ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးဆိုတာ...

Type
2

 

ဖြူလူသစ်

ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေး (Moral Right) ဆိုတာကို မပြောခင်အရင်ဦးစွာအားလုံးသိကြတဲ့ Copyright Law အကြောင်းလေးကို နိဒါန်းပျိုးလို့ ပြောချင်ပါတယ်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (Copyright Law) သည် ကိုယ်ပိုင်စိတ်ကူးဉာဏ်ဖြင့် ဖန်တီးပြုလုပ်ထားသည့် စာပေအနုပညာလက်ရာ (မူလလက်ရာများ)အပေါ် မူပိုင်ခွင့်အခွင့်အရေးနဲ့ ဆက်နွှယ်တဲ့အခွင့်အရေးများ ရရှိစေဖို့အတွက် အကာအကွယ်ပေးတဲ့ ဥပဒေပဲဖြစ်ပါတယ်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေအရ မူလလက်ရာရှင် (သို့) မူပိုင်ခွင့်ပိုင်ရှင်တို့ဟာ စီးပွားရေးဆိုင်ရာ သီးသန့်အခွင့်အရေး (Economic Right)အပြင် ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးကိုလည်း ရရှိနိုင်ပါတယ်။

ဒီသီးသန့်အခွင့်အရေးနှစ်ခုအနက် Economic Right လို့ခေါ်တဲ့ စီးပွားရေးဆိုင်ရာအခွင့်အရေးဟာ ကာကွယ် ပေးမှု သက်တမ်းအမျိုးအစားအလိုက် နှစ်အကန့်အသတ် ရှိပါတယ်။ သက်တမ်းအရ မူလလက်ရာရှင် သက်ရှိထင်ရှား ရှိစဉ် ကာလအပြင် ကွယ်လွန်ပြီး နှစ် ၅၀ အထိ အကျုံး ဝင်ပါတယ်။ လက်ရာအလိုက် အကာအကွယ်ပေးခြင်းခံရတဲ့ သက်တမ်းဟာလည်း အမျိုးမျိုးကွာခြားပါတယ်။ ဒီလို အကာအကွယ်ပေးမှုခံရတဲ့ စာပေနှင့် အနုပညာမူပိုင်ခွင့် သက်တမ်းများကို ဥပဒေရဲ့ အခန်း(၉)မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

Copyright (စာပေနှင့် အနုပညာမူပိုင်ခွင့်) မှာ အများစု က စီးပွားရေးဆိုင်ရာ အခွင့်အရေးသာရှိတယ်လို့ သိမှတ် နေတာ များပါတယ်။ တကယ်တော့ မူလလက်ရာရှင် တစ်ယောက်ဟာ အထက်ပါ စီးပွားရေးဆိုင်ရာ သီးသန့် အခွင့်အရေးအပြင် ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့် အရေး ပါရရှိနိုင်ပါတယ်။ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့် အခွင့်အရေးအရ အကာအကွယ်ပေးမှု သက်တမ်းကတော့ ခုနက ရှေ့မှာပြောခဲ့တဲ့ စီးပွားရေးဆိုင်ရာ သီးသန့်အခွင့် အရေးလိုမျိုး ကာကွယ်ပေးခံရမှု နှစ်အကန့်အသတ် မရှိပါဘူး။ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေး အရ မူလလက်ရာရှင် သက်ရှိထင်ရှား ရှိစဉ်အပြင် ကွယ်လွန်ပြီးသည့်နေ့ရက်မှ အကန့်အသတ်မရှိကာလ အထိ ကာကွယ်ပေးရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ ဆိုလိုတာက ဖန်တီးသူတစ်ယောက်ရဲ့ အမည်နဲ့ ၎င်း ဖန်တီးထားတဲ့ စာပေအနုပညာလက်ရာတစ်ခုရဲ့ ယှဉ်တွဲ ဖော်ပြခံရမှုဟာ ဖန်တီးသူ သက်ရှိထင်ရှားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကွယ်လွန်ပြီး နှစ်ဘယ်လောက်ပင် ကြာကြာ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေး အရ မူလလက်ရာရှင်ရေးထားတဲ့ စာပေအနုပညာဖန်တီးမှု လက်ရာနဲ့ ဖန်တီးသူရဲ့အမည်ဟာ အတူတကွ ဖော်ပြခွင့် ရှိရပါမယ်။ ဒါဟာ ဥပဒေအရ မူလလက်ရာရှင်ကို ပေးထား တဲ့ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးပါ။ ဒီလိုပဲ နိုင်ငံအများစုရဲ့ စာပေအနုပညာမူပိုင်ခွင့် ဥပဒေတွေ မှာလည်း ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေး ကို အလားတူ ထည့်သွင်းပေးထားပါတယ်။ ကိုယ်ကျင့် သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးအောက်မှာ “ The Right of Paternity ” လို့ခေါ်တဲ့ “ဖန်တီးမှုမှာ ဖန်တီးသူ၏ အမည်ဖော်ပြရန်” ဆိုတာနဲ့ “ The Right of Integrity” လို့ ခေါ်တဲ့ “မူလဖန်တီးသူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရင်၊ မူလလက်ရာကို ပျက်စီးစေရင် ကန့်ကွက်နိုင်ရန် ” ဆိုတဲ့ အခွင့်အရေးအမျိုးအစားနှစ်မျိုး ရှိပါတယ်။

ဒါကြောင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့် အရေးအရ လက်ရာတစ်ခုခုကို ပြန်လည်အသုံးပြုတော့မယ် ဆိုရင် မူရင်းဖန်တီးသူရဲ့ အမည်ကို ချန်လှပ်ထားခဲ့လို့မရဘဲ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးအရ ဖန်တီးသူတစ်ယောက်ရဲ့ အမည်ကို ယင်းလက်ရာနဲ့အတူ ယှဉ်တွဲဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ သီးသန့်အခွင့်အရေးဟာ စီးပွားရေးဆိုင်ရာ သီးသန့်အခွင့်အရေးလိုမျိုး ရောင်းချ ၊ ပေါင်နှံ ၊ လွှဲပြောင်း၊ ငှားရမ်းခြင်း၊ မေတ္တာဖြင့် ပေးခြင်းမျိုးနဲ့ တစ်ပါးသူကို လွှဲပြောင်းပေးလို့ မရပါဘူး။ ဖန်တီးသူမဟုတ်တဲ့ အခြားသူ ၏နာမည်ကိုလည်း စာပေအနုပညာလက်ရာတစ်ခုခုမှာ အမည်ပြောင်းလဲတပ်၍ ဖော်ပြခွင့်မရှိပါဘူး။ ဥပမာ- ကိုယ်ကိုးကား ဖော်ပြ လိုက်တဲ့ ကူးယူဖော်ပြလိုက်တဲ့စာဟာ သူများရေးသားထားတဲ့ စာဖြစ်ပါက မူရင်းစာရေးသူရဲ့ အမည်ကို Credit ပေးပြီး ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ မူရင်းစာရေးသူရဲ့အမည်မှာ မိမိ၏အမည်အား အစားထိုး ဖော်ပြခြင်း၊ မူရင်းစာရေးသူရဲ့အမည်အား ဖြုတ်ပယ်ပစ် ခြင်းမျိုး လုပ်ခွင့်မရှိပါဘူး။ ဒီနေရာမှာ တချို့က မူရင်း စာရေးသူကို သိလျက်နှင့်ပင် မူရင်းရေးသူ၏ အမည်အား ဖျောက်ပစ်တတ်ကာ Credit.. Original Writer ဟုသာ ပြုပြင်ရေးသား၍ မူရင်းလက်ရာရှင်၏ ကလောင်နာမည်ကို ဖျောက်ပစ် တတ်ခြင်းများဟာ မူပိုင်ခွင့်ဥပဒေပါ ကိုယ်ကျင့် သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးကို ချိုးဖောက်နေခြင်း ဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

ဒါ့အပြင် မူပိုင်ခွင့်ဥပဒေပါ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးအရ မူလက အမည်ဝှက်၊ အမည်ပွား ဖြင့် ဖော်ပြပြီးသားဖြစ်နေပါက ယင်းမူလလက်ရာရှင်ရဲ့ အမည်ဝှက်၊ အမည်ပွားနဲ့ ၎င်း၏ဖန်တီးမှုလက်ရာကို ယှဉ်တွဲဖော်ပြခွင့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ကာတွန်း လက်ရာများကို ကာတွန်းဆရာ၏ အမည်ဝှက် / အမည် ပွား၊ ကလောင်နာမည်ကို နည်းပညာအရ ပြုပြင်ခြင်း၊ ကလောင်အမည်အား ကာတွန်းလက်ရာမှ crop လုပ်ခြင်း များသည်လည်း ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့် အရေးကို ချိုးဖောက်နေခြင်းဖြစ်တယ်ဆိုတာ သတိပြု ဆင်ခြင်သင့်ပါတယ်။

စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉) ပါ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးအရ နောက်ဆုံးပေးထားတဲ့အခွင့်အရေးကတော့ မိမိဖန်တီးထားတဲ့ စာပေ သို့မဟုတ် အနုပညာလက်ရာနှင့် စပ်လျဉ်း၍ မူလ ဖန်တီးသူအနေနဲ့ မိမိ၏ဂုဏ်သိက္ခာနှင့် ထင်ရှား ကျော်ကြားမှုကို ထိခိုက်စေရန်အတွက် တစ်နည်းနည်းဖြင့် စာပေအနုပညာလက်ရာကို ချို့ယွင်းစေတာ၊ ပြုပြင်တာ ဒါမှမဟုတ် ပျက်စေခြင်းနဲ့ ယုတ်လျော့သေးသိမ်စေရန် အခြားတစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းအပေါ်တွင် မကျေ နပ်ပါက ကန့်ကွက်ပိုင်ခွင့်ရှိတယ်လို့ ဥပဒေမှာ အပြည့် အဝ ကာကွယ်ပေးထားပါတယ်။ မူလလက်ရာရှင် တစ်ယောက်အနေနဲ့ မိမိဖန်တီးထားတဲ့လက်ရာတစ်ခုကို စီးပွားရေးဆိုင်ရာ အခွင့်အရေးအား တစ်ပါးသူကို လွှဲပြောင်းရောင်းချပြီး ဖြစ်ရင်တောင် အထက်ဖော်ပြထား သလို ကိုယ့်လက်ရာကို ပြုပြင်ခြင်း၊ ပြောင်းလဲတင်ဆက် လိုက်ခြင်းဖြင့် မိမိဖန်တီးထားတဲ့လက်ရာနှင့် ရည်ရွယ်ချက် ကို ထိခိုက်စေပါက ကန့်ကွက်ခြင်းဖြင့် မူလဖန်တီးသူက မိမိလက်ရာကို ထိန်းသိမ်းနိုင်ခွင့် ရှိပါတယ်။ ဒီနေရာမှာ ဂီတနဲ့ပတ်သက်၍ ဥပမာပြုစရာတစ်ခု ရှိပါတယ်။ တေးသီချင်း အဆိုပြိုင်ပွဲများမှာ မူလဖန်တီးသူ၏ တေးသီချင်းလက်ရာကို ပိုမိုဆန်းသစ်အောင် ပြုပြင် ဖန်တီး သီဆိုခြင်းများအတွက် မူလဖန်တီးသူက မိမိဖန်တီး ထားတဲ့ တေးသီချင်းရဲ့ အနှစ်သာရကို ယုတ်လျော့သေးသိမ် စေတယ်(ဒါမှမဟုတ်) ချို့ယွင်းစေတယ်လို့ ယူဆရင် မူရင်း ဖန်တီးသူက ကိုယ်ကျင့်သိက္ခာဆိုင်ရာသီးသန့်အခွင့် အရေးအရ အသစ်ပြုပြင် သီဆိုမှုအပေါ် ကန့်ကွက်ပိုင်ခွင့် ရှိတယ်ဆိုတာ သိရှိထားစေချင်ပါတယ်။

တစ်ပါးသူ ဖန်တီးထားတဲ့ စာပေအနုပညာလက်ရာ များကို ခွင့်မတောင်းဘဲ စီးပွားဖြစ်အသုံးချမှု မှန်သမျှဟာ စီးပွားရေးဆိုင်ရာ သီးသန့်အခွင့်အရေးအရ ငြိစွန်းတာ ဖြစ်လို့ ယင်းပြစ်မှုများနှင့် ပတ်သက်၍ ပြစ်ဒဏ်များသည် ဥပဒေမှာ ပါဝင်သလို တစ်ဖက်မှာလည်း အခုလို ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးအရ ကူးယူ အသုံးချမှု မှန်သမျှဟာ သာမန်အသုံးပြုမှုနဲ့ မဆန့်ကျင်စေ ဖို့ မူလလက်ရာရှင်ရဲ့ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့် အခွင့်အရေးကို သတိပြုမိကြဖို့ လိုအပ်လှပါတယ်။ သူတစ်ပါး ရေးသားထားတဲ့စာတစ်ကြောင်း၊ ကဗျာ တစ်ပိုဒ်ကို ကိုးကားယူသုံးမိရင်လည်း ယူသုံးတဲ့အလျောက် ဖန်တီးသူကို ကျင့်ဝတ်အရ လေးစားမှုရှိစွာ Credit ပေးရ မှာပဲ ဖြစ်ပါတယ်။

မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကို လေ့လာသူတစ်ယောက် အနေနဲ့ လေ့လာနေဆဲကာလမှာတင် မူပိုင်ခွင့်ဥပဒေများ သည် များစွာကျယ်ပြန့်ပြီး လေ့လာစရာ မကုန်အောင် များစွာ နက်နဲလွန်းတာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းပြီးဖြစ်သော်လည်း ဥပဒေအာဏာ သက်ဝင်ခြင်း မရှိသေးမီ ယနေ့အချိန်သည် မူပိုင်ခွင့်ကို လေ့လာရန် အကောင်းဆုံးဖြစ်သည်ဟု မိမိအနေနဲ့ ယူဆမိပါတယ်။ နောက်ပိုင်း ဥပဒေအာဏာသက်ဝင်ပြီးမှ၊ မိမိအနေဖြင့် ဥပဒေကိုမသိ၍ ကျူးလွန်မိပါသည်ဟု လျှောက်လဲချက်ပေး လို့ မရတော့သည့်အချိန်ရောက်မှ ကိုယ်မသိမိလိုက်တဲ့ အရာတစ်ခုဟာ မူပိုင်ခွင့် ချိုးဖောက်မိတဲ့ကိစ္စများ ဖြစ်ပေါ် စေခဲ့ပြီး အရေးယူခံ မထိစေဖို့ အခုတည်းက မူပိုင်ခွင့် ဥပဒေပါ အခွင့်အရေးနှင့်တာဝန်များကို သိရှိလိုက်နာဖို့ အရေးကြီးပါတယ်။ ကိုယ့်ဖန်တီးမှုကို ကိုယ်ကာကွယ်နိုင်ဖို့ လိုအပ်သလို တစ်ပါးသူရဲ့ ဖန်တီးမှုကို အသိအမှတ်ပြုတတ် တဲ့ အလေ့အကျင့်ကောင်းများကို မွေးမြူကြဖို့လိုပါတယ်။ ဖန်တီးမှုမှန်သမျှဟာ ဖန်တီးသူရဲ့ ဉာဏ (Intellectual )ကလာတဲ့ပစ္စည်း Property များဖြစ်လို့ အသိဉာဏ်ပစ္စည်း လို့ခေါ်တဲ့ (Intellectual Property – IP) ကို တန်ဖိုးထား ကာကွယ်ပေးသင့်ပါတယ်။

ဒီလို စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေပါ ဖန်တီးသူ များအတွက် အခွင့်အရေးနဲ့ အသုံးပြုသူများဘက်က လိုက်နာစရာများကို တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းမျှဝေရင်း မူပိုင်ခွင့် အသိပညာပေးခြင်းကို ဝိုင်းဝန်းတိုးမြှင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလို မူပိုင်ခွင့်ဥပဒေအရ ဖန်တီးသူ၊ မူလလက်ရာရှင်တွေနဲ့ မူပိုင် ခွင့်ပိုင်ရှင်များကို စီးပွားရေးဆိုင်ရာသီးသန့်အခွင့်အရေး၊ ကိုယ်ကျင့် သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးများပေးကာ ကာကွယ်ပေးခြင်းများကြောင့် မူပိုင်ခွင့်ဥပဒေအရ စာပေအနုပညာမူလလက်ရာပေါင်းမြောက်မြားစွာ နိုင်ငံအတွင်း ထပ်မံပေါ် ထွက်လာစေဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ၂၀၁၉ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုချီးမြှင့်ပွဲ အခမ်း အနား မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေ အချိုးအစားညီမျှစွာ တိုးတက်ထွန်းကားမှသာ စာပေအနုပညာနယ်ပယ် ကြီးပွားထွန်းကားလာမှာ ဖြစ်သလို အပြန်အလှန်အားဖြင့် စာပေအနုပညာ နယ်ပယ် ကြီးပွားထွန်းကားလာတာနဲ့အမျှ အသိပညာ မြင့်မားတဲ့ ခေတ်မီလူ့စွမ်းအားအရင်းအမြစ်တွေ ကြွယ်ဝလာပြီး မိမိ တို့ရဲ့ နိုင်ငံဟာလည်း တိုးတက်ပြည့်စုံလာမှာ ဖြစ်ပါတယ်။ စာပေအနုပညာကဏ္ဍအသီးသီးက ပညာရှင်တွေအနေနဲ့ မိမိတို့ရဲ့ အနုပညာကို အရည်အသွေးမြင့်မားစွာနဲ့ လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်အောင် နိုင်ငံတော်ကလည်း တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးလျက် ရှိပါတယ်။ မိမိ တို့ရဲ့ ဖန်တီးမှုလက်ရာကို ကာကွယ်စောင့်ရှောက်နိုင်မယ့် စာပေအနုပညာ မူပိုင်ခွင့်ဥပဒေကိုလည်း ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ဉာဏပစ္စည်းမူပိုင်ခွင့်တွေကို စနစ် တကျ ကာကွယ်စောင့်ရှောက်နိုင်ခြင်းဟာ နိုင်ငံရဲ့ လူမှု စီးပွားဘဝဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှု တိုးတက်ထွန်းကား ရေးကိုပါ အထောက်အကူပြုမှာဖြစ်ပါတယ်” လို့ ဉာဏ ပစ္စည်းမူပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးများကို ထည့်သွင်းပြောကြားသွား ပါတယ်။ စာပေအနုပညာ ဖန်တီးသူတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေသမျှ ကာလတစ်လျှောက်လုံး တန်ဖိုးရှိတဲ့ မူလ လက်ရာ ထုတ်လုပ်နိုင်မှု စွမ်းရည်တွေကလည်း ကျဆင်း လာမှာ ဖြစ်ပါတယ်။ နေ့စဉ်လူမှုဘဝမှာ စာပေအနုပညာ လက်ရာတစ်ခုခုကို အသုံးပြုမှု မှန်သမျှဟာ သူတစ်ပါး၏ ဖန်တီးမှုကို အလေးထားတတ်သော၊ ကိုးကားဖော်ပြမှုတိုင်း တွင် ကျင့်ဝတ်လိုက်နာတတ်သော၊ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ သီးသန့်အခွင့်အရေးကို အလေးထားတတ်သော လူ့အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာ စီးပွားဖြစ် အသုံးချမှုမှန်သမျှ စီးပွားရေးဆိုင်ရာ သီးသန့် အခွင့်အရေးများကို ဂရုပြုလိုက်နာရန်လိုသလို တစ်ဖက်က ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးကို မချိုး ဖောက်မိအောင် အားလုံးသတိပြုမိစေဖို့ ရည်ရွယ်ရေးသား လိုက်ရပါတယ်။ ။

ကိုးကား - စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉)