ကိုယ်တိုင် အတွက်လည်း အကျိုးမပြုနိုင်သကဲ့သို့ ပတ်ဝန်းကျင် ကိုလည်း ပျက်စီးစေနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။ အထူးသတိပြုရမည်မှာ လူ့သဘောအရ ဖြစ်တတ်သည့် စိတ်ခံစားချက်များကို အခြားသူ များက အသုံးချတတ်ကြခြင်းဖြစ်သည်။ ထိုသို့ အသုံးချနိုင်ရန်အတွက် လူတို့၏ ဖြစ်တတ်သော စိတ်ခံစားချက်များကို လှုံ့ဆော်တတ်ကြပါသည်။ ထိုသို့လုပ်ဆောင်သူများထဲတွင် တွေ့ရလေ့ရှိသည် မှာ နိုင်ငံရေးသမားများ၊ စည်းရုံးရေးသမားများသည် လူတို့၏စိတ်ခံစားချက်ကိုလိုက်၍ ပြောဆိုစည်းရုံး အသုံးချကြလေ့ရှိကြခြင်း ဖြစ်သည်။
အထူးသဖြင့် လူအများအားစည်းရုံးလုပ်ဆောင် ရာတွင် စိတ်ခံစားချက်များကို လှုံ့ဆော်ပေးခြင်း အား အကောင်းဆုံးနည်းလမ်းတစ်ရပ်အဖြစ် အသုံး ချတတ်သည်ကို နိုင်ငံရေးမဲဆွယ်ပွဲများ၊ နိုင်ငံရေး လှုပ်ရှားမှုနှင့် လူထုအုံကြွမှုများတွင် သိသာစွာ တွေ့မြင်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ မိမိ၏ စိတ်ခံစားချက်ကို သိရှိနားလည်၍ မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရန်မှာ မိမိ၏ ကျိုးကြောင်းဆင်ခြင် နိုင်စွမ်းအားပင် ဖြစ်ပါသည်။ ။
- Log in to post comments