ကမ္ဘာ့အဆင့် (၁၅၀) ရှိ ရာဒူကနူး နှစ်ပေါင်း ၄၄ နှစ်အတွင်း ယူအက်စ်အိုးပင်းဗိုလ်လုပွဲရောက်ရှိလာသည့်ပထမဆုံးအမျိုးသမီးဖြစ်လာ

 

တင်းနစ်အားကစားလောကမှာ ကမ္ဘာ့အဆင့် နံပါတ် ၁၅၀ ရှိတဲ့ ဗြိတိန်တင်းနစ်အားကစားမယ် အန်မာ ရာဒူကနူးဟာ  ယူအက်စ် အိုးပင်းဗိုလ်လုပွဲကိုရောက်ရှိလာပြီး သမိုင်းမှတ်တိုင်စိုက်ထူလိုက်ပါတယ်။ 


ဗြိတိန်တင်းနစ်အားကစားမယ် အန်မာ ရာဒူကနူးဟာ ကမ္ဘာ့အဆင့် နံပါတ် ၁၈ နေရာမှာရှိတဲ့ ဂရိအားကစားမယ် မာရီယာ ဆက်ကာရီကို  စက်တင်ဘာ ၉ ရက်က ယူအက်စ်အိုးပင်းအမျိုးသမီးတစ်ဦးချင်း အကြိုဗိုလ်လုပွဲမှာ ၆-၁၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။  အဲဒီလိုအနိုင်ရရှိခဲ့တဲ့အတွက် ကမ္ဘာ့အဆင့် နံပါတ် ၁၅၀ မှာရှိတဲ့ ရာဒူကနူးဟာနှစ်ပေါင်း ၄၄ နှစ်အတွင်းမှာ ဂရင်းဆလမ်းဗိုလ်လုပွဲ ကိုရောက်ရှိလာတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာပါတယ်။ 


ပြိုင်ပွဲပြီးနောက်မှာ သူက ပရိသတ်ကို မျှော်လင့်ချက်တစ်စုံတစ်ရာရှိသလားလို့  မေးလိုက်ပါသေးတယ်။ ကျွန်မက ဒီပွဲကို ခက်ခက်ခဲခဲနဲ့အောင်မြင်ခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိတဲ့ ဝါရင့်သမ္ဘာရင့်နဲ့ ပထမဆုံး ယှဉ်ပြိုင်ရတဲ့အတွက် ဖိအားတွေ ရှိခဲ့ ပါတယ်။ စာရွက်ပေါ်မှာရှိတဲ့ နည်းစနစ်တွေက အခုတော့ ကျွန်မကို ဖိအားမပေးနိုင်တော့ပါဘူးလို့ သူကပြောခဲ့ပါတယ်။


ကမ္ဘာ့အကောင်းဆုံး အားကစားသမားတွေကို အခုလိုအနိုင်ရရှိခဲ့တာ ရိုးသားစွာပြောရမယ်ဆိုရင် ယုံတောင်မယုံနိုင်ဘူးလို့ သူကဆက်ပြောလိုက်ပါတယ်။  ပဉ္စလက်အမျိုးသမီးလို့ နာမည်ပေးထားတဲ့ ရာဒူကနူးဟာ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဆယ်ကျော် သက်တစ်ဦးဖြစ်ပြီး ဗိုလ်လုပွဲမှာ သူ့လိုပဲ ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ ကနေဒါတင်းနစ်ကစားမယ် လေလာဖာနန်ဒက်နဲ့ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။  ဖာနန်ဒက်ဟာ ကမ္ဘာ့အဆင့် နံပါတ် ၂ ရှိတဲ့ ဘီလာရုစ်တင်းနစ်မယ် အာယာနာစဘာလန်ကာကို စက်တင်ဘာ ၉ ရက်က ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ၇-၆၊ ၄-၆၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ 

လင်းခေတ်ဆန်