
သိန်းထွန်း (IR)
ကိုယ်ချင်းစာတရားဆိုတဲ့အသုံးအနှုန်းဟာ လူတိုင်းနဲ့ရင်းနှီးတဲ့ စကားအသုံးအနှုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်ကို ဘယ်လောက်အထိ နားလည်လက်ခံသလဲ၊ ကျင့်သုံးကြသလဲဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ကြပါဘူး။
ဗြဟ္မစိုရ်တရားလေးပါး
ကိုယ်ချင်းစာတရားရဲ့ အရင်းခံဟာ မေတ္တာတရား ဖြစ်ပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဖြစ်တဲ့ ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာတရား ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ကိုယ်ချင်း စာစိတ်ကို မိမိအလိုဆန္ဒနဲ့ နှိုင်းယှဉ် ထောက်ထားစာနာမှုလို့ ဆိုပါတယ်။ သူတစ်ဖက်သားကို မိမိကောင်းစားသလို ကောင်းစားစေချင်တဲ့ဆန္ဒ၊ မိမိ ဒုက္ခ မရောက်ချင်သလို အခြားသူတွေကို ဒုက္ခ မရောက်စေချင်တဲ့ စေတနာတွေဟာ ကိုယ်ချင်းစာစိတ်တွေပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်ဟာ သူတော်ကောင်း စိတ်ထားလည်း ဖြစ်ပါတယ်။
မေတ္တာတရားတို့၊ ကိုယ်ချင်းစာနာ စိတ်တို့နဲ့ဆန့်ကျင်ဘက်ကတော့ အတ္တ စိတ်၊ လောဘစိတ်တွေပဲ ဖြစ်ပါတယ်။ အတ္တကြီးလွန်းတဲ့သူတွေ၊ လောဘများတဲ့ သူတွေမှာ ကိုယ်ချင်းစာစိတ် မရှိတာ ဒါမှမဟုတ် နည်းပါးတာကို တွေ့ရပါ တယ်။ အတ္တကြီး သူတွေဟာ မိမိလိုဘတစ်ခုတည်းရဖို့စိတ်ရှိကြတာမို့ အခြားသူ တွေရဲ့ အကျိုးစီပွားထိခိုက်တာ၊ သေကျေ ပျက်စီးတာ၊ ဘဝထိခိုက်နစ်နာတာ တွေကို ဂရုစိုက်လေ့ မရှိတတ်ကြပါဘူး။ ဒါကြောင့် အတ္တတွေ၊ လောဘတွေ ပိုကြီး လာလေ ကိုယ်ချင်းစာစိတ် နည်းပါး လာလေဖြစ်ပါတယ်။ တစ်ဖက်မှာ အတ္တ တွေကြီးလာပြီး တစ်ဖက်မှာ ကိုယ်ချင်း စာစိတ်နဲ့ မေတ္တာတရား ခေါင်းပါးလာ တာနဲ့အမျှ အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုတွေ ရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ မလွယ်ကူပါဘူး။ တစ်ဦးနဲ့တစ်ဦး အကြား ချစ်ခြင်းမေတ္တာအစား အမုန်း တရားတွေ ဝန်းရံနေတဲ့ ပတ်ဝန်းကျင်ပဲ ဖြစ်လာမှာပါ။
နှလုံးသားကလာတဲ့ စိတ်နေစိတ်ထား
ဒါကြောင့် ကိုယ်ချင်းစာစိတ်ဟာ ယဉ်ကျေးတဲ့ လူ့အသိုက်အဝန်း၊ မေတ္တာ တရားထွန်းကားတဲ့ ပတ်ဝန်းကျင်မှာပဲ တွေ့ရပါတယ်။ ကိုယ်ချင်းစာစိတ်ဟာ ဦးနှောက်ထက် နှလုံးသားကလာတဲ့ စိတ်နေစိတ်ထားတစ်ခုပါ။ စိတ်ရဲ့အရည် အသွေးတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ စိတ်အရည်အသွေးဟာ ဗီဇအရ ပါလာ ကြသလို ပြုစုပျိုးထောင်လို့လည်း ရနိုင် ပါတယ်။ ကိုယ်မကြိုက်တဲ့ အလုပ်တစ်ခု၊ အပြောအဆိုတစ်ခု၊ အပြုအမူတစ်ခုကို အခြားသူတွေအပေါ် မပြုလုပ်မိအောင်၊ မပြောဆိုမိအောင် ကျင့်ကြံနေထိုင်ခြင်း ဟာ ကိုယ်ချင်းစာစိတ် ပြုစုပျိုးထောင် ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်များ တဲ့သူတွေဟာ လူလူချင်းသာမကပါဘူး၊ တိရစ္ဆာန်တွေအပေါ်ကအစ ကိုယ်ချင်း စာစိတ်မွေးကြ စောင့်ထိန်းကြပါတယ်။
ဒီတော့ ယဉ်ကျေးတဲ့ လူ့အသိုက်အဝန်း၊ အေးချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ဆိုရင် ကိုယ်ချင်းစာစိတ်လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာဖြစ်စေ၊ လူမှု ဆက်ဆံရေးမှာဖြစ်စေ၊ ကိုယ်ရည် ကိုယ်သွေး တည်ဆောက်ရာမှာဖြစ်စေ ကိုယ်ချင်းစာစိတ်ဟာ အရေးပါတဲ့အရည် အသွေးတစ်ခု ဖြစ်ပါတယ်။
နှစ်လမ်းသွားရှိတဲ့ စိတ်သဘောထား
ကိုယ်ချင်းစာစိတ်ဟာ တစ်ဖက် တည်းကြည့်တဲ့အမြင်၊ တစ်ဖက်တည်း ထားတဲ့ စိတ်ထား၊ တစ်ဖက်တည်းထားတဲ့ ဆန္ဒမဟုတ်ပါဘူး၊ သူ့ဘက်ကိုယ့်ဘက် ဆိုတဲ့ နှစ်လမ်းသွားရှိတဲ့ စိတ်သဘော ထားပဲ ဖြစ်ပါတယ်။ လူကို လူလိုမြင်တဲ့ စိတ်၊ လူကိုလူလို တန်ဖိုးထားတဲ့စိတ် လည်းဖြစ်ပါတယ်။ သူသာ ငါဆိုရင်၊ ငါသာ သူဆိုရင်ဆိုတဲ့ မျှတတဲ့ တွေးခေါ် စဉ်းစားပေးနိုင်မှုအပေါ် အခြေခံထားလို့ မေတ္တာစိတ်၊ ကရုဏာစိတ်၊ သနားကြင်နာ စိတ် စတဲ့သူတော်ကောင်းစိတ်သဘော တွေ ကိန်းအောင်းနေပါတယ်။ ကိုယ်ချင်း စာစိတ်ရှိတဲ့သူဟာ အခြားသူတွေအပေါ် ကိုယ်စိတ်နှလုံး သုံးပါးစလုံး စောင့်ထိန်း တတ်ကြပါတယ်။ ငါဒီလိုပြောလိုက်ရင် သူနစ်နာမှာပါလား၊ သူသိက္ခာကျ သွားနိုင်ပါလား၊ ငါဒီလိုလုပ်လိုက်ရင် သူထိခိုက် နာကျင်သွားနိုင်ပါလား၊ သူ့ ဘဝ သူ့မိ သားစု ပျက်စီးသွားနိုင်ပါလား ဆိုတဲ့ ကိုယ်ချင်းစာတဲ့ အကြံအစည်၊ အပြောအဆို၊ အပြုအမူတွေကို ကိုယ်တိုင် ကထိန်းသိမ်းကြပါတယ်။
အတ္တကြီးသူတွေများနေရင်
လူတိုင်းမှာ အတ္တကိုယ်စီ ရှိကြပါ တယ်။ လူတိုင်းကိုယ်စီ အတ္တရှိကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် အတ္တ အနည်းအများတော့ ကွာခြားကြပါတယ်။ အတ္တနည်းတဲ့သူရှိမယ်၊ အတ္တများတဲ့သူ တွေရှိမယ်၊ မျှတတဲ့သူတွေ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာတရားနည်းပါးပြီး ငါဆိုတဲ့ အတ္တကြီးတဲ့သူတွေ များနေမယ် ဆိုရင် မျှတတဲ့ လူ့ပတ်ဝန်းကျင်၊ အေးချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်မလာ နိုင်ပါဘူး။ ဒါကြောင့်လည်း မြတ်စွာ ဘုရားက ကိုယ်ချင်းစာတရား ခုနစ်ပါး ဟောကြားခဲ့ပါတယ်။ ဒီနေ့ခေတ်လို ဆိုရင် ကိုယ်ချင်းစာတရားဟာ EQ လို့ ဆိုတဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ရဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။
စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်
လူတစ်ယောက်အနေနဲ့ သူ့ရဲ့ဘဝမှာ ထိပ်ဆုံးအထိ အောင်မြင်တိုင်း၊ အရာရာ ပြည့်စုံတိုင်း the smartest people လို့ မဆိုနိုင်ပါဘူး။
သူတော်ကောင်းစိတ်၊ ကိုယ်ပိုင်အသိတရား၊ လူမှုရေးအသိ တရား၊ လူမှုဆက်ဆံရေး စတဲ့ အရည် အသွေးတွေပါ ပြည့်စုံမှ smart people ဖြစ်ပါလိမ့်မယ်။ ဒီနေ့ခေတ်မှာဆိုရင် လုပ်ငန်းခွင်တွေမှာ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုတွေ သာမကတော့ပဲ EQ ကိုပါ အလေးထားလာကြပါတယ်။ စိတ် ခံစားမှုဆိုင်ရာ အသိဉာဏ်ဟာ တစ်ဦး ချင်းစွမ်းဆောင်ရည်၊ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်စတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ရလဒ်ကောင်းတွေရရှိဖို့အတွက် များစွာ အရေးပါလှပါတယ်။ ဒါ့အပြင် လူတွေရဲ့ အပြုအမူတွေ၊ စီမံခန့်ခွဲမှုပုံစံတွေ၊ စိတ် သဘောထားတွေ၊ အချင်းချင်း ဆက်ဆံ ရေးဆိုင်ရာ ကျွမ်းကျင်မှုတွေကို နားလည် သုံးသပ်နိုင်တဲ့ နည်းလမ်းအသစ်တွေကို ရရှိစေပါတယ်။
တစ်ဖက်မှာ ပြန်ကြည့်ရင် လုပ်ငန်း ခွင်တွေမှာဖြစ်ဖြစ်၊ လူ့အသိုက်အဝန်း မှာဖြစ်ဖြစ် ကိုယ်ချင်းစာတရားလို စိတ် အရည်အသွေးတွေ နိမ့်ကျလာတာ ကြောင့် လုပ်ငန်းအရည်အသွေး၊ တစ်ဦး ချင်းအရည်အသွေး၊ အဖွဲ့အစည်းအရည် အသွေးတွေ ကျဆင်းလာတာ တွေ့ရပါ တယ်။ လူ့အသိုက်အဝန်းမှာဆိုရင်လည်း ပဋိပက္ခတွေ၊ မငြိမ်းချမ်းမှုတွေ ကြုံတွေ့ နေရပါတယ်။ ကိုယ်ချင်းစာတရားမရှိဘဲ ငါ့ဘို့ တစ်ဘို့တည်း စဉ်းစားလုပ်ကိုင် နေသမျှ မျှတမှုဆိုတာမရှိနိုင်ဘဲ ပဋိပက္ခ တွေသာ တိုးပွားလာလိမ့်မယ်။
ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ရေးသားထားတဲ့ ကျွန်တော်နဲ့ မန်နေဂျာ ဆောင်းပါးထဲက အချက်တစ်ချက်ကို ဖော်ပြလိုပါတယ်။ စီမံခန့်ခွဲမှုကို တာဝန် ယူထားသူတွေ လက်ကိုင်ထားသင့်တဲ့ အခြေခံမူ ၅ ချက်ထဲက စတုတ္ထအချက် မှာ မိမိနဲ့အတူ အလုပ်လုပ်ကြတဲ့သူတွေ အားလုံး သဘောတူလက်ခံမယ့် တန်ဖိုး ထားမှုတွေ၊ စံတွေကို သတ်မှတ်ဖို့ လိုအပ် တယ်။ အမှန်တရားကို မြတ်နိုးမှု၊ မိမိ အကြောင်း မိမိသိအောင် ဆန်းစစ်မှု၊ ကရုဏာတရား မြင့်မားမှုတို့ကို မိမိနဲ့ အတူ အလုပ်လုပ်နေကြတဲ့သူတိုင်း လက်ခံသဘောတူဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ကို မဝေဖန်မီ ကိုယ်ချင်း စာတရား ရှေ့ထားပြီး ပြုမူဆောင်ရွက် သင့်ပါတယ်။ အောင်မြင်မှုကို ပြောတဲ့ နေရာမှာ နေရာတိုင်းမှာ အနိုင်ယူခြင်း မဟုတ်ကြောင်း သိဖို့လိုတယ်လို့ ဖော်ပြ ထားပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ်ချင်း စာတရား ဘယ်လောက်လိုအပ်တယ် ဆိုတာ ချင့်ချိန်နိုင်ပါတယ်။
သူ့အသက်ကို၊ ချစ်ပါလေ
လုပ်ငန်းခွင်လိုပါပဲ၊ လူ့အသိုက်အဝန်း ဆိုတာ လူအချင်းချင်းနေထိုင်ကြ၊ ပေါင်း သင်းဆက်ဆံကြတာပါ။ တစ်ဦး တစ်ယောက်တည်း နေထိုင်လုပ်ကိုင် နေကြတာ မဟုတ်ပါဘူး။ အများနဲ့ နေထိုင် လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အကျိုး၊ အများအကျိုး ကောင်းဖို့ ဆိုရင် ကိုယ်ချင်းစာတရား လက်ကိုင် ထားကြရမှာပါ။ ရှင်မဟာရဋ္ဌသာရ ရေးသားတဲ့ လက်သစ်တောင်တာ ဆုံးမ စာထဲမှာ ကိုယ်နှင့်လည်း စာ၊ သတ္တဝါ ကို၊ ကြင်နာလှစေ၊ သူ့အသက်ကို၊ ချစ်ပါ လေဆိုပြီး လူအချင်းချင်း မပြောနဲ့ သတ္တဝါကိုတောင် ကိုယ်ချင်းစာတရား ထားဖို့ ဆိုထားပါတယ်။ ဒါမှလည်း လောကကို စောင့်ရှောက်တဲ့ လောက ပါလတရား ထွန်းကားလာမှာပါ။
အထူးသဖြင့် လိုအပ်ချက်တွေ များပြားလာတဲ့ ဒီနေ့လိုခေတ်ကြီးမှာ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တွေ ရရှိဖို့ နည်းမျိုးစုံနဲ့ အပြိုင်အဆိုင် ကြိုးပမ်း အားထုတ်လာကြပါတယ်။ ကြိုးပမ်း အားထုတ်ရာမှာလည်း တရားတဲ့ နည်း လမ်း၊ မတရားတဲ့နည်းလမ်း အမျိုးမျိုး သုံးကြပါတယ်။ တရားတဲ့ နည်းလမ်းနဲ့ ကြိုးစားတာဟာ ကိုယ်နဲ့ ကိုယ့်ပတ် ဝန်းကျင်ကို ဆိုးကျိုးမဖြစ်စေပေမယ့် ကိုယ်ချင်းစာတရားကင်းပြီး မတရား နည်းလမ်းနဲ့ ကြိုးပမ်းအားထုတ်တာတွေ ကြောင့် ကိုယ်ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်အတွက်ပါ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။
ကိုယ်ချင်းစာနာစိတ် တွေ ကင်းလာတာနဲ့အမျှ ဘယ်သူ သေသေ ငတေမာ ပြီးရော စိတ်ထားတွေ လွှမ်းမိုးလာပါတယ်။ ငါချမ်းသာရင် ပြီးရော၊ ငါလိုချင်တာ ရပြီးရော၊ ငါဖြစ်ချင် တာ ဖြစ်ရင်ပြီးရောဆိုတဲ့စိတ်ဟာ စိတ် အရည်အသွေးနိမ့်ကျတာ၊ EQ နိမ့်ကျတာ ကို ဖော်ပြနေခြင်းပါပဲ။ အဲဒါရဲ့ နောက် ဆက်တွဲအကျိုးဆက်ကတော့ လုပ်ငန်း ခွင်မှာ ဖြစ်စေ၊ အဖွဲ့အစည်းမှာဖြစ်စေ၊ လူ့အသိုက်အဝန်းမှာဖြစ်စေ ကိုယ်ရည် ကိုယ်သွေးတွေ၊ စွမ်းဆောင်ရည်တွေ၊ တရားမျှတမှုတွေ ကင်းမဲ့လာခြင်းပဲ ဖြစ်ပါတယ်။
ဒီတော့ မျှတတဲ့ လူ့အသိုက်အဝန်း၊ လူ့တန်ဖိုးမြင့်တဲ့ အသိုက်အဝန်းဖြစ်ဖို့ ဆိုရင် ကိုယ်ချင်းစာတရားအခြေခံတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် တည်ဆောက် ကြရမှာပါ။ ကိုယ်စီကိုယ်စီက smart people တွေဖြစ်မှ၊ ကိုယ်ရည်ကိုယ်သွေး မြင့်မှလည်း နှလုံးရည်နဲ့ လောကကို အလှဆင်နိုင်မှာ ဖြစ်ပါတယ်။ ။
- Log in to post comments