
လုပ်သားမောင်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC)
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို ၁၉၁၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ကိုယ်စားလှယ် တွေကိုစုစည်းပြီး အလုပ်သမားစံနှုန်းများ သတ်မှတ် တာ၊ အလုပ်သမားရေးရာမူဝါဒများ ချမှတ်တာ၊ အမျိုးသမီးများနဲ့ အမျိုးသားများအားလုံးအတွက် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်များ တိုးမြှင့် ရရှိစေဖို့အတွက် လိုအပ်တဲ့ Program တွေ ရေးဆွဲ တာ၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အလုပ်ရှင်၊ အလုပ်သမား တွေရဲ့ Capacity များ မြှင့်တင်နိုင်ဖို့အတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များ ပြုလုပ်ပေးတာ၊ အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာညီလာခံ (ILC) ကို နှစ်စဉ် ဇွန်လမှာ ကျင်းပပြုလုပ်တာတွေ ဆောင်ရွက်နေတာကို တွေ့ရှိနေရပါတယ်။
ILO Constitution၊ Article (3) အရ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ကို ILO အဖွဲ့ဝင်နိုင်ငံများမှ အစိုးရကိုယ်စားလှယ် နှစ်ဦး၊ အလုပ်ရှင်ကိုယ်စားလှယ် တစ်ဦး၊ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း လေးဦးစီဖြင့် ဖွဲ့စည်းထားတယ်ဆိုတာကို လေ့လာ သိရှိရပါတယ်။
၃-၆-၂၀၂၄ ရက်နေ့မှ ၁၄-၆-၂၀၂၄ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ (၁၁၂) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှာတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (International Trade Union Confederation– ITUC) ရဲ့ ကိုယ်စားလှယ်များအဖြစ် ခိုင်ဇာအောင်၊ ဖြိုးစန္ဒာစိုး၊ နိုင်ငံတကာစားသောက်ကုန်ထုတ် လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association – IUF) ကိုယ်စား လှယ်အဖြစ် အောင်မျိုးမင်းတို့ တက်ရောက်ခဲ့တာကို တွေ့ရှိရပါတယ်။
မီဒီယာပါ သတင်းဖော်ပြချက်နဲ့ အမှန်တကယ်ပါဝင်ဆောင်ရွက်ခြင်း
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ ILO အုပ်ချုပ်မှုအဖွဲ့ရဲ့ အလုပ်သမား အုပ်စု ဒုတိယအဖွဲ့ဝင် (Deputy Member) အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်(CTUM) မှ ဖြိုးစန္ဒာစိုးကို ရွေးချယ်ခဲ့ကြောင်း၊ NUG ရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်များ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(ILC)ကို တက်ရောက်ခွင့်ရရှိကြောင်း၊ ဖြိုးစန္ဒာစိုးဟာ ILO အုပ်ချုပ်မှုအဖွဲ့မှာ NUG ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရကြောင်းစတဲ့ သတင်းတု သတင်းမှားတွေကို ပြည်ပအခြေစိုက် သတင်းဌာနတွေက ဝါဒဖြန့်ဖော်ပြနေတာကို လည်း တွေ့ရှိနေရပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ(ILC) ခန့်အပ်လွှာကော်မတီအနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် အဆို 396 (V) (၁၄-၁၂-၁၉၅၀) ကို ထည့်သွင်း စဉ်းစားပြီး မြန်မာနိုင်ငံရဲ့ ဘယ်ကိုယ်စားလှယ်ကိုမှ တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ထားတဲ့အခြေအနေ ကို ခန့်အပ်လွှာကော်မတီရဲ့ အစီရင်ခံစာတွေမှာ ရှင်းလင်းစွာဖော်ပြထားတဲ့အတွက် ဖြိုးစန္ဒာစိုး၊ ခိုင်ဇာအောင်နဲ့ အောင်မျိုးမင်းတို့အနေနဲ့ (၁၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာညီလာခံသို့ တက်ရောက်တာက အစိုးရ မဟုတ်တဲ့ နိုင်ငံတကာအဖွဲ့ အစည်း (INGO)ဖြစ်တဲ့ International Trade Union Confederation(ITUC) နဲ့ International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association (IUF) ကိုယ်စားလှယ် များအဖြစ်သာ တက်ရောက်တာဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာညီလာခံအနေနဲ့ NUG ရဲ့ ကိုယ်စားလှယ်အဖြစ် လက်ခံထားခြင်း မဟုတ် တာကို တွေ့ရှိရပါတယ်။
ILO အုပ်ချုပ်မှုအဖွဲ့ဝင်များ
ရွေးချယ်ခြင်း
ILO အုပ်ချုပ်မှုအဖွဲ့မှာ ပုံမှန်အဖွဲ့ဝင်များ (Regular members/ Titular Members) နဲ့ ဒုတိယ အုပ်ချုပ်မှုအဖွဲ့ဝင်များ (Deputy Members) ဆိုပြီး အဖွဲ့ဝင်အဆင့်သတ်မှတ်ချက် နှစ်မျိုးရှိပြီး Regular Members ၅၆ ဦးမှာ အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၄ ဦး၊ အလုပ်သမား ၁၄ ဦးနဲ့ ဖွဲ့စည်းပြီး Deputy Members ၆၆ ဦး မှာ အစိုးရ ၂၈ ဦး၊ အလုပ်ရှင် ၁၉ ဦး၊ အလုပ်သမား ၁၉ ဦးတို့နဲ့ ဖွဲ့စည်းရကြောင်း၊ Regular Members များအနက် Chief Industrial Importance နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဂျပန်၊ အိန္ဒိယ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ယူကေ၊ ဘရာဇီးလ်နဲ့ အမေရိကန်ပြည်ထောင်စု ၁၀ နိုင်ငံက ရွေးကောက်ခံဖို့မလိုအပ်ဘဲ အမြဲတမ်းအဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်ကြတာကို တွေ့ရှိရပါ တယ်။
(၁၁၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကာလအတွင်း ၂၀၂၄-၂၀၂၇ ခုနှစ် သက်တမ်းအတွက် ILO အုပ်ချုပ်မှု အဖွဲ့ဝင်များရွေးချယ်ပွဲကို ပြုလုပ်ခဲ့ရာမှာ အစိုးရ အုပ်စုအတွက် ၇-၆-၂၀၂၄ ရက်နေ့မှာ လည်းကောင်း၊ အလုပ်ရှင်အုပ်စုနဲ့ အလုပ်သမားအုပ်စုအတွက် ၁၀-၆-၂၀၂၄ ရက်နေ့မှာ လည်းကောင်း မဲပေး ရွေးချယ်ခဲ့ကြတာကို တွေ့ရှိရပါတယ်။
ILO အုပ်ချုပ်မှုအဖွဲ့၊ အစိုးရကိုယ်စားလှယ် များအဖြစ် အာဖရိက၊ အမေရိက၊ အာရှ-ပစိဖိတ်နဲ့ ဥရောပဆိုပြီး ဒေသကြီးလေးခုမှ အမည်စာရင်း များတင်သွင်းရွေးချယ်ခံကြရာမှာ အစိုးရအုပ်စု Regular Member အဖြစ် အာဆီယံနိုင်ငံများမှ ဘရူနိုင်းနဲ့ ဒုတိယအုပ်ချုပ်မှုအဖွဲ့ဝင် Deputy Member များအဖြစ် မလေးရှား၊ လာအိုနဲ့ ဖိလစ်ပိုင် နိုင်ငံတို့က ကိုယ်စားလှယ်အမည်စာရင်းများ တင်သွင်းပြီး ရွေးချယ်ခံခဲ့ကြောင်း သိရှိရပါတယ်။
Deputy Member တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှာ ဆွေးနွေး ခွင့်ရှိပေမယ့် ပြင်ဆင်ချက်အဆိုပြုခွင့်နဲ့ မဲပေးပိုင် ခွင့် မရှိတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။
ILO အုပ်ချုပ်မှုအဖွဲ့ရဲ့ အလုပ်သမားအုပ်စု ဒုတိယအုပ်ချုပ်မှုအဖွဲ့ဝင် (Deputy Member) ၁၉ ဦးမှာ ဖြိုးစန္ဒာစိုးကို မြန်မာနိုင်ငံမှဆိုပြီး ဖော်ပြထား တာကို တွေ့ရှိရပါတယ်။ ၎င်းဟာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း (INGO) တစ်ခုဖြစ်တဲ့ International Trade Union Confederation(ITUC) ရဲ့ကိုယ်စားလှယ်အဖြစ် ILO ဒုတိယအုပ်ချုပ်မှု အဖွဲ့ဝင် (Deputy Member) နေရာမှာ ရွေးကောက် ခံရပြီး ILO မှပြုလုပ်တဲ့ အစည်းအဝေးများကို သုံးနှစ်တာ တက်ရောက်ခွင့်ရရှိခြင်းသာဖြစ်တာကို တွေ့ရှိရပါတယ်။ ယခုလို Deputy Member အဖြစ် ရွေးကောက်ခံရခြင်းဟာ NUG ကို ကိုယ်စားပြု ရွေးချယ်ခံခြင်းမဟုတ်ဘဲ ILO ရဲ့ အလုပ်သမားအုပ်စု က ITUC ရဲ့ ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းပေးခဲ့တာကြောင့် ITUC ကိုယ်စားပြု အလုပ်သမားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရ ခြင်းသာဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။
(၁၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကို ဖြိုးစန္ဒာစိုးအပြင် ITUC ရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ခိုင်ဇာအောင် နဲ့ အခြား INGO အဖွဲ့တစ်ခုဖြစ်တဲ့ International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Asso-ciation (IUF) ရဲ့ ကိုယ်စားလှယ် အောင်မျိုးမင်းတို့ ပါဝင်တက်ရောက်ခြင်းဟာ INGO တွေရဲ့ ကိုယ်စား လှယ်များအဖြစ်သာ တက်ရောက်ကြခြင်းဖြစ်ပြီး ILO အနေနဲ့ NUG ကို မြန်မာနိုင်ငံနဲ့ယှဉ်တွဲပြီး အသိအမှတ်ပြုခြင်း မဟုတ်တာကို တွေ့ရှိရပါတယ်။
ကျိုးကြောင်းဆီလျော်စွာစဉ်းစားစေလိုခြင်း
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ဟာ လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမား အခွင့်အရေးများအား တိုးမြှင့်ပေးရေး၊ သင့်လျော် ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ လူမှုကာကွယ်ရေး၊ လုပ်ငန်းခွင်ဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းမှုများ ပိုမို အားကောင်းစေရေး ဦးတည်ဆောင်ရွက်ပေးရမယ့် အဖွဲ့အစည်းဖြစ်ပေမယ့် မြန်မာနိုင်ငံရှိ အလုပ်သမား များက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်မဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း (INGO) က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်ကို ILO အုပ်ချုပ်မှုအဖွဲ့ရဲ့ အလုပ် သမားအုပ်စု ဒုတိယအုပ်ချုပ်မှုအဖွဲ့ဝင် (Deputy Member) အဖြစ် ရွေးချယ်ခဲ့ခြင်းဟာ မြန်မာနိုင်ငံရှိ အလုပ်သမားများအပါအဝင် ၎င်းတို့နဲ့ ဆက်စပ် နေတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကို လျစ်လျုရှု ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ် လို့ သုံးသပ်တွေ့ရှိရပါတယ်။
ဒါကြောင့် NUG မှ ကိုယ်စားလှယ်တွေ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC)ကို တက်ရောက်ခွင့်ရရှိကြောင်းနဲ့ ILO အုပ်ချုပ် မှုအဖွဲ့မှာ NUG ကိုယ်စားလှယ်အဖြစ် ဖြိုးစန္ဒာစိုး ရွေးကောက်ခံရကြောင်းစတဲ့ သတင်းတုသတင်းမှား တွေကို ပြည်ပအခြေစိုက် သတင်းဌာနတွေက ဝါဒဖြန့်ဖော်ပြနေတာကို အများပြည်သူတွေ လွယ်လင့်တကူယုံကြည်မှုရှိသွားမှာ စိုးရိမ်တာ ကြောင့် INGO က အဆိုပြုတဲ့ ကိုယ်စားလှယ်သာ ဖြစ်တယ်၊ ILO အနေနဲ့ NUG ကို မြန်မာနိုင်ငံနဲ့ ယှဉ်တွဲပြီး အသိအမှတ်ပြုတာမဟုတ်ဘူးဆိုတာ သိရှိနိုင်ရေး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ် စဉ်းစားဆင်ခြင်ကြစေဖို့ ရေးသားဖော်ပြလိုက် ရပါတယ်။ ။
- Log in to post comments