ကျိုက်ထိုမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိ

နေပြည်တော်   နိုဝင်ဘာ    ၂  
ကျိုက်ထိုမြို့နယ်နှင့်  အုတ်တွင်းမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီခွဲက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအနီးတွင် ပဲခူးမှ မြဝတီဘက်သို့  ရဲမင်းအောင်  မောင်းနှင်လာသည့် CHENG LONG TIPPER ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၈ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက် အရ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁၂  နာရီခွဲက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့  အမှတ်(၂)ရွာမရပ်ကွက်  မြို့စိုးလမ်းရှိ ကျော်ဆွေ ပိုင်ဆိုင်သည့် မင်္ဂလာခန်းမ(၁)ကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈ ဒသမ ၇ သိန်း၊ TOYOTA COROLLA AXIO မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ်  ၄ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈  သိန်း   သိမ်းဆည်းရမိခဲ့ကြောင်း၊      စစ်ဆေးဖော်ထုတ်ချက်အရ  သိမ်းဆည်းရမိ   စိတ်ကြွရူးသွပ်ဆေးပြားများကို   ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 
သတင်းစဉ်