ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ( ရှုပ်ထွေးလာသည့် ရုရှား - ယူကရိန်း စစ်ပွဲ)

Type
7

 

ကိုကိုလှိုင်

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲမှာ   ယခုအခါ  နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။    ထိုကာလအတွင်း  စစ်ပွဲ ရေချိန်မှာလည်း   အနိမ့်အမြင့်၊   အတက်အကျ၊ အပြောင်းအလဲ  များစွာရှိခဲ့လေသည်။ ၂၀၂၄ ခုနှစ် အတွင်း   ဝင်ရောက်လာသောအခါ၌မူ  ရေရှည်၌ ခံနိုင်ရည်ရှိသူက  အကဲသာစမြဲ ဖြစ်သည့်အတိုင်း ရုရှားဘက်မှ အသာစီးရလာခဲ့သည်။ ဒနီပရိုမြစ်၏ အရှေ့ဘက်ကမ်းမှ   ရုရှားနွယ်ဖွားဒေသများကို သိမ်းသွင်းထားနိုင်ခဲ့သော ရုရှားနိုင်ငံသည် ပထမ ကမ္ဘာစစ်ပုံစံ   ခံစစ်တူးမြောင်းများဖြင့်   ခံစစ်သေ ဆင်နွှဲနေရာမှ GPS ပဲ့ထိန်းစနစ်တပ် ဧရာမပေါက်ကွဲ အားပြင်း ဗုံးကြီးများ၊ စစ်သည်တစ်ဦးချင်း ထိန်းချုပ် သည့်   အသေခံ   FPV  ဒရုန်းဗုံးများကို  တွင်တွင် ကျယ်ကျယ်အသုံးပြုကာ    ယူကရိန်းတပ်များကို အထိနာအောင် တိုက်ခိုက်၍ ရှေ့သို့တိုးကာ ထိုးစစ် ဆင်လာနိုင်ခဲ့သည်။ ထိုကာလတွင် အမေရိကန်နိုင်ငံ မှ ယူကရိန်းကိုပေးအပ်မည့် အကူအညီများမှာလည်း နိုင်ငံရေးအဟန့်အတားများကြောင့် မရောက်လာ နိုင်သေးသည့်  အချိန်ဖြစ်၍  ယူကရိန်းတို့ များစွာ အကျပ်အတည်း ဆိုက်ခဲ့ရသည်။ ကမ္ဘာတစ်ဝန်းမှ လေ့လာသူများကလည်း ယူကရိန်း၏ နောက်ဆုံးနေ့ များမှာ    မဝေးတော့ပြီဟု   ခန့်မှန်းခဲ့ကြသည်။  ယူကရိန်းသမ္မတ   ဇဲလန်းစကီးကိုယ်တိုင်ပင်လျှင် G7အစည်းအဝေး၊ စင်ကာပူရှန်ဂရီလာ ကာကွယ်ရေး နှီးနှောဖလှယ်ပွဲ စသည့်နိုင်ငံတကာအစည်းအဝေး များသို့ သွားရောက်ကာ နိုင်ငံတကာအကူအညီများ ရှာဖွေခဲ့ရသလို     ယူကရိန်းငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို  အပြေး အလွှား   စီစဉ်ခဲ့သော်လည်း   တရုတ်၊  အိန္ဒိယနှင့် နိုင်ငံကြီးအများအပြားက တက်ရောက်ရန် စိတ်ဝင် စားခဲ့ခြင်းမရှိသဖြင့် မအောင်မြင်ခဲ့ပေ။
ဤသို့   ယူကရိန်းတို့  အခြေယိုင်နဲ့နေချိန်တွင် ဩဂုတ်လ ၆ ရက်နေ့က ယူကရိန်း တင့်နှင့် သံချပ် ကာတပ်ဖွဲ့များ ရုရှားနယ်စပ်မျဉ်းကို ဖြတ်ကျော်၍ မမျှော်လင့်ဘဲ   ရုရှားနိုင်ငံ  ကတ်စ်ဒေသအတွင်း  ဝင်ရောက်ကာ နယ်မြေအနည်းငယ်ကို သိမ်းပိုက် လိုက်သောအခါ    တစ်ကမ္ဘာလုံးအတွက်  အံ့အား သင့်ဖွယ် ဖြစ်ခဲ့ရသည်။   ယူကရိန်းတို့က  နယ်မြေ သိမ်းပိုက်နိုင်ရုံမျှမက   အငိုက်မိကာ   ကြက်သေ သေသွားကြသော     ရုရှားတပ်ဖွဲ့ဝင်အချို့ကိုပင် အရှင်ဖမ်းကာ ဗီဒီယိုရိုက်ကူး၍ ထုတ်လွှင့်ပြသလိုက် သောအခါ အနောက်မီဒီယာအများအပြားက “ကိုးလိ ယက် လူ့ဘီလူးကြီး” ရုရှားကို “နွားကျောင်းသား ဒေဗစ်” ယူကရိန်းက လေးခွဖြင့်ထု၍  အနိုင်ယူလိုက် လေပြီဟု သောင်းသောင်းဖြဖြ  ဩဘာပေးခဲ့ကြသည်။
အမှန်တကယ်တွင်မူ  ယူကရိန်းတပ်ဖွဲ့များက ရုရှားနိုင်ငံအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်သော အကွာအဝေးမှာ မိုင် ၂၀ ခန့်သာဖြစ်ပြီး စုစုပေါင်း သိမ်းပိုက်ထားနိုင်သောနယ်မြေမှာလည်း စတုရန်း ကီလိုမီတာ ၁၂၅၀ (စတုရန်းမိုင်  ၄၈၀  ခန့်)သာ ဖြစ်၏။   ရုရှားနိုင်ငံတစ်ခုလုံး၏  ဧရိယာ စတုရန်း ကီလိုမီတာ  ၁၇  သန်းနှင့်ဆိုပါက ၀ ဒသမ ၀၀၇၃ ရာခိုင်နှုန်းမျှသာရှိ၏။ သို့သော်လည်း ထိုသို့ စာမဖွဲ့ လောက်သော သိမ်းပိုက်မှုသည်ပင်လျှင် ကမ္ဘာ့နိုင်ငံ ရေး၌   အဓိပ္ပာယ်များစွာ   ဖော်ဆောင်နေသော ကိစ္စတစ်ရပ်ဖြစ်လာသည်။
ပထမဦးစွာ    စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ရပ်မှာ ရုရှားနှင့် နှိုင်းစာလျှင် စစ်အင်အား အဆမတန် ကွာဟနေပါလျက်၊ ဒနီပရိုမြစ်ကြောင်း တစ်လျှောက် ရှည်လျားသော စစ်မျက်နှာတွင်လည်း အရေးမလှ    ဖြစ်နေပါလျက်  အဘယ်ကြောင့် ယူကရိန်းက အရဲကိုးကာ အလျော်အစားကြီးမား လှသည့်  တန်ပြန်တိုက်စစ်ကို  ဆင်နွှဲရပါသနည်း ဟူသော မေးခွန်းဖြစ်၏။  
ယူကရိန်းသမ္မတ ဇဲလန်းစကီးက ကတ်စ်ဒေသမှ နေ၍   ရုရှားအမြောက်များက  ယူကရိန်းဘက်သို့ အဆက်မပြတ်    ပစ်ခတ်နေသောကြောင့်   (မိမိ ကိုယ်ကိုယ် ကာကွယ်သည့်သဘောဖြင့်) ဝင်ရောက် ထိုးဖောက် တိုက်ခိုက်ရပါသည်ဟု ပထမပိုင်းတွင် ပြောကြားခဲ့၏။ နောက်ပိုင်းတွင်မူ ရုရှားပိုင်နယ်တွင် ကြားခံနယ်မြေတစ်ခု တည်ထောင်လိုသောကြောင့် ဝင်ရောက်သိမ်းပိုက်ခဲ့ရသည် ဆိုသည်။
ရုရှားသမ္မတ   ပူတင်ကမူ   ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်      တန်းတူရည်တူ အပေးအယူပြုလုပ်နိုင်ရန်အတွက်  နယ်မြေအလဲ အထပ်လုပ်နိုင်မည့် သိမ်းပိုက်နယ်မြေတစ်ခု ဖန်တီး ရယူလိုခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုကဲ့သို့ နှစ်ဖက်ခေါင်းဆောင်များ ဖော်ထုတ် လာသည့် အချက်အားလုံးမှာ သူ့ဘက်ကိုယ့်ဘက် အမြင်အရ မှန်ကန်နေကြသည်ဟု ဆိုနိုင်သော်လည်း နောက်ကွယ်၌ ပိုမိုနက်ရှိုင်းသော အကြောင်းရင်းများ ရှိနိုင်သည်ဟု မှန်းဆမိပါသည်။
ထင်သာမြင်သာရှိသော ပထမအကြောင်းရင်း မှာ ယူကရိန်းသမ္မတ ဇဲလန်းစကီးအတွက် သူစတင် ခဲ့သော ဇာတ်လမ်းကို  ဆုံးခန်းတိုင် ကနိုင်ရန်မှာ ပြည်သူလူထု၏ စစ်ပွဲအပေါ် ထောက်ခံမှု၊ သူ့အပေါ် ထောက်ခံမှု မြှင့်တင်ပေးရန် အရေးတကြီး လိုအပ် လာမှုဖြစ်၏။ ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ် စစ်ပွဲအစတွင် အင်အားအလုံးအရင်းဖြင့်    ထိုးစစ်ဆင်လာချိန်၌ အနောက်အင်အားကြီးနိုင်ငံများက  ဇဲလန်းစကီးကို အင်အားမမျှသည့်အတွက်        နိုင်ငံမှ   ထွက်ခွာ ရှောင်တိမ်းကာ ဥရောပတွင် အဝေးရောက် အစိုးရ ဖွဲ့ရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် ဇဲလန်းစကီးက ခေါင်းမာစွာ    ဆန့်ကျင်ရပ်တည်ကာ  ယူကရိန်းမှ လုံးဝထွက်ခွာ         အရှုံးပေးမည်မဟုတ်ကြောင်း ရဲရဲတောက်ကြေညာခဲ့သည်။ ယူကရိန်းပြည်သူ ၉၀ ရာခိုင်နှုန်းကလည်း မျိုးချစ်စိတ်ဖြင့် ဇဲလန်းစကီးကို အပြည့်အဝထောက်ခံခဲ့ကြပြီး       စစ်သုံးတီရှပ် လက်တိုကို ဝတ်ဆင်၍  စစ်ပွဲကို ကွပ်ကဲနေသော ဇဲလန်းစကီး၏စတိုင်မှာ   ကမ္ဘာသိအမှတ်တံဆိပ် တစ်ခုသဖွယ် ဖြစ်ခဲ့ရသည်။
စစ်ပွဲကာလကြာရှည်၍ စစ်အီစစ်ပန်းလာသော အခါ   ယူကရိန်းပြည်သူလူထု၏  သဘောထားမှာ လည်း ပြောင်း၍လာခဲ့သည်။ ယခုအခါ ဇဲလန်းစကီး ကို အပြည့်အဝထောက်ခံသူမှာ ၂၂ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။   ယူကရိန်းပြည်သူအများစုက အသက်အိုးအိမ်ပိုင်ဆိုင်မှုများ စစ်ကြောင့် ပျက်စီး ရမှု၊ မိသားစုများ သေကွဲ သို့မဟုတ် ရှင်ကွဲ ကွဲရမှုတို့ ကြုံရဖန်များလာသောအခါ၊ နိုင်ပွဲထက် ရှုံးနိမ့်ရမှုများ က များလာသောအခါ မျှော်လင့်ချက်တို့ မှေးမှိန်လာ ကာ “ဆုံးရှုံးထားသောနယ်မြေအားလုံး ပြန်မရမချင်း စစ်ဆက်တိုက်မည်”ဟု   ကြွေးကြော်ထားသော ဇဲလန်းစကီးအပေါ်   ထောက်ခံမှု  သိသိသာသာ ကျဆင်းသွားခဲ့သည်။ ယူကရိန်း တပ်မတော်အတွင်း ၌လည်း လူ၊ လက်နက်ပစ္စည်းများ ထည့်မလောက်၊ ဖြည့်မလောက် အဆုံးအရှုံးများနေသောအခါ တိုက်ပွဲ ဝင်စိတ်ဓာတ်များ ပျက်ပြားလာနေသည်။ ဇဲလန်း စကီး၏  သမ္မတသက်တမ်းမှာလည်း ၂၀၂၄ ခုနှစ် မေလတွင်ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် စစ်ပွဲကာလတွင် ရွေးကောက်ပွဲအသစ် မကျင်းပဘဲ သမ္မတဆက်လုပ်နေရခြင်း  ဖြစ်သည်။  ထို့ကြောင့် ပြည်သူလူထု၏ထောက်ခံမှုနှင့် တစ်နိုင်ငံ လုံး စိတ်ဓာတ်ပြန်လည် မြှင့်တင်နိုင်မှုတို့အတွက် သေးငယ်သော  ကန့်သတ်အောင်မြင်မှုဖြစ်စေ  အောင်ပွဲတစ်ခုကိုတော့ မဖြစ်မနေရယူရန် အခြေအနေ က တွန်းအားပေးနေခြင်း ဖြစ်လေသည်။ 
အနောက်အုပ်စုနိုင်ငံများက လက်နက်ခဲယမ်းနှင့် ငွေကြေးမှအစ ကူညီထောက်ပံ့နေရခြင်းဖြစ်
ထိုသို့  ပြည်တွင်းနိုင်ငံရေး  အကြောင်းတရား အပြင် ယူကရိန်းအတွက် ပြည်ပအကြောင်းတရား ကလည်း    အရေးပါသည်။    ယူကရိန်းတို့၏ စစ်ဆက်တိုက်နိုင်စေရန် အနောက်အုပ်စုနိုင်ငံများက လက်နက်ခဲယမ်းနှင့် ငွေကြေးမှအစ ကူညီထောက်ပံ့ နေရခြင်းဖြစ်ပြီး     အဓိကအားဖြင့်   ကမ္ဘာ့မဟာ အင်အားကြီး အမေရိကန်၏ ထောက်ပံ့အားပေးမှုက အရေးအပါဆုံးဖြစ်သည်။ သို့ဖြစ်ရာ အမေရိကန် တို့၏ ထောက်ပံ့အားပေးမှု ရပ်ဆိုင်းမသွားစေရန်မှာ ယူကရိန်းအတွက်     အသက်တမျှ အရေးကြီးသော အကျိုးစီးပွားဖြစ်လာသည်။
ပြဿနာမှာ လာမည့် နိုဝင်ဘာလ၌ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရီပတ်ဘလစ် ကန်ပါတီမှ ဒေါ်နယ်ထရမ့်သာနိုင်ပါက ယူကရိန်းကို ထောက်ပံ့မှုများ  ရပ်ဆိုင်းပစ်မည်ဟု  ကြွေးကြော် ထားခြင်းဖြစ်၏။   ထို့ကြောင့်  ယူကရိန်းစစ်ပွဲကို ဆက်လက်ထောက်ခံအားပေးမည့် ဒီမိုကရက်ပါတီ အနိုင်ရရှိရေးမှာလည်း ယူကရိန်းအတွက် မဖြစ်မနေ လိုအပ်လာပြန်သည်။ ဤတွင် နောက်ထပ်ပြဿနာ တစ်ခုမှာ ဒီမိုကရက်ဘက်မှ လက်ရှိသမ္မတ ဘိုင်ဒင် သည်   ဇူလိုင်လ  စကားစစ်ထိုးပွဲ၌  အခြေမလှ ဖြစ်သွားခဲ့မှုနှင့် မရှေးမနှောင်း၌ ရီပတ်ဘလစ်ကန် ဘက်မှ    သမ္မတလောင်းထရမ့်  လုပ်ကြံခံရမှုမှ သီသီကလေး   လွတ်မြောက်ခဲ့ပြီး  လူထုထောက်ခံမှု တစ်ဟုန်ထိုး တက်သွားမှုတို့  တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာခြင်းဖြစ်လေသည်။   ဤတွင်    ဒီမို ကရက်တစ် ကြိုးကိုင်များက ဘိုင်ဒင်ကို   ဇူလိုင်လ နှောင်းပိုင်း၌    ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ   အတင်း အကျပ်    ဖိအားပေးထွက်ခွာစေခဲ့ပြီး   ယင်းအစား ဒုတိယသမ္မတ ကာမလာဟဲရစ်ကို ရွေးချယ်လျာထား ခဲ့သည်။ နောက်တစ်ဖန် စိန်ခေါ်မှုတစ်ခုမှာ ဒုတိယ သမ္မတ ကာမလာဟဲရစ်အနေဖြင့် ဥပဒေပညာရှင် ဖြစ်၍ တရားဥပဒေဆိုင်ရာ ကျွမ်းကျင်သော်လည်း နိုင်ငံရေးနှင့်         နိုင်ငံတကာရေးရာကိစ္စများ၌ ကျွမ်းကျင်မှု လိုအပ်နေသေးသည်ဟု လူအများက ရှုမြင်နေကြခြင်းဖြစ်၏။ ထို့ကြောင့် ကာမလာဟဲရစ် ကို ရွေးကောက်ပွဲစင်မြင့်ထက်တွင် ဆွဲတင်ပေးနိုင် ရန်  ဒီမိုကရက်တို့ဘက်မှ အခြေအနေကောင်းများကို ဖန်တီးပေးရန်    လိုအပ်လာပြန်သည်။  ဤတွင် ဒီမိုကရက်တစ်တို့၏ အရေးပါသော နိုင်ငံရေးမူဝါဒ သဘောထားဖြစ်သည့်  ယူကရိန်းတို့  ခြေကုပ်ရစ ပြုချိန်၌ အမေရိကန်တွင် ဒီမိုကရက် ပြည်လုံးကျွတ်
ညီလာခံ၌   ကာမလာဟဲရစ်ကို   သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့က        ချီးမွမ်းထောမနာပြုကာ ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် စင်တင်ပေး နေခြင်းမှာ   ရှေ့ထွက်မင်းသမီးကို  ခေါင်းဆောင် မင်းသမီးအဖြစ် ပွဲထုတ်နိုင်ရန်  သမ္ဘာရင့် မင်းသမီး၊ လူရွှင်တော်ကြီးများက ပရိသတ်အား မိတ်ဆက်ပေး နေခြင်းနှင့် တူလှသည်။   မည်သို့ပင်ဖြစ်စေ  ရုရှား-ယူကရိန်းစစ်ပွဲအခြေအနေကောင်းလျှင် ဒီမိုကရက် ပါတီလည်း  ရွေးကောက်ပွဲ၌  အခြေအနေကောင်း မည်။  ဒီမိုကရက်ပါတီ  အမေရိကန်ရွေးကောက်ပွဲ နိုင်မှလည်း     ဇဲလန်းစကီးက    ယူကရိန်းစစ်ပွဲကို ရှေ့ဆက်တိုက်နိုင်မည်။ ဤသို့လျှင် အပြန်အလှန် မှီခိုလျက်ရှိကြသည်။
ဤသို့ဖြင့် အမေရိကန်က ယူကရိန်းကို ဒေါ်လာ ဘီလီယံ  ၆၀   ထောက်ပံ့ကူညီရန်  ဧပြီလတွင် လွှတ်တော်က   သဘောတူခဲ့ပြီးနောက်  ပထမဆုံး အသုတ်အဖြစ် အက်ဖ် ၁၆ တိုက်လေယာဉ်များနှင့် အခြားလက်နက်ခဲယမ်းများ ယူကရိန်းသို့ ရောက်ရှိ လာချိန်တွင် တန်ပြန်တိုက်စစ် စတင်ခဲ့ခြင်းဖြစ်သည်။ ဤလက်နက်ခဲယမ်းပစ္စည်းများသည် စစ်ပွဲအတွက် အလှည့်အပြောင်းဖြစ်နိုင်မည်လောဟု စဉ်းစားဖွယ် ဖြစ်လာပြန်သည်။     ယေဘုယျအားဖြင့်    သုံးသပ် ကြည့်ပါမူ ရုရှားနိုင်ငံက ယူကရိန်းစစ်မျက်နှာ၌ပင် ကြည်းတပ်အင်အား၌  ယူကရိန်းထက်  နှစ်ဆသာ သည်။ လေတပ်အင်အား၌ ဆယ်ဆသာသည်။  တင့် နှင့် သံချပ်ကာ အင်အား၌ ငါးဆသာသည်။ အဏုမြူ မဟာဗျူဟာလက်နက်အင်အား၌ လုံးလုံးလျားလျား သာသည်။  ထို့ကြောင့် မည်သို့ပင် တွက်စေကာမူ ယူကရိန်းဘက်က အခြေမလှနိုင်ဟူသော အဖြေက ထွက်နေမည်ဖြစ်၏။
သို့ရာတွင် ဤသေးငယ်သော နေရာကလေး သည်ပင် ဂရိဒဏ္ဍာရီမှ လူစွမ်းကောင်း အာခိလီစ်၏ ခြေဖနောင့်ကဲ့သို့ အထိမခံနိုင်သော မြှုပ်ကွက်များ ရှိနေလေသလောဟု  ဆန်းစစ်ကြည့်ပါက  စိတ်ဝင် စားဖွယ် အချက်အချို့ကို တွေ့ရနိုင်ပေသည်။   
ပထမအချက်မှာ   စစ်ရေးနှင့်  ပတ်သက်သည်။   ကတ်စ်ဒေသသည် ရုရှားနိုင်ငံ၏ မြို့တော် မော်စကို မှ မိုင် ၃၀၀ ကျော်မျှသာ ကွာဝေးသည်။   အမေရိကန် နှင့်   မဟာမိတ်တို့က လောလောလတ်လတ် ပေးပို့ ခဲ့သော အက်ဖ် ၁၆ တိုက်လေယာဉ်တွင် တပ်ဆင် နိုင်ဖွယ်ရှိသည့်    JASSM  ပဲ့ထိန်းတပ်  ဝေဟင်မှ မြေပြင်ပစ်ဒုံးပျံသည်   ပေါင်  ၁၀၀၀  ထိပ်ဖူးကို သယ်ဆောင်ပြီး မိုင် ၃၃၀ အထိ ပစ်ခတ်နိုင်စွမ်းရှိရာ ကတ်စ်ဒေသ   ဝေဟင်ပေါ်မှနေ၍    မော်စကိုအထိ ရောက်ရှိအောင်    ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း   ရှိလာ မည်ဖြစ်သည်။
ဒုတိယအချက်မှာ      ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်သည်။   ယူကရိန်းတို့ သိမ်းပိုက်ခဲ့သည့် နယ်မြေတွင်   ရုရှားမှ  ယူကရိန်းနိုင်ငံကို  ဖြတ်၍ ဩစတြီးယားနှင့်        အရှေ့ဥရောပနိုင်ငံများသို့ ဓာတ်ငွေ့တင်ပို့သည့်ပိုက်လိုင်းမှ ဓာတ်ငွေ့ပို့လွှတ်မှု ပမာဏတိုင်းတာသည့် စခန်းရှိသည်။  ထိုစခန်းမှာ ရေနံနှင့်     ဓာတ်ငွေ့တင်ပို့မှုမှ    ရသည့်ဝင်ငွေကို အားပြုနေရသည့် ရုရှားစီးပွားရေးအတွက် အရေးပါ ပြီး ယခုသော် ယူကရိန်းတို့က တိုက်ခိုက်ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သည်။
တတိယအချက်မှာ    အဏုမြူဓာတ်အားပေး စက်ရုံများတွင်ဖြစ်သည်။   ယူကရိန်း သိမ်းပိုက် နယ်မြေနှင့်    မလှမ်းမကမ်းတွင်   ရုရှားနိုင်ငံ၌ အကြီးဆုံး      နျူကလီးယားဓာတ်အားပေးစက်ရုံ ရှိနေရာ  ထိုစက်ရုံကို  ယူကရိန်းတို့က အချိန်မရွေး ဒုက္ခပေးနိုင်သည်။ ထိုစက်ရုံ၌ နျူကလီးယားယိုစိမ့်မှု ဖြစ်ခဲ့လျှင် အနီးပတ်ဝန်းကျင်တစ်ဝိုက် ရေဒီယိုသတ္တိ ကြွမှု အဆိပ်သင့်၍ လူသတ္တဝါနှင့် သဘာဝပတ်ဝန်း ကျင်ပါ ဒုက္ခများကာ ချာနိုဘိုင်းကပ်ဘေးသဖွယ် ဖြစ်သွားနိုင်သည်။    များမကြာမီကပင်  ဒနီပရို မြစ်ကမ်းရှိ ရုရှားသိမ်းပိုက်နယ်မြေမှ ဇာပိုရစ်ဇီးယား မြို့ရှိ နျူကလီးယားစက်ရုံ၏ အအေးခံတာဝါတစ်ခု ကို ယူကရိန်းတို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ပြဿနာဖြစ်စပြုနေသည်။ သို့ဖြစ်ရာ ဤကိစ္စမှာ ရုရှားအတွက် အထူးသတိထားရမည့် နျူကလီးယား အကျပ်ကိုင်မှု၊    Nuclear   Blackmail   ဖြစ်လာ နိုင်ခြေရှိနေသည်။
နှစ်ဖက်စစ်ရေးတင်းမာမှုများမှာ တိုးမြင့်သည်ထက် တိုးမြင့်လာ
သို့ဖြစ်ရာ    ပူတင်အနေဖြင့်   ကတ်စ်ဒေသ တန်ပြန်ထိုးစစ်ကို    အတန်ပင်  စဉ်းစားချိန်ဆ နေရဟန်ရှိသည်။    သို့ရာတွင်  အခြားတစ်ဖက်မှ ဖိအားပေးသည့်အနေဖြင့်  ဒွန်နက်စ်ဒေသမှ  ရုရှား တပ်ဖွဲ့များကို ရှေ့တိုးချီတက်၍ ယူကရိန်းစခန်းများ အား တိုက်ခိုက်သိမ်းပိုက်စေခဲ့သလို ကိဗ်မြို့တော်ကို လည်း ဒုံးပျံများဖြင့် အပြင်းအထန် ပစ်ခတ်စေခဲ့ သည်။   ယူကရိန်းဘက်ကလည်း  ဒရုန်းများကို အုပ်လိုက်အသုံးပြုကာ   မော်စကိုတစ်ဝိုက်အထိ သွားရောက်တိုက်ခိုက်စေခြင်းများ တွေ့ရသကဲ့သို့ ရုရှားတောင်ပိုင်း ကရိုင်းမီးယားကျွန်းဆွယ်အနီးရှိ ကရာစနိုဒါဆိပ်ကမ်းတွင် လောင်စာဆီတင် ကူးတို့ သင်္ဘောတစ်စင်းကို   ဒုံးပျံဖြင့်  ပစ်ခတ်ဖျက်ဆီးမှု စသည်ဖြင့် ရုရှားနယ်မြေအတွင်းပိုင်းသို့ ဦးတည် တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်ကို တွေ့မြင်လာ ရသည်။ ဤသို့ဖြင့် နှစ်ဖက်စစ်ရေးတင်းမာမှုများမှာ တိုးမြင့်သည်ထက် တိုးမြင့်လာသည်ကို တွေ့မြင်ရ သည်။
ထိုသို့ တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ နိုင်ငံငယ်ကလေးဖြစ်သော      ယူကရိန်းအတွက် မဟာဗျူဟာ ကျောထောက်နောက်ခံ ပိုမိုလိုအပ်လာ သည်။   အနီးကပ်ဆုံး   ကျောထောက်နောက်ခံမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများပါဝင်သော နေတိုး စစ်စာချုပ်အဖွဲ့ဖြစ်သည်။     ဇူလိုင်လဆန်းပိုင်းက ကျင်းပခဲ့သော  နေတိုးထိပ်သီးအစည်းအဝေးတွင် ယူကရိန်းကို        အဖွဲ့ဝင်အဖြစ်     လက်ခံမည့် ကတိကဝတ်ကို   ပေးခဲ့သည်။   သို့သော်  ရုရှားနှင့် ဖြစ်ပွားနေသည့်           စစ်ပွဲပြီးသည့်အချိန်ကျမှ ဝင်ရောက်ခွင့်ပြုမည်ဟုဆိုသည်။   ဆိုလိုသည်မှာ ယခုအချိန်    ယူကရိန်းကို    နေတိုးအဖွဲ့တွင်းသို့ ဝင်ခွင့်ပြုလိုက်လျှင် နေတိုးစာချုပ် ပုဒ်မ ၅ အရ ၃၂ နိုင်ငံ ပါဝင်သော နေတိုးအဖွဲ့နှင့် ရုရှားတို့ တရားဝင် စစ်ပွဲဆင်နွှဲကြကာ ကမ္ဘာစစ် အမှန်တကယ် ဖြစ်ပွား ရလိမ့်မည်ဖြစ်သည်။ မည်သည့်နေတိုးနိုင်ငံကမျှ နျူကလီးယားလက်နက်ပိုင်ရှင် ရုရှားနှင့် စစ်မဖြစ် ပွားလိုကြပေ။
ထို့ကြောင့်    ယူကရိန်းစစ်ပွဲတွင်  တိုက်ရိုက် ပါဝင်မှုအစား အခြားနည်းလမ်းများဖြင့် ပါဝင်ကူညီ ကြသည်။  လက်နက်ခဲယမ်းများ  ထောက်ပံ့သည်။ စစ်သင်တန်းများပေးသည်။      ထောက်လှမ်းရေး သတင်းများပေးသည်။   ယူကရိန်းတွင်  နေတိုး ကိုယ်စားလှယ်ရုံး   ထူထောင်၍  စစ်ရေးစီမံမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများကို   ဆောင်ရွက်ပေးသည်။ ထရမ့်   သမ္မတဖြစ်လာစေဦးတော့  ယူကရိန်းတို့ ငွေကြေးမပြတ်လပ်စေရန်     ရုရှားဘဏ်အပ်ငွေ သိမ်းဆည်းထားသည့် ယူရို   ဘီလီယံ  ၃၀၀  ကို အပေါင်ထား၍ ယူကရိန်းကို ရေရှည်ချေးငွေ ယူရို ဘီလီယံ ၁၀၀ ထုတ်ပေးနိုင်ရေးလည်း လုံးပန်းနေ ကြသည်။
သို့ရာတွင် အမှန်တကယ်လက်တွေ့၌ နေတိုး နိုင်ငံများ   အားလုံးလိုလိုက  ယူကရိန်းစစ်တွင် နက်နက်ရှိုင်းရှိုင်း ပါဝင်လိုမှုမရှိသကဲ့သို့ မိမိအိတ်က စိုက်၍ ထိထိရောက်ရောက် ကူညီပေးဖွယ်လည်း မရှိပေ။    အဘယ်ကြောင့်ဆိုသော်   ယင်းတို့၏ ပြည်တွင်းနိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေသည့် ပြဿနာများကို    ရင်ဆိုင်နေကြရသောကြောင့် ဖြစ်၏။  အမေရိကန်တွင်  သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးသမ္မတနေရာ ယှဉ်ပြိုင်ရမှု  ဖြစ်ပွား နေသည်။ ဗြိတိန်၌ ပြည်တွင်းစစ်ဖြစ်နေပြီဟုပင် ဝေဖန်ခံရလောက်အောင်      လူအုပ်စုပဋိပက္ခ အဓိကရုဏ်းများ   ဖြစ်နေသည်။  ပြင်သစ်အပါအဝင် ဥရောပနိုင်ငံများ၌ ယူကရိန်းစစ်ကို ထောက်ခံသည့် လစ်ဘရယ်ပါတီများနေရာတွင် မိမိနိုင်ငံရေးကိုသာ ပိုမိုဦးစားပေးမည့်  အမျိုးသားရေးဝါဒီများက  ပိုမို အားကောင်းလာမှုနှင့် ကြုံတွေ့နေရသည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ ယူကရိန်းကို မပြီးနိုင်မစီးနိုင် ဝိုင်းဝန်းထောက်ပံ့ပေးရမှုကြောင့် ဥရောပနိုင်ငံများ သည် ခြေကုန်လက်ပန်းကျလာခြင်းဖြစ်၏။ ဂျာမနီ နိုင်ငံဆိုလျှင်       ဘတ်ဂျက်အခက်အခဲကြောင့် လည်းကောင်း၊    ဂျာမနီသို့    ပေးပို့သည့်    ရုရှားပိုင် နော့စထရင်းမ် ဓာတ်ငွေ့ပိုက်လိုင်းကို ယူကရိန်းတို့ ဖောက်ခွဲခဲ့မှု            ပေါ်ပေါက်လာသောကြောင့် လည်းကောင်း လာမည့် ၂၀၂၅ ခုနှစ်တွင် ယူကရိန်း အား ထောက်ပံ့မှုများကို ရပ်ဆိုင်းမည်ဟု ကြေညာ ခဲ့သည်။
ဤသို့ဖြင့်        ဇဲလန်းစကီးကိုယ်တိုင်လည်း ဤအကျပ်အတည်းမှ အေးချမ်းစွာ ညှိနှိုင်းဖြေရှင်း နိုင်မည့်နည်းကို ရှာဖွေလာရတော့သည့် လက္ခဏာ များ တွေ့လာရသည်။ မကြာမီကမှ ရုရှားသို့သွား၍ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံခဲ့သော အိန္ဒိယဝန်ကြီး ချုပ် မိုဒီသည် ယခုအခါ ယူကရိန်းသို့ရောက်ရှိကာ သမ္မတ ဇဲလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးနေခြင်းမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။  တစ်ချိန်တည်း မှာပင်   ယူကရိန်းစစ်ပွဲ    အပစ်အခတ်ရပ်စဲရေး အဆိုပြုချက် ၁၂ ချက်ကို ဖော်ထုတ်တင်ပြခဲ့သည့် တရုတ်နိုင်ငံမှ    ဝန်ကြီးချုပ် လီကျင်းကလည်း ရုရှားသို့ သွားရောက်၍  သမ္မတပူတင်နှင့်  တွေ့ဆုံ နေသည်မှာ ထူးခြားနေပြန်သည်။ ဤအနေအထား အရ ရုရှား-ယူကရိန်း အရေးအခင်းတွင် တတိယ အုပ်စုအဖြစ်    ထွန်းသစ်စအင်အားကြီးနိုင်ငံများ ဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့က ကြားဝင်စေ့စပ်သူ များအဖြစ် ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရ ပေသည်။
မည်သို့ပင်ဖြစ်စေ    ခြုံ၍သုံးသပ်ကြည့်ပါက ရုရှားနိုင်ငံသည်လည်း  ယူကရိန်းတစ်နိုင်ငံလုံးကို တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ချက်ရှိပုံမရ။ ထိုသို့ သိမ်းပိုက်ရန် သမားရိုးကျ စစ်အင်အား၊ ဓနအင်အား တို့ကိုလည်း အစွမ်းကုန် ထုတ်သုံးရမည့်အရေးကို လည်း တတ်နိုင်ဖွယ်မရှိ။   ထို့ကြောင့် ဖြစ်နိုင်သမျှ  အနိုင်နှင့်ပိုင်း၍ ဤစစ်ကို ဖြတ်လိုသည့်ပုံပေါ်သည်။  အမေရိကန်နှင့် အနောက်အုပ်စု၏ ရုရှားကို စစ်နွံ တွင် နစ်စေပြီး စီးပွားပါပျက်ကာ နာလန်မထူအောင် လုပ်မည့် စီမံကိန်းမှာလည်း ဖြစ်နိုင်ဖွယ်မရှိကြောင်း ထင်ရှားပေါ်လွင်လာပြီဖြစ်သည်။   ဥရောပအနေဖြင့် လည်း   ယူကရိန်းပြီးလျှင်  သူတို့အလှည့် လာလိမ့် မည်ဟူသော စိုးရိမ်မှုဖြင့် ကြိုကာရန် ယူကရိန်းကို ဝိုင်းစုထောက်ပံ့နေလိုသည့်     နိုင်ငံရေးအုပ်စုနှင့် စစ်ပန်းနေသည့် လူထုတို့အကြား ကွာဟမှုကြီးမား လာနေသည့်    အသွင်များကို   တွေ့နေရသည်။   ဤအခြေအနေတွင် သမ္မတဇဲလန်းစကီး၏ စွန့်စားမှု ကြီးမားသောကစားပွဲသည် မည်သည့် အကျိုးဆက် များ   ဆောင်ကြဉ်းလာမည်ကို   စိတ်ဝင်စားဖွယ် စောင့်ကြည့်ရန်သာရှိပါကြောင်း   သုံးသပ်တင်ပြ အပ်ပါသည်။      ။