“ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဟူ၍ ပညာပေးလှုံ့ဆော် လျက်ရှိရာ နေ့စဉ်ပုံမှန်အားကစားလှုပ်ရှားမှုတစ်ခုခုကို အချိန် အနည်းငယ်ပေးပြီး ပြုလုပ်ခြင်းအားဖြင့် အကျိုးရလဒ်ကြီးမားစွာ ရရှိနိုင်ကြစေရန်ပင်ဖြစ်သည်။ တစ်နေ့လျှင် နာရီဝက်နှုန်းဖြင့် တစ်ပတ်လျှင် ငါးရက် ချွေးထွက်မောပန်းပြီး နှလုံးခုန်နှုန်း မြန်လာ သည်အထိ အားကစားလှုပ်ရှားမှု ပြုလုပ်ကြခြင်းဖြင့် အသက်ကြီး လာချိန်တွင် ကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ကာ ဇရာကို နှေးကွေးသွားစေမည်ဖြစ်သည်။
လူတို့၏ကိုယ်ခံစွမ်းအားသည် အသက် ၂၀ အရွယ်သို့ ရောက်ပြီးနောက်တွင် ဆက်၍ တက်မလာတော့ဘဲ တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအတွင်း တဖြည်းဖြည်း ကျဆင်းသွား ရာမှ အသက်ကြီးလာချိန်တွင် ကိုယ်ခံစွမ်းအားများစွာ ကျဆင်းမှု နှင့်အတူ ပြင်ပမှ ရောဂါမျိုးစုံ ဝင်ရောက်လာခြင်းကို ခံကြရသည်။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန် ပြုလုပ်နေသူများတွင်မူ အသက် ၆၀ ကျော် အရွယ်များ၌ပင် ကိုယ်ခံစွမ်းအားသည် အသက် ၂၀ အရွယ် လူငယ်များအတိုင်းပင် ရှိနေကြောင်း လေ့လာတွေ့ရှိရသည်ဟု ကျန်းမာရေးသုတေသီ တို့က ပြောသည်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း အစရှိသည့် ကြွက်သားများကို အသုံးပြုလှုပ်ရှားရသည့် လေ့ကျင့်ခန်းများကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို ရရှိစေပြီး ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ကျန်းမာကြံ့ခိုင်စေသည်။ ရုပ်ပိုင်း ဆိုင်ရာ အကျိုးကျေးဇူးများအဖြစ် ကိုယ်အလေးချိန် လျော့ကျစေ ခြင်း၊ ကြွက်သားနှင့်အရိုးများ သန်မာတောင့်တင်းစေခြင်း၊ နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေခြင်း၊ အသားအရေ ကောင်းမွန်စေခြင်း၊ ကောင်းစွာ အိပ်စက်နိုင်စေခြင်း၊ နာကျင်မှု သက်သာစေခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာ အကျိုး ကျေးဇူးအဖြစ် စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ကျခြင်းတို့ကို သက်သာစေသည်။ အင်ဒေါ်ဖင်ဟိုမုန်း ပိုမိုထွက်လာခြင်းကြောင့် အကောင်မြင်ခံစားချက်ကို တိုးတက်လာစေပြီး နာကျင်မှုတို့ကို သက်သာစေသည်ဟု ဆိုသည်။ လေ့လာတွေ့ရှိချက်များအရ ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန်ပြုလုပ်ခြင်းဖြင့် ရင်သား ကင်ဆာကြောင့် သေဆုံးရမှုတွင် ၅၀ ရာခိုင်နှုန်း၊ အူမကြီးကင်ဆာ ဖြစ်ပွားမှု ၆၀ ရာခိုင်နှုန်း၊ အယ်ဇိုင်းမားရောဂါ ၄၀ ရာခိုင်နှုန်း၊ ဆီးချိုရောဂါ ၅၈ ရာခိုင်နှုန်း၊ နှလုံးသွေးကြောနှင့် သွေးတိုးလေဖြတ် ရောဂါ ၂၇ ရာခိုင်နှုန်းတို့ကို လျှော့ချပေးနိုင်သည်ဟု ဆိုသည်။
ကိုယ်လက်လှုပ်ရှားအားကစားကို မိမိအသက်အရွယ်နှင့် ကိုက်ညီသည့် လေ့ကျင့်ခန်းကို ရွေးချယ်၍ ပုံမှန်ပြုလုပ်ရန်ဖြစ် သည့်အတွက် လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး၊ ခြင်းလုံး၊ ဘောလုံး၊ ကြက်တောင်၊ ဘော်လီဘော၊ တင်းနစ်၊ အေရိုးဗစ်၊ ဇမ်ဘာ စသည့် စသည့် အားကစားမျိုးများ၊ အလေးမ၊ ဒိုက်ထိုး၊ ဘားလွှဲ၊ ထိုင်ထ စသော ကြွက်သားသန်မာစေသည့် အားကစားမျိုးများ၊ ထိုက်ကျိနှင့် ယောဂကဲ့သို့သော ခန္ဓာကိုယ် ဟန်ချက်ထိန်းသိမ်းသည့် အားကစားမျိုးတို့ကို ပုံမှန်ပြုလုပ်ခြင်း အားဖြင့် ကျန်းမာသုခ ရရှိနိုင်ကြမည်ဖြစ်သည်။
ကိုယ်လက်လှုပ်ရှားအားကစားကို လုံးဝမပြုလုပ်သူများနှင့် နှိုင်းယှဉ်ပါက နေ့စဉ် တစ်မိနစ်မျှ ပြုလုပ်ခြင်းသည်ပင်လျှင် အကျိုးထူးသည်ဟု ဆိုထားသည်။ အားကစားမှန်မှန်လုပ်သူများ တွင် နာတာရှည်ရောဂါများဖြစ်သည့် နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ သွေးချို ဆီးချို၊ ကင်ဆာ၊ အဆစ်အမျက်ရောင်ရောဂါ၊ သွေးတွင်းအဆီဓာတ်များ၊ သွေးကြောတွင်း သွေးခဲပိတ် စသည့် ရောဂါများကို ကာကွယ်နိုင်မည်ဖြစ်ပြီး ကျန်းမာပျော်ရွှင်သည့် ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ရာ ဒီဇင်ဘာအားကစားလမှအစပြု၍ ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ် မှန်မှန်ပြုလုပ်နိုင်ကြရေး တိုက်တွန်းအားပေးအပ်ပါကြောင်း။ ။