ကလေးများအတွက် ဖန်တီးပေးသင့်သည့် စာပေပတ်ဝန်းကျင်

Type

ဆောင်းပါး

=====

 

ကလေးများအတွက် ဖန်တီးပေးသင့်သည့် စာပေပတ်ဝန်းကျင်

 

=================================

 

 

နွေဦးမောင်

======

 

ကျွန်တော် ကျောင်းမနေမီအရွယ်ကတည်းက အစ်ကိုကြီး၏ ကျေးဇူးကြောင့် အိပ်ရာဝင်ပုံပြင်များနှင့် စတင်၍ မိတ်ဆွေဖြစ်ခဲ့ရသည်။ ထိုထိုသော အိပ်ရာဝင်ပုံပြင် တို့သည် နောင်အခါ စာအုပ်စာပေများကို ရှာဖွေဖတ်ရှု တတ်သောအရွယ်ရောက်မှ ဂရင်းညီနောင်ပုံပြင်များ၊ ကမ္ဘာကျော်တစ်ထောင့်တစ်ညပုံပြင်များ၊ မြန်မာ့ရိုးရာ ပုံပြင်များ၏ ပုံတိုပတ်စအချို့ဖြစ်ကြောင်း သိလာရပါသည်။

ရွှေသွေးဂျာနယ်

ကျွန်တော် သူငယ်တန်းကျောင်းသားအရွယ်တွင် အဖေက ရွှေသွေးဂျာနယ်ကို အပတ်စဉ် ဝယ်ပေးခဲ့သည်။ ကျွန်တော်က အရုပ်ကြည့်သည့်အဆင့်။ သို့သော် ဒုတိယ တန်းကျောင်းသားအရွယ်လောက်တွင် ကျွန်တော် ရွှေသွေးဂျာနယ်၊ ရွှင်ပြုံးစာစောင်၊ တေဇ၊ ဒို့ကျောင်းသား စသဖြင့် ဖတ်နေပါပြီ။ ရှိသမျှစာအကုန်တော့ မဟုတ်ပါ။ သို့သော် ဒို့ကျောင်းသားစာစောင်မှ ဆရာမောင်ဆုရှင် ရေးသော သိပ္ပံသတင်းတိုများကို သဘောပေါက်နားလည် နေပါပြီ။ ချစ်ဖွယ်နှင့် ညစ်ကျယ်ကာတွန်းကို အလွန် သဘောကျပါသည်။ အထူးသဖြင့် ရွှေသွေးကို အရုပ်ရော ပုံကိုပါ ခံစားတတ်နေပါပြီ။ ရွှေသွေးရသည့်နေ့တိုင်း ကျွန်တော်တို့မောင်နှမတစ်တွေ စကားများရန်ဖြစ်ရ သည်။ သူအရင်ဖတ်၊ ကိုယ်အရင်ဖတ်နှင့် နပန်းသတ်ကြ သည်။ သူငယ်တန်းနှင့် ပထမတန်းတုန်းက ရွှေသွေး အဟောင်းများကိုလည်း ကျွန်တော်ပြန်ရှာဖတ်သည်။ စာစောင်များကို အသစ်မရမီ ထပ်တလဲလဲ ပြန်ဖတ် ပါသည်။ တဖြည်းဖြည်းနှင့် မဖတ်နိုင်ဘဲကျန်ခဲ့သည်များကို စမ်းပြီး ဖတ်မိသည်များ ရှိလာခဲ့သည်။ အချို့ရွှေသွေး ဇာတ်လမ်းများကို ယခုတိုင်အမှတ်ရနေပါသေးသည်။ သူရဲကောင်း သိုးဖြူ၊ ငှက်သဘင် စသည့်ဇာတ်လမ်းများကို စွဲလမ်းခဲ့ရသည်။ ယခင်က မဖတ်ခဲ့သည့် ရွှေသွေးမှ ဝတ္ထု တိုလေးများကိုလည်း စွဲနေပါပြီ။

စတုတ္ထတန်းရောက်သောအခါ ဆရာကြီးရွှေဥဒေါင်း ၏ ဦးစံရှားဝတ္ထုပေါင်းချုပ်ကြီးကို ကျွန်တော်ဖတ်ပြီးပါပြီ။ အိမ်မှာရှိသော ဇာတ်တော်ကြီး ဆယ်ဘွဲ့မှ ခုနစ်ဘွဲ့ကို ကျွန်တော်ဖတ်ပြီးပြီ။ ကြွေစက္ကူဖြူဖြူပေါ်တွင် ဆရာကြီး ဦးဘကြည်၏ ပန်းချီပုံများပါဝင်သော မဟာဗုဒ္ဓဝင် အကျဉ်းကို ကျွန်တော် အကြိမ်ကြိမ်ဖတ်ပြီးပြီ။ အစ်ကို ကြီး ငှားလာသော တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုများကိုလည်း ယူဖတ်ပါသည်။ ဆရာကြီး၏ ချစ်သောဤကမ္ဘာကို အကုန်လုံးတော့ နားမလည်သေးသော်လည်း တော်တော် စွဲမိသည်။ မည်သည့်စာကို ဖတ်ပါဟူ၍ မိဘများက တိုက်တွန်းသည်တော့မဟုတ်။ ကိုယ့်ဘာသာစမ်းပြီး ဖတ်ခဲ့ရသည်။

ဆိုလိုသည်မှာ ယေဘုယျအားဖြင့် ကျွန်တော်တို့ သည် မိခင်ဝမ်းမှကျွတ်ပြီး ပြောစကားကို နားလည်တတ် သည့်အချိန်မှစ၍ ကမ္ဘာ့စာပေ၊ မြန်မာ့စာပေတို့နှင့် ရင်းနှီး ခဲ့ကြသည်။ ယင်းစာပေတို့ကို ကလေးတိုင်း စွဲလမ်းခုံမင် တတ်ကြသည့်ပုံပြင်များအနေဖြင့် စတင်သိရှိခဲ့ကြသည်။ ဉာဏ်ပညာကြီးမားသော မိဘများ၊ အုပ်ထိန်းသူများ၏ လက်တွင် ကြီးပြင်းရသည့်ကလေးများအတွက်မူ သဘာဝလောကကြီးကို ခွဲခြမ်းစိတ်ဖြာပြပြီး ကလေး အရွယ် အသိဉာဏ်နှင့် ယဉ်ပါးမည့်စကားလုံးများဖြင့် ရွေးချယ်ပြောင်းလဲ ပြောပြတတ်သူများနှင့် တွေ့ကြုံရနိုင် ပါသည်။

ကလေးတို့သည် ကြီးပြင်းလာပြီး မိမိကိုယ်တိုင် စာဖတ်တတ်လာသောအခါ ရုပ်ပြများ၊ စာအုပ်စာစောင် များ၊ စာအုပ်စာတမ်းများကို အဆင့်လိုက် ရှာဖွေဖတ်ရှု တတ်လာကြသည်။ စင်စစ်ကျောင်းနေအရွယ်မှစ၍ ကြီးပြင်းလာကြသည့် အရွယ်တိုင်အောင် ကလေးများ စာပေဖတ်ရှုချင်စိတ် ဖြစ်ပေါ်လာစေရန် ပထမဆုံး ဆွဲဆောင်နိုင်သည်မှာ ရုပ်ပုံများများပါဝင်သော ကာတွန်း များဖြစ်ကြပါသည်။ ကာတွန်းများကို အပျော်ဖတ်စာပေ၊ မှတ်သားစရာမပါဟု မည်သို့ပင်ဆိုစေကာမူ ကလေးများ ကို စာဖတ်ချင်စိတ် ဖြစ်ပေါ်လာစေရန်၊ စာပေဝါသနာ ပါလာစေရန် ဆွဲဆောင်သော အောက်ဆုံးလှေကားထစ် ဖြစ်ကြောင်း မည်သူမျှမငြင်းနိုင်ကြပါ။ စာဖတ်တတ်စ ကလေးငယ်သည် ရုပ်ပြကာတွန်းများတွင် သူဖတ်တတ် သလောက်ဖတ်ပြီး ကလေးကြိုက်ကာတွန်းရုပ်များကို ကြည့်ရင်း ပျော်မွေ့နေတတ်သည်။ စာအုပ်များတွင် အရုပ်များနှင့် စာသားလွယ်လွယ်များ ပါတတ်သည်ကို သိလာလျှင် အနှီစာအုပ်မျိုးကို ကလေးငယ် ဖတ်ချင်လာပါ လိမ့်မည်။

ကလေးစာပေသည် အကောင်းဆုံး

ယေဘုယျအားဖြင့် မြန်မာစာကို စာလုံးပေါင်း ဖတ်တတ်စအရွယ်ကလေးတို့သည် စကားလုံးနည်းနည်း သာပါပြီး ရုပ်ပုံများသော စာအုပ်စာစောင်များကို နှစ်သက် ကြသည်။ အရုပ်များကို ကြည့်လိုက်လျှင်ပင် ဇာတ်ကြောင်း ပေါ်နိုင်လောက်သည့် စာအုပ်စာစောင်များကို သဘောကျ ကြသည်။ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးများသည် စကားလုံးပိုများသည့် ရုပ်ပြများကို ဖတ်နိုင်လာပြီး ကိုးနှစ်၊ ဆယ်နှစ်အရွယ်တွင် အနည်းငယ်အဆင့်မြင့်သော စာအုပ် စာပေများကို ဖတ်လာတတ်ကြသည်။ သို့တိုင် သူတို့အရွယ် သည် ကလေးစာပေများကိုမူ နှစ်ခြိုက်တတ်ပါသေးသည်။ လက်တွေ့တွင် စာဖတ်များလာသော ကလေးများသည် အသက်ဆယ်နှစ်ကျော်လာသောအခါ လူကြီးများ ဖတ်လေ့ ရှိကြသော စာအုပ်များကို စမ်း၍ဖတ်နေကြပါပြီ။ စာပေမှ ရရှိသော ဗဟုသုတတို့သည် ကလေးများအတွက် ကျောင်းသင်ခန်းစာများ လေ့လာကျက်မှတ်ရာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူ ပြုပါသည်။ ထို့ကြောင့် စာဖတ်များလာသောကလေးများကို ကလေးစာပေသာဖတ်ရမည်ဟု အတင်းတွန်းအားမပေး သင့်သေးပါ။ လမ်းမှားသို့ ရောက်မှန်းမသိ ရောက်မသွားရန် သာ မိဘအုပ်ထိန်းသူတို့ ထိန်းပေးရပါမည်။ အလွန်အကျွံ စာမဖတ်ရန်သာ ထိန်းကျောင်းရန် လိုပါသည်။ ကလေး အရွယ်တွင် စာကြီးပေကြီးများကို မဖတ်ရဟု မဆိုလို။ ကလေးတို့၏ နုနယ်သောအသိကို အရောင်ဆိုးတတ်သည့် စာပေများကိုသာ ခွဲခြားပြထားရန်သာ လိုပါသည်။ မြန်မာ ကလေးများသည် မွေးကတည်းက စနစ်တကျ ပြုစု ပျိုးထောင်ခံရသူ နည်းပါးလှသောကြောင့် စာဖတ်တတ် သည့်အရွယ်တွင် တတ်နိုင်သမျှ အကောင်းဆုံးလေ့ကျင့် ပျိုးထောင်ရပါမည်။ ထို့ကြောင့် ကလေးများအတွက် ကလေးစာပေသည် အကောင်းဆုံးသာ ဖြစ်ပါသည်။

လူထုဆက်သွယ်ရေးမီဒီယာများ

ကျွန်တော်တို့ငယ်စဉ်က ရွေးချယ်စရာမီဒီယာများစွာ မရှိပါ။ ရုပ်ရှင်၊ သဘင်တို့ကဲ့သို့ လူထုဆက်သွယ်ရေးမီဒီယာ များရှိသော်လည်း စာအုပ်စာစောင်နှင့် ရေဒီယို၊ ကက်ဆက် တို့ကိုသာ ယေဘုယျထိတွေ့နိုင်ကြပါသည်။ အလှူအတန်း ရှိလျှင် ဓာတ်စက်ကြီးများ ဖွင့်သံကြားရပါသည်။ ၁၉၈၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရုပ်မြင်သံကြား စတင်လွှင့်ထုတ် ပြီဖြစ်သော်လည်း ရုပ်မြင်သံကြားစက်ကို လူတိုင်း လက်လှမ်းမမီပါ။ ရပ်ကွက်ကောင်စီရုံးတွင် လူအုပ်ကြီးကြား အဝေးမှလှမ်းကြည့်ရသည့်ခေတ် ဖြစ်ခဲ့ပါသည်။ ထိုစဉ်က ကလေး၊ လူကြီးအားလုံး စာအုပ်စာစောင်ကိုသာ အားကိုး ရပါသည်။ ယနေ့ခေတ်တွင် စာအုပ်စာစောင်များမှာ ထုတ်ဝေရန် အခက်အခဲများစွာရှိသော်လည်း အဆက်မပြတ် ထွက်ပေါ်နေပါသေးသည်။ ယခုခေတ် ကလေးများသည် လက်ကိုင်ဖုန်းကို အသုံးချလျက် လူမှုမီဒီယာအမျိုးမျိုးကို အသုံးချခွင့်ရနေကြပါသည်။ မီဒီယာအမျိုးမျိုးတွင် အကြောင်းအရာမျိုးစုံကို ရှာဖွေကြည့်ရှုရန် အခွင့်သာလျက် ရှိပါသည်။ ထိုသို့သော ကလေးငယ်များကို အဆိပ်အတောက် ကင်းသော စာအုပ်စာပေဘက်သို့ လှည့်လာစေရန် နည်းမျိုးစုံသုံးပြီး လမ်းပြရပါမည်။ စာမဖတ်လိုသူ ကလေး များကို စာဖတ်ချင်စိတ် ရှိလာစေရန် ဆွဲဆောင်ကြရပါမည်။

သို့ဖြစ်ရာ ကလေးများအတွက် ကလေးစာပေများ ရရှိရန်လမ်းကြောင်းများ ရှာဖွေရပါမည်။ အချို့မှာ ကလေး စာပေဆိုသော်လည်း လူကြီးအတွေးဖြင့် ရေးထားသော ကလေးစာပေများ ဖြစ်နေတတ်သည်။ ကလေးဇာတ်ဆောင် များထည့်ထားသော်လည်း ကလေးများ သေချာစွာ နားမလည်နိုင်သည့် လူကြီးများအတွက် ဇာတ်လမ်း ဖြစ်နေတတ်သည်။ စာပေတွင် ဖော်ပြထားသော အဖြစ် အပျက်တို့သည် ကလေးများ၏ ပကတိဘဝနှင့် အလှမ်း မဝေးစေသင့်ပါ။ ကလေးတို့၏ပတ်ဝန်းကျင်တွင် နေ့စဉ် တွေ့မြင်နေကျကိစ္စများကို ဇာတ်အိမ်ဖွဲ့ကာ ရေးသားထား လျှင် ကလေးသည် နားမလည်စရာမရှိဘဲ ချောမွေ့စွာ စာဖတ်သွားနိုင်ပါလိမ့်မည်။ အဓိကမှာ ကလေးတို့ဖတ်လိုက် သမျှ စာပေသည် သူတို့၏စိတ်အလျဉ်ထဲသို့ ရှောရှောရှူရှူ စီးဆင်းဝင်ရောက်သွားနိုင်သည့် စာပေဖြစ်ရန် လိုအပ်ပါ သည်။ ဗဟုသုတများစွာကို ပေးရန်အတွက် စိတ်မစောသင့် သေးပါ။ စာပိုဒ်ကြီးများနှင့် စာကြောင်းရှည်ကြီးများပါသည့် စာများကို ကလေးများအတွက် မရွေးပေးသင့်သေးပါ။ ကလေးများ စာဖတ်ရန်ငြီးငွေ့သွားလျှင် စာဖတ်ချင်စိတ် ပျောက်ဆုံးသွားနိုင်ပါသည်။ ထို့ကြောင့် မိဘအုပ်ထိန်းသူများ အနေဖြင့် ကလေးများဖတ်ရန်စာပေကို အပင်ပန်းခံပြီး ရွေးချယ်ပေးကြရပါမည်။ မိမိကလေးများအတွက် အပင်ပန်းခံလိုက်ရခြင်းသည် ယခုကာလ လက်ကိုင်ဖုန်းများ တွင် ကလေးများ ဂိမ်းကစားခြင်းကြောင့် ရရှိလာနိုင်သည့် ဆိုးကျိုးများနှင့်စာလျှင် များစွာချိုမြိန်ပါသေးသည်။

သက်ကြီးစာပဒေသာစာစောင်များ

ယခင်က စာပေဗိမာန်မှ ထုတ်ဝေသော သက်ကြီးစာ ပဒေသာစာစောင်များကဲ့သို့ ရုပ်ပြကာတွန်းပုံစံ စာပိုဒ်ငယ် နှင့် သရုပ်ဖော်ပုံရောနှောထားသည့် စာပေများ ပြန်လည် ထုတ်ဝေနိုင်လျှင် များစွာကောင်းပါမည်။ ထိုပုံစံ စာစောင် လေးများကို အရေးအသားနှင့် အကြောင်းအရာကို အနည်းငယ်မွမ်းမံရုံဖြင့် ကလေးများအတွက် သင့်လျော် သောစာပေ ဖြစ်လာပါမည်။ နိုင်ငံခြားစာပေများတွင် ထိုသို့ သောစာပေပုံစံများ ထွန်းကားနေပါသည်။ ကလေးများ ဖတ်ရှုနိုင်သောဘာသာပြန် ပုံပြင်စာအုပ်များနှင့် မှီးထား သော စာအုပ်များထွက်ရှိနေသည်မှာလည်း အားရဖွယ် ဖြစ်ပါသည်။ ကလေးများအတွက် ရည်ရွယ်သောဂျာနယ်၊ စာစောင်များ ထုတ်ဝေနေသည်ကိုလည်း တွေ့ရသည်။ သို့တိုင် မူလတန်းအောက်အဆင့်အရွယ် ကလေးငယ်များ အတွက် မြန်မာဆန်သော စာအုပ်စာစောင်များ ရှားပါးနေဆဲ ဖြစ်ပါသည်။ မြန်မာ့ရေမြေကိုအခြေခံပြီး မြန်မာ တိုင်းရင်းသား ကလေးသူငယ်များ သရုပ်ဆောင်ပါဝင်သည့် ကလေးများအတွက် စာအုပ်စာပေများစွာထွက်ရှိရန် လိုအပ်ပါသည်။ ထိုစာမျိုးကို ဖတ်ရှုမိသော ကလေးများ အနေဖြင့် စာပေမှသရုပ်ဖော်မှုကို လွယ်ကူစွာ တွေးထင် ကြည့်နိုင်ပါသည်။ ထိုမျှသာမက စာအုပ်စာစောင်များ၏ တန်ဖိုးသည် မိဘတို့တတ်နိုင်သည့် ဈေးနှုန်းလည်း ဖြစ်ရ ပါမည်။ သို့မှသာ ကလေးရောမိဘများပါ ကလေးစာပေကို လက်လှမ်းမီကြပါလိမ့်မည်။

လူငယ်စာပေများကိုပါ ဖတ်ချင်စိတ်ရှိ

ကလေးစာပေ ဆိုရာတွင်လည်း အသက်အရွယ်နှင့် ပတ်သက်၍ မူလတန်းအောက်အဆင့်နှင့် အထက်အဆင့် ဟူ၍ နှစ်ပိုင်း ခွဲရန်လိုပါသည်။ မူလတန်းအောက်အဆင့် ကျောင်းသားအရွယ်ကလေးများအတွက် ဖတ်စရာ စာပေကို မိဘ၊ အုပ်ထိန်းသူများက စိတ်ရှည်ရှည်ဖြင့် ရွေးချယ်ပေးရန်လိုအပ်ပြီး ထောက်ကူရှင်းပြသင့် သော်လည်း မူလတန်းအထက်အဆင့် ကလေးများမှာမူ သူတို့ကိုယ်တိုင်လည်း ဖတ်လိုသောစာကို ရှာဖွေတတ် လာပြီ ဖြစ်ပါသည်။ စာဖတ်ခြင်းကြောင့် စာအုပ်စာပေမှ အကြောင်းအရာသာမက ရေးထုံးသတ်ပုံများကိုပါ တဖြည်းဖြည်း ထိတွေ့သဘောပေါက်လာပါမည်။ မိဘ များကလည်း လမ်းကြောင်းမှန်ကို တည့်မတ်ပေးကြရန် လိုပါသည်။ မကြာမီ ကလေးများသည် ကလေးစာပေ သာမက လူငယ်စာပေများကိုပါ ဖတ်ချင်စိတ်ရှိလာပါမည်။ ယင်းသည် ကလေးသဘာဝတစ်ခုပင်ဖြစ်ပေရာ ရှေ့တစ်ဆင့်ကို လှမ်းမျှော်တတ်လာသည့်အတွက် တဖြည်းဖြည်းချင်း လမ်းကြောင်းပေါ် တင်ပေးရပါသည်။ ထိုမျှသာမက လူကြီးများအတွက် အဆိပ်အတောက် မဟုတ်သော်လည်း ကလေးများ မဖတ်သင့်သေးသော စာအုပ်များကိုလည်း သတိထားဖယ်ရှားပေးရပါမည်။ စာကိုမြင်တိုင်း ဖတ်ရန်မဟုတ်ကြောင်း ကလေးများ သိရှိစေရန် တဖြည်းဖြည်း သွန်သင်ရပါမည်။

စင်စစ်အရွယ်ရောက်လူကြီးအားလုံးသည် ကလေး စာပေကို ထိတွေ့နေသင့်ကြပါသည်။ ကလေးများအတွက် စာပေကို ရှာဖွေရာတွင် စာအုပ်စာစောင်များကို အဓိက ထားသင့်ပါသည်။ စာပေဖတ်ရှုရာတွင် စာအုပ်စာစောင်ကို မိမိတို့လက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ဖတ်ရှုရသော အရသာအား ကလေးများ ခံစားတတ်စေရန် မိတ်ဆက် ပေးသင့်ပါသည်။ စာအုပ်စာပေ ရှားပါးသောဒေသများ မှလွဲ၍ ကလေးများ မျက်စိများတွင် ဆိုးကျိုး၊ အန္တရာယ် မခံစားရစေရန် လက်ကိုင်ဖုန်းမှတစ်ဆင့် စာပေများဖတ်ရှု စေခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားစေသင့်ပါသည်။ စင်စစ် နိုင်ငံတော်၏မျိုးဆက်သစ်များ ဖြစ်ကြသော ကလေးငယ်များကို ဝိုင်းဝန်းပြုစုပျိုးထောင်ရာတွင် ကလေးစာပေသည် ကလေးတို့၏ စဉ်းစားဉာဏ် စတင် ရင့်သန် အလုပ်လုပ်နိုင်ရန်အတွက် အကောင်းဆုံး တွန်းအားတစ်ခုဖြစ်ပေရာ ကလေးတို့နှင့် လိုက်လျော ညီထွေရှိသည့် စာပေပတ်ဝန်းကျင်လေးများ ရှိနေနိုင်စေ ရေး ဖန်တီးပေးရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။ ။