
ဂျီနီဗာ မတ် ၁၂
ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုသည် နေ့စဉ် ပိုမို များပြားလာသည့်အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ရန် စစ်ဆေးအကဲဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် တက်ရိုစ်အက်ဒ်ဟာနို ဂီဘရီရက်စ်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ် ဟန့်တားနိုင်ရန် လျင်မြန်သွက်လက်ပြီး ထိရောက်သော လုပ်ဆောင်ချက်များကို ကမ္ဘာ့နိုင်ငံများအနေဖြင့် ဆောင်ရွက်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ရိုစ်အက်ဒ်ဟာနို ဂီဘရီရက်စ် က ပြောကြားခဲ့သည်။
လက်ရှိအချိန်၌ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၄ နိုင်ငံတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိရပြီး ကူးစက်ခံရသူ ၁၂၆၆၆၆ ခန့်ရှိကာ ၄၆၄၁ ဦး သေဆုံးခဲ့ရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှုနှုန်းသည် နေ့စဉ်ရက်ဆက် မြင့်တက်လျက် ရှိသည်။
သို့သော် တရုတ်နိုင်ငံအတွင်း လုပ်ဆောင်လျက်ရှိသော ဗိုင်းရပ်စ်ပိုးကာကွယ်ရေးနှင့် ထိန်းချုပ်ဟန့်တားရေး ဆောင်ရွက်ချက်များသည် အကျိုးသက်ရောက်မှုရှိသည့် အတွက် နေ့စဉ် ကူးစက်မှုမြင့်တက်သည့်အခြေအနေမှ တဖြည်းဖြည်းလျော့ကျလာခဲ့ကြောင်း သိရသည်။
ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်ဟန့်တားရန် အခြားနိုင်ငံများသို့ ဆေးပညာရှင်အဖွဲ့များကို စေလွှတ်ပြီး ဖြစ်ကြောင်း ပေကျင်းကဆိုသည်။
ဥရောပနိုင်ငံများအပါအဝင် အခြားသောနိုင်ငံများ တွင် ဗိုင်းရပ်စ်ကူးစက်မှု အရှိန်မြင့်တက်လျက်ရှိကြောင်း ဆေးမှတ်တမ်းများအရ သိရသည်။
မတ် ၁၁ ရက်ဆေးမှတ်တမ်းများအရ အီတလီနိုင်ငံ တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၀၀၀ ခန့်ရှိပြီဖြစ်သည်။ အီရန်နိုင်ငံတွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၉၀၀၀ ခန့် မြင့်တက်လာခဲ့သည့်အတွက် နိုင်ငံအတွင်း သီးခြား စောင့်ကြည့်စင်တာများနှင့် ကုသရေးဌာနများကို ကြိုတင် ပြင်ဆင်ပြီးဖြစ်ကြောင်း အီရန်အစိုးရက ဆိုသည်။
ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံခန့် သုံးစွဲမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ကတိပြုပြောကြား ခဲ့သည်။ အီတလီနိုင်ငံကလည်း ဗိုင်းရပ်စ်ပိုးကူးစက်မှု ကာကွယ် ထိန်းချုပ်ရေးအတွက် ဒေါ်လာ ၂၈ ဒသမ ၃ ဘီလီယံ သုံးစွဲမည်ဖြစ်သည်။
မတ် ၁၀ ရက်တွင် ထုတ်ပြန်သော ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ဆေးမှတ်တမ်းများအရ အမေရိကန်နိုင်ငံ တွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၀၀၁ ဦးရှိပြီး သေဆုံးသူ ၂၈ ဦး အထိ မြင့်တက်လာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်