
သိပ္ပံစာရေးဆရာကိုကိုအောင်
ဒိုင်ယာမီကင် အရက်စက်ရုံ
ကိုလိုနီခေတ်မြန်မာနိုင်ငံတွင် ၁၈၆၃ ခုနှစ် မတိုင်မီကပင် မော်လမြိုင်၌ ဖီးနစ် အရက်ချက်စက်ရုံ အမည်ဖြင့် အရက် ချက်စက်ရုံတစ်ခု တည်ရှိခဲ့သည်။ မူလက အင်္ဂလိပ်လူမျိုးပိုင် စက်ရုံဖြစ်ခဲ့သော်လည်း ၁၈၈၄ ခုနှစ်တွင် တရုတ်လူမျိုး မစ္စတာလောင်ချိုင်ပိုင် ဖြစ်လာခဲ့ပြီး မူလ ဖီးနစ်အမည် ဖြင့်ပင် ဆက်လက်၍ အရက်ချက်လုပ်သည်။
လောင်ချိုင်သည် စက်ရုံပိုင်မြေ ၃ ဒသမ ၉ ဧကအပြင် စက်ရုံ၏ပတ်ဝန်းကျင်၌ရှိသော လူနေအိမ်များနှင့် မြေ များကို ဝယ်ယူကာ စက်ရုံကို တိုးချဲ့ခဲ့သည်။ ထို့အပြင် စက်နှင့် စက်ကိရိယာပစ္စည်းများကိုလည်း ပိုမိုခေတ်မီအောင် ပြုပြင်မှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့်ပင် လောင်ချိုင် လက်ထက်တွင် နိုင်ငံခြားစံချိန်မီအရက်များကို ထုတ်လုပ် နိုင်ခဲ့ကာ မြန်မာနိုင်ငံအနှံ့သို့ ရောင်းချနိုင်ခဲ့သည့်အပြင် နိုင်ငံခြားသို့လည်း တင်ပို့ရောင်းချနိုင်သဖြင့် လောင်ချိုင် အရက်ချက်စက်ရုံဟု လူသိများကာ ထင်ရှားကျော်ကြား လာသည်။ အရက်ချက်ရန်အတွက် ကုန်ကြမ်းဖြစ်သော တင်လဲရည်များကို ဂျားဗားမှမှာယူသည့်အပြင် ပြည်တွင်းမှ ရရှိသော ကြံသကာနှင့် ထန်းလျက်များကိုလည်း အသုံးပြု ခဲ့သည်။
ကိုလိုနီခေတ်အတွင်းက မော်လမြိုင်ရှိ လောင်ချိုင်၏ အရက်ချက်စက်ရုံအပြင် မန္တလေးမြို့၌လည်း ဘီယာစက်ရုံ တစ်ရုံ ရှိခဲ့သည်။ လောင်ချိုင်၏စက်ရုံကို ကိုလိုနီခေတ်ဦး ပိုင်းက အောက်မြန်မာနိုင်ငံရှိ အင်္ဂလိပ်စစ်သားများ သောက် သုံးရန်အတွက် အဓိကရည်ရွယ်၍ တည်ထောင်ခဲ့သည်။ ထို့အတူ ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ် များ သိမ်းပိုက်ခဲ့ပြီးနောက် ဗြိတိသျှစစ်သားများ သောက်သုံး ရန်ရည်ရွယ်လျက် မန္တလေးရှိ ဗျစ်နှင့် အရက်ချက်စက်ရုံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အရက်ချက်စက်ရုံသည် ယခု မန္တလေးမြို့ အနောက် မြောက်ပိုင်း အမရဌာနီ၊ အရှေ့ အမရစံခေါင်ရပ်ကွက်ရှိ မြေဧရိယာအကျယ်အဝန်း ၁၇ ဒသမ ၀၂ ဧကပေါ်တွင် တည်ရှိခဲ့သည်။ ထိုမြေပေါ်ရှိ အဆောက်အအုံများမှာ မင်းတုန်းမင်းလက်ထက် ၁၈၅၉ ခုနှစ်ခန့်က ကနောင် မင်းသား တည်ဆောက်ခဲ့သော လက်နက်စက်ရုံနှင့် ၎င်း စက်ရုံနှင့် တစ်ဆက်တည်းဖြစ်သော ကတ္တီပါနှင့် ပိုးထည် ရက်ကန်းစက်ရုံများ ဖြစ်ကြသည်။ ဗြိတိသျှတို့ သိမ်းပိုက် လိုက်ပြီးနောက် ထိုလက်နက်စက်ရုံကို အရက်ချက်စက် အဖြစ် အသုံးပြုရန် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့မှ ဗျစ် စက်ရုံပိုင်ရှင် မစ္စတာအီဒိုင်ယာအား အစိုးရက အငှားချ ထားလိုက်သည်။ မစ္စတာအီဒိုင်ယာသည် ဗြိတိသျှအစိုးရ ထံမှ ပထမအနှစ် ၂၀ အတွက် အငှားစာချုပ်ဖြင့် မြေနှင့် လက်နက်စက်ရုံများကိုရယူကာ ဒိုင်ယာကုမ္ပဏီအမည်ဖြင့် အရက်ချက်လုပ်ခဲ့ပြီး နှစ်နှစ်အတွင်းမှာပင် ဘီယာနှင့် အရက်များကို စတင် ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့သည်။
ထိုအချိန်က ထုတ်လုပ်နိုင်ခဲ့သော ဘီယာများမှာ ပုလင်းသွင်းဘီယာများမဟုတ်ဘဲ သစ်သားစည်သွင်းသာ ဖြစ်ပြီး အရက်ကလည်း တောအရက်အဆင့်သာ ရှိခဲ့သည်။ ကနဦးတွင် စက်ရုံထွက် ဘီယာနှင့် အရက်များကို ဗြိတိသျှ စစ်တပ်အတွက်သာ ပေးသွင်းခဲ့ပြီး တိုင်းပြည် အေးချမ်း သွားသောအခါ၌မူ ဗြိတိသျှစစ်သားများ လျော့နည်းသွား သဖြင့် တိုင်းရင်းသားများအား ရောင်းချခဲ့သည်။ ဗြိတိသျှ စစ်တပ်များ ရုပ်သိမ်းသွားပြီးနောက် ရောင်းအားကျဆင်း လာသောကြောင့် ၁၉၂၀ ပြည့်နှစ်ခန့်တွင် တစ်နှစ်လုံးစာ ရောင်းချရမှုမှာ ကျပ်တစ်သိန်းဖိုးခန့်သာ ရှိတော့သည်။
၁၉၂၁ ခုနှစ်တွင် အိန္ဒိယမှ မီကင်ကုမ္ပဏီနှင့် ပေါင်းစပ် လိုက်ကာ ဒိုင်ယာမီကင်အမည်ဖြင့် ပြောင်းလဲလုပ်ကိုင်ခဲ့ သည်။ ထို့နောက် ၁၉၃၄ ခုနှစ်တွင် အိန္ဒိယ မီကင်ကုမ္ပဏီမှ ခွဲထွက်ကာ ဒိုင်ယာမီကင် မြန်မာပြည်လီမိတက်အမည်ဖြင့် ဆက်လက်ထုတ်လုပ် ရောင်းချခဲ့သည်။ ထိုသို့ ဆောင်ရွက် ရာတွင် အမြတ်အစွန်း ပိုမိုရရှိသဖြင့် မူလစက်များနေရာ တွင် ခေတ်မီစက်များဖြင့် အစားထိုး လဲလှယ်တိုးချဲ့ကာ ကုမ္ပဏီ၏ အကျိုးအမြတ်ရရှိရေးကို ဦးတည်ဆောင်ရွက် ခဲ့ပြီး အဆောက်အအုံကိုပါ ပြုပြင်ခဲ့သည်။ ဤသို့ဖြင့် ၁၉၄၁ ခုနှစ်တွင် ဒိုင်ယာမီကင်မှ ဘီယာရောင်းချနိုင်မှုမှာ တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းအထိပင် ရှိခဲ့ သည်။
ဆီကြိတ်စက်လုပ်ငန်းများ
မြန်မာနိုင်ငံတွင် ကိုယ်တိုင်စိုက်ပျိုး၍ရရှိသော နှမ်းကို နွားဖြင့်လှည့်သော ဆီဆုံများတွင်ကြိတ်၍ ထုတ်လုပ် စားသုံးခဲ့ကြသည်။ စက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ဆီစက်မှာ ဆန်စက်နှင့် သစ်စက်တို့ကဲ့သို့ အရေးမပါလှပေ။ အကြောင်းမူကား ပြည်ပသို့ တင်ပို့ရောင်းချနိုင်သော ကုန် ပစ္စည်း မဟုတ်သောကြောင့်ပင်ဖြစ်သည်။ မြင်းခြံ၊ အာလံ ဒေသတို့တွင် ဂျမားကုမ္ပဏီနှင့် စတီးဘရားသား ကုမ္ပဏီ တို့က ဝါကြိတ်စက်များ စတင်တည်ထောင်မှုနှင့် ဆက် နွှယ်ကာ ဝါစေ့ကြိတ်သောစက်များလည်း ပေါ်ပေါက်လာ ခဲ့သည်။ ပထမကမ္ဘာစစ်ကာလအတွင်း အထက်မြန်မာ နိုင်ငံတွင် ဝါဂွမ်းနှင့် မြေပဲစိုက်ပျိုးမှု တိုးချဲ့တွင်ကျယ်လာ သောအခါ ဝါစေ့ဆီ၊ နှမ်းဆီနှင့် မြေပဲဆီများကြိတ်သော ဆီစက်များကို တည်ထောင်လာခဲ့ကြသည်။
စတီးဘရားသားကုမ္ပဏီက မြင်းခြံနှင့် အာလံတို့တွင် လည်း ဆီစက်ကို တည်ထောင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အတွင်း ဆီစက် ၂၂ စက်မှ ၂၉ စက်အထိ ရှိခဲ့သည်။ ၁၉၃၀ ပြည့်နှစ်မှ ၁၉၃၃ ခုနှစ်အကြားကာလတွင် ဆီစက် ၃၂ စက်ရှိခဲ့ပြီး ဆီစက်အများဆုံးရှိသောနှစ်များ ဖြစ်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ဆီစက်ပေါင်း ၂၉ စက် ရှိပြီး ထိုစက်များတွင် အလုပ်သမားဦးရေ ၁၅၁၃ ဦး ရှိခဲ့ သည်။ ထိုနှစ်အတွင်းက မြေပဲတန်ပေါင်း ၂၀၀၀၀၀ နှင့် အတူ နှမ်းတန်ချိန်ပေါင်း ၅၀၀၀၀ မှ ၆၀၀၀၀ အထိကို ဆီကြိတ်ခဲ့သည်။
ပြည်တွင်းစားသုံးမှုအတွက် လိုအပ်သော ဆီကို များသောအားဖြင့် မြို့ငယ် ရွာငယ်များ၌ သမားရိုးကျ ဆီဆုံဖြင့်ပင် ကြိတ်ခဲ့ကြသည်။ စားသုံးဆီများကို မှာယူ တင်သွင်းခြင်းများလည်း ရှိသောကြောင့် ဆီစက်လုပ်ငန်း မှာ မဖွံ့ဖြိုးခဲ့ပေ။ ဖော်ပြပါ ဆီစက်များထဲတွင် ဝါစေ့ဆီ ကြိတ်စက်များလည်း ပါဝင်နေပြီး မြေပဲဆီကြိတ်သော စက်အရေအတွက်က မများလှပေ။ စတီးဘရားသား၏ မြင်းခြံရှိ ဆီစက်နှင့် ရန်ကုန် ပုဇွန်တောင်ရှိ မြေပဲဆီစက် များမှာ စက်ကြီးများဖြစ်ကြသည်။
ဆီကြိတ်စက်နှင့် ဝါကြိတ်စက်များ
မြန်မာနိုင်ငံတွင် အစဉ်အဆက်ကပင် ဝါဂွမ်းစိုက်ပျိုး ခဲ့ပြီး ထိုဝါဂွမ်းကို ရှေးကျသောနည်းများဖြင့် ကြိတ်ခြင်း၊ ဖန်ခြင်း၊ ချည်ဆွဲခြင်းများ ပြုလုပ်ကာ လက်ရက်ကန်း ဖြင့်ပင် ဝတ်ရေးဆိုင်ရာ ကိစ္စအဝဝကို ပြည့်စုံစေခဲ့သော တိုင်းပြည်ဖြစ်သည်။ အထည် အဝတ် ထုတ်လုပ်ရေးမှာ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းတစ်ခုဖြစ်ခဲ့ရာမှ ဗြိတိသျှတို့ စိုးမိုးမှုအောက်သို့ ရောက်သည်မှစ၍ မြန်မာ့ရိုးရာ လက် ရက်ကန်းလုပ်ငန်းမှာ တဖြည်းဖြည်း မှေးမှိန်ခဲ့ပြီး နိုင်ငံခြား ဖြစ် ချည်၊ ချည်ထည်၊ ပိုးထည်များက မြန်မာ့ အထည် ဈေးကွက်ကို လွှမ်းမိုးခဲ့သည်။
ကိုလိုနီခေတ်အတွင်းက ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများထဲတွင် ချည်ခင်များနှင့် အထည်အဝတ် ဆိုင်ရာ ပစ္စည်းများက အများဆုံးပါဝင်ခဲ့သည်။ နိုင်ငံခြား သား အရင်းရှင်ကုမ္ပဏီများက အထည်အဝတ်အမျိုးမျိုးကို မှာယူတင်သွင်း ရောင်းချခဲ့ကြသဖြင့် မြန်မာနိုင်ငံတွင် အထည်အဝတ် ထုတ်လုပ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းဟူ၍ မရှိခဲ့ဘဲ ဝါကြိတ်စက်၊ ဝါဖန်စက်၊ ဝါဂွမ်းထုပ်ပိုးစက်နှင့် ချည်ငင်စက်တို့သာ ပေါ်ထွန်းခဲ့သည်။
ဝါကြိတ်စက်၊ ဝါဖန်စက်နှင့် ဝါဂွမ်းထုပ်ပိုးစက်တို့ကို မြင်းခြံ၊ မိတ္ထီလာ၊ စစ်ကိုင်းနှင့် သရက် စီရင်စုများတွင် တည်ထောင်ခဲ့ကြပြီး အားလုံးမှာ နိုင်ငံခြားသားပိုင်စက်များ ဖြစ်ကြသည်။ မြင်းခြံမြို့ရှိ ဝါကြိတ် ဝါဖန်စက်သည် အကြီးဆုံးဖြစ်ပြီး ထိုစက်ကို စတီးဘရားသားကုမ္ပဏီက ပိုင်ဆိုင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အထိ ကာလအတွင်း မြန်မာနိုင်ငံ၌ ဝါဖန်၊ ဝါကြိတ်စက် အရေ အတွက် တိုးပွားလာခဲ့ရာ ၁၉၂၁ ခုနှစ်တွင် စက် ၂၇ လုံး ရှိခဲ့ရာမှ ၁၉၃၅ ခုနှစ်တွင် ၄၃ လုံးအထိ တိုးပွားလာကာ ၁၉၄၀ ပြည့်နှစ်တွင်မူ ၅၃ လုံးအထိ ရှိခဲ့သည်။
ဝါဂွမ်းထွက်ရာဒေသဖြစ်သော မြင်းခြံမြို့တွင် ၁၈၉၆ ခုနှစ်ကပင် အေအက်ဂျမားဘရားသား ကုမ္ပဏီက ဝါကြိတ် စင် ၁၇ စင်နှင့် ဝါဂွမ်း လက်ထုပ်စက်တစ်ခုတို့ကို တည် ဆောက်ခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် ထိုကုမ္ပဏီက အာလံ၌ စက်တစ်လုံးကို တည်ဆောက်ပြီး ၁၉၀၀ ပြည့်နှစ်တွင် ဝါစေ့များကိုကြိတ်ရန် စက်ကိုလည်း အာလံမြို့၌ပင် တည် ဆောက်ခဲ့ပြန်သည်။ ထို့နောက် ၁၉၀၅ ခုနှစ်တွင် မြင်းခြံ၌ အလားတူ ဝါစေ့ကြိတ်စက်တစ်လုံး ထပ်မံ တည်ဆောက် ခဲ့သည်။ ထိုအချိန်အထိ ဝါကြိတ် ဝါဖန်စက် တည်ထောင် လုပ်ကိုင်ခြင်း လုပ်ငန်းမှာ ဂျမားကုမ္ပဏီတစ်ခုတည်း၏ မူပိုင်ကဲ့သို့ဖြစ်နေခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ဂျမား ဝါဂွမ်း နှင့် ထွက်ကုန် ကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းခဲ့ကာ စတီး ဘရားသား ကုမ္ပဏီအား အုပ်ချုပ်မှုကိုယ်စားလှယ်အဖြစ် ဆောင်ရွက်စေခဲ့ရာ ဆယ်နှစ်ခန့်အတွင်းမှာပင် လုပ်ငန်း များက အလွန်တိုးတက် အောင်မြင်ခဲ့သည်။ ထိုစဉ်က မြေပဲစိုက်ပျိုးရေး ထွန်းကားလာသဖြင့် မြေပဲကြိတ်သော အလုပ်ကိုလည်း တစ်စတစ်စ တိုးချဲ့လုပ်ကိုင်ခဲ့သည်။ သို့ရာတွင် ပထမကမ္ဘာစစ်အပြီးတွင် စီးပွားရေးကျဆင်း မှုကြောင့် အရှုံးနှင့်ရင်ဆိုင်ရသဖြင့် ရောင်းချလိုက်သည်။ ထိုအချိန်မှစ၍ စတီး ဝါဂွမ်းနှင့် အထွေထွေထွက်ကုန်ဌာန အမည်ဖြင့် ဆက်လက်လည်ပတ် ထုတ်လုပ်ခဲ့သည်။
ဂျမားကုမ္ပဏီ တည်ထောင်ကြီးပွားနေစဉ်အခါကပင် မြန်မာပြည် ဝါဂွမ်းကုမ္ပဏီ လီမိတက်နှင့် မူလာဒါဝတ် ကုမ္ပဏီကြီး နှစ်ခုတို့ကလည်း ဝါကြိတ်၊ ဆီကြိတ်သည့် အလုပ်များကို စတင်ဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။ မြန်မာပြည် ဝါဂွမ်းကုမ္ပဏီကို ဖင်လေဖလင်းမင်းကုမ္ပဏီက ၁၉၀၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုကုမ္ပဏီက ဝါကြိတ်စက်၊ ဝါဂွမ်းထုပ်စက်နှင့် ဆီကြိတ်စက်များကို မြင်းခြံမြို့၌လည်းကောင်း၊ မြင်းမူမြို့၌လည်းကောင်း တည်ထောင်ခဲ့သည်။
မူလာဒါဝတ် ကုမ္ပဏီကို စီမံအုပ်ချုပ် ပဲ့ကိုင်သူမှာ ဂရေဟမ်ကုမ္ပဏီဖြစ်ပြီး ထိုကုမ္ပဏီကလည်း ဝါကြိတ်စက်၊ ဝါဂွမ်းထုပ်စက်၊ ဆီကြိတ်စက်များကို မြင်းခြံမြို့နှင့် အာလံ မြို့များ၌ တည်ထောင်ခဲ့သည်။ သို့ရာတွင် မူလာဒါဝတ် ကုမ္ပဏီ၏ လုပ်ငန်းများမှာ မအောင်မြင်ခဲ့သောကြောင့် ပိုင်ဆိုင်သောပစ္စည်းများကို ၁၉၁၆ ခုနှစ်တွင် ဂျမားကုမ္ပဏီ သို့ ရောင်းချလိုက်ကာ ကုမ္ပဏီကို ဖျက်သိမ်းခဲ့သည်။
၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်အတွင်း အထက်မြန်မာ နိုင်ငံတွင် ဝါနှင့် မြေပဲများကို အထူး တိုးချဲ့စိုက်ပျိုးခဲ့ကြရာ ပထမကမ္ဘာစစ်ကြီးအပြီးတွင် မြင်းခြံမြို့နှင့် အာလံမြို့တို့၌ အိန္ဒိယလူမျိုးများပိုင် ဝါကြိတ်စက်များ တိုးပွားလာခဲ့သည်။ ၁၉၃၅ ခုနှစ်က ဝါကြိတ် ဝါဖန်စက်ပေါင်း ၄၃ လုံး ရှိခဲ့ရာမှ ၁၉၄၀ ပြည့်နှစ်တွင် ၅၃ လုံးအထိ ရှိလာခဲ့သည်။
မြင်းခြံမြို့ရှိ စတီးဘရားသားပိုင် မြောက်ပိုင်း ဝါကြိတ်စက်ရုံတွင် ကြိတ်စင်ပေါင်း ၁၀၀ ရှိပြီး တောင်ပိုင်း ဝါကြိတ်စက်ရုံတွင် ကြိတ်စင် ၉၀ ရှိခဲ့သည်။ ထို့ပြင် စတီး ဘရားသားကုမ္ပဏီက ဆီကြိတ်စက်၊ ဆီထည့်သော သံပုံး စက်နှင့် ဝါကြိတ်ဆီကိုအသုံးပြုသော ဆပ်ပြာချက်စက် များကိုလည်း တည်ထောင်ခဲ့သည်။
အရှုံးပေါ်ခဲ့သော ချည်မျှင်စက်
မြန်မာနိုင်ငံသည် ဝါဂွမ်းထွက်သောတိုင်းပြည် ဖြစ် သည်နှင့်အညီ ဝါဂွမ်းကုန်ကြမ်းကို အခြေခံသော ဝါကြိတ် ဝါဖန်စက်နှင့် ဝါထုပ်စက်များသာ ထွန်းကားခဲ့ပြီး ၁၉၂၀ ပြည့်နှစ်အထိ ချည်ငင်သောစက်၊ ချည်မျှင်ထုတ်လုပ်သော စက်ဟူ၍ မရှိခဲ့သေးပေ။ တိုင်းရင်းသားများထဲတွင်လည်း ချည်မျှင်စက်၊ အထည်စက် အတတ်ပညာနှင့်ပတ်သက်၍ နားလည်တတ်ကျွမ်းမှု မရှိသဖြင့်လည်းကောင်း၊ အရင်း အနှီးအဖြစ် ထိုခေတ်ငွေကြေး ဆယ်သိန်းမှ သိန်း ၂၀ ခန့် အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်သောကြောင့်လည်းကောင်း စွန့်စားလုပ်ကိုင်ဝံ့သူမရှိဘဲ ဖြစ်နေခဲ့သည်။
နိုင်ငံခြားသား အရင်းရှင်များကလည်း မြန်မာ့ဝါဂွမ်း သည် ချည်ဆွဲချည်ငင်ရန် မသင့်တော်ဟု ထင်မြင်ယူဆ ကြသည့်အပြင် ပြည်ပမှတင်သွင်းသော ချည်ချောများ၊ အထည်အဝတ်များနှင့် ယှဉ်ပြိုင်လျှင် အကျိုးရှိနိုင်မည် မဟုတ်ဟု ယုံကြည်ကြသဖြင့် ချည်စက်တည်ထောင်ရန် စိတ်ဝင်စားမှု မရှိကြပေ။
၁၉၁၉ ခုနှစ်တွင်မူ မြင်းခြံမြို့၌ မြန်မာအမျိုးသားပိုင် ချည်စက်တစ်ခု စတင် အခြေချလာခဲ့သည်။ တိုင်းရင်း သားပိုင် မြန်မာပြည် ဝါဂွမ်းကုမ္ပဏီလီမိတက်ကို ၁၉၁၉ ခုနှစ်တွင် အမျိုးသားရေး စံပြလုပ်ငန်းတစ်ရပ်အဖြစ် ဖွဲ့စည်းကာ ၁၉၂၀ ပြည့်နှစ်တွင် မြင်းခြံမြို့၌ ချည်ငင်စက် တစ်ခုနှင့် ဝါကြိတ်စက်တစ်ခုကို တည်ထောင်ခဲ့သည်။ ထိုစက်ကို တည်ထောင်နိုင်ရန် အစိုးရထံမှ ငွေ ၁၅ သိန်း ချေးယူခဲ့ရပြီး ၁၉၂၂-၁၉၂၃ ခုနှစ်တွင် အဆင်မပြေသဖြင့် လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကာ အစိုးရက ထိုစက်ရုံကို အကြွေးဖြင့် သိမ်းယူလိုက်သည်။ ပထမဆုံးနှင့် တစ်ခု တည်းဖြစ်သော မြန်မာအမျိုးသားပိုင် ချည်စက်မှာ အရှုံး နှင့်ရင်ဆိုင်ပြီး ရပ်ဆိုင်းသွားခဲ့ရလေတော့သည်။
ဝါဂွမ်းနှင့် ဆီစက် စုပေါင်းလီမိတက်
ထိုချည်စက်ကို ၁၉၂၇ ခုနှစ်တွင် စတီးဘရားသား ကုမ္ပဏီက အစိုးရထံမှ ငွေ ၁၄ သိန်းခန့်နှင့် ဝယ်ယူပြီး ၁၉၂၈ တွင် ကုမ္ပဏီ၏ မူလလက်ရှိ ဝါဂွမ်းနှင့် အထွေထွေ ထွက်ကုန်အလုပ်ကို မြန်မာပြည် ဝါဂွမ်းကုမ္ပဏီလီမိတက် နှင့် ပူးပေါင်းကာ ဝါဂွမ်းနှင့် ဆီစက် စုပေါင်းလီမိတက် အမည်ဖြင့် ကုမ္ပဏီအသစ်ကို တည်ထောင်ခဲ့သည်။ ဤတွင် မြန်မာပိုင် ချည်စက်ကြီးမှာလည်း စတီးဘရားသား၏ လက်အောက်သို့ ရောက်သွားခဲ့ရလေသည်။
မြင်းခြံချည်စက်တွင် ရစ်တိုင်ပေါင်း ၁၀၀၀၀ ရှိပြီး တစ်နှစ်လျှင် နံပါတ် ၁၀ ၁/၂ ၊ ၂၁ လိမ် ချည်မျှင် ပေါင်ချိန် ၂၀၀၀၀၀၀ ခန့်ကို ထုတ်လုပ်နိုင်ခဲ့ကာ တန်ဖိုးအားဖြင့် ကျပ် ၁၈၀၀၀၀၀ ကျော်ဖိုး ရှိသည်။ ကြိတ်စင် ၁၆ စင်ပါ သော ဝါကြိတ်စက်တစ်ခုလည်း ရှိခဲ့သည်။ စတီးဘရားသား ကုမ္ပဏီလက်ထက်တွင် တိုးတက်ကြီးပွားလာကာ ရစ်တိုင် ၁၃၀၀၀ အထိ တိုးမြှင့်တပ်ဆင်နိုင်ခဲ့ပြီး ၁၉၃၈ ခုနှစ်က မြင်းခြံချည်စက်တွင် အလုပ်သမားဦးရေ ၁၁၆၂ ဦးအထိ ရှိခဲ့သည်။
မြန်မာနိုင်ငံမှ ဝါဂွမ်းတန် ၂၀၀၀ နီးပါး ထွက်ရှိသော် လည်း မြင်းခြံချည်စက်က ထိုဝါဂွမ်း အနည်းငယ်ကိုသာ အသုံးပြုနိုင်ခဲ့သည်။ မြန်မာ့ဝါဂွမ်းမှာ အမျှင်တိုဖြစ်သည့် အပြင် ဝါဂွမ်းသားကြမ်းပြီး ချည်မျှင် အလိမ် ၂၀ မှ ၃၀ အထိသာ ဆွဲနိုင်သောကြောင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ ဈေးပေါပေါနှင့် ထွက်သွားကာ အထည်အလိပ် ကုန်ချော ပစ္စည်း အမျိုးမျိုးအဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာခဲ့သည်။ ။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments