
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
=======================
(ယမန်နေ့မှအဆက်)
ဒီတော့ ဆာလ်ဖာနည်းတဲ့ကျောက်မီးသွေးကို သုံးရ မယ့်သဘောပါပဲ။ ကျောက်မီးသွေးမှာ ဆာလ်ဖာ ပါရင်တောင် ဆာလ်ဖာဒိုင်အောက်ဆိုက်ကို ထိန်းချုပ်နိုင်တဲ့နည်းပညာတွေရှိနေပြီဖြစ်လို့ အထူး ပူပင်စရာမလိုလှတော့ပါဘူး။ အင်သရာဆိုက် ကျောက်မီးသွေးကတော့ ဆာလ်ဖာပါဝင်မှုနည်းလို့ အလွန်အဆင်ပြေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာဖြစ်ပါတယ်။ အခုအခါ အင်သရာဆိုက် ကျောက်မီးသွေးရှားပါးလာပြီဖြစ်လို့ အမေရိကန် ပြည်ထောင်စုဟာ အရည်အသွေးအလယ်အလတ် တန်းစား ဘီတူမီးနပ်စ်နဲ့ တစ်ဆင့်နိမ့် ဆပ်ဘီတူး ဗီးနပ်စ်ကျောက်မီးသွေးအပေါ် အလွန်အားထား နေရပါတယ်။
နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ကိုလည်း အထွက်နည်းအောင်လုပ်နိုင်လာတော့ ကမ္ဘာက ကျောက်မီးသွေးလောင်စာကို လက်မလွှတ်နိုင်ဘဲ ဖြစ်နေပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြီး ရင် အမေရိကန်ပြည်ထောင်စုဟာ ကျောက်မီး သွေးသုံးစက်ရုံ အများဆုံးနိုင်ငံပဲ။ ကျောက်မီးသွေး သုံးစက်ရုံ သောင်းချီရှိနေပါတယ်။ နိုင်ငံအလိုက် နေ့စဉ်ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် သန်းချီပြီးထုတ်တဲ့နိုင်ငံထဲမှ တရုတ် ပြည်သူ့သမ္မတနိုင်ငံက ပထမပဲ။
နိုင်ငံ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန်
(သန်းပေါင်း)
တရုတ်နိုင်ငံ ၈၇၁၅
အမေရိက ၅၄၉၀
ရုရှား ၁၇၈၈
အိန္ဒိယ ၁၇၂၆
အမေရိကန်နဲ့ တရုတ်နိုင်ငံတွေမှာ ကျောက် မီးသွေးသုံးပြီး လျှပ်စစ်ထုတ်သလို သစ်တော သစ်ပင်တွေကလည်း ညှို့မှိုင်းနေပါတယ်။ အမေရိကန် နိုင်ငံဟာ ကိုလိုနီခေတ်ကထက် ယနေ့အချိန်အခါ မှာ သစ်တောသစ်ပင်တွေဟာ ထူထပ်နေပါတယ်။ ကျောက်မီးသွေးက လျှပ်စစ်တွေထုတ်ရတော့ သစ်ပင်တွေကို အကြီးအကျယ်စိုက်ပါတယ်။ သစ်တောအုပ်တွေကိုလည်း အထူးတလည် ဂရုစိုက်ကြပါတယ်။
ဂျပန်နိုင်ငံမှာ မကြာသေးမီက နည်းပညာမြင့် ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်တဲ့သတင်း ကြားသိရပါတယ်။
ကမ္ဘာအရပ်ရပ်ကထွက်တဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ဟာ မြန်မာကိုလည်းအလွတ်ပေးမှာ မဟုတ်။ တရုတ်ကထုတ်လွှတ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်၊ အမေရိကန်နဲ့ အိန္ဒိယစက်ရုံတို့က ထုတ်လွှတ်တဲ့ ဒီဓာတ်ငွေ့ဟာ သေချာပေါက် မြန်မာ့ကောင်းကင်ယံမှာရောက်မှာပါပဲ။ လမ်းခု လတ်မှာ ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့အချို့ ဟာ ပင်လယ်ထဲပျော်ဝင်သွားကြပါတယ်။
အကြောက်လွန်လွန်းသောမြန်မာနိုင်ငံ
ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်တဲ့စက်ရုံ ဆယ်ဂဏန်းတောင်မရှိသေးတဲ့ မြန်မာနိုင်ငံဟာ အကြောက်လွန်လွန်းပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဟာ မိုးရွာသွန်း မှုများတာ၊ သစ်တောသစ်ပင်တွေရှိနေတာကြောင့် ထွက်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ကိုပင် ရေထဲ၊ ချောင်းထဲ၊ မြစ်ထဲ ပျော်ဝင်သွားနိုင် တာမို့ မစိုးရိမ်စေချင်ပါ။ မိုးများတဲ့ဒေသတွေမှာ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာဆိုရင် ကျောက်မီး သွေးသုံးပြီး လျှပ်စစ်ကိုထုတ်သင့်ပါတယ်။ သိပ္ပံ နည်းပညာမြင့်မားမှ အန္တရာယ်ကင်းဘေးရှင်းမယ်။ ဒါကြောင့် နည်းပညာအတော်အသင့်သာလိုတဲ့ ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံတွေကို ကျေးလက် ဒေသ မိုးများတဲ့ဒေသတွေမှာ တည်ဆောက်ပြီး စက်မှုလယ်ယာကို ရဲရဲရင့်ရင့် တည်ထောင်သင့်ပါ တယ်။ အက်စစ်မိုးနဲ့ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ကာဗွန်ဓာတ်ငွေ့တို့ကို အထူးကြောက်ရွံ့စိုးရိမ်စရာ မလိုပါဘူးလို့ ပြောချင်ပါတယ်။
အသိဉာဏ်စွမ်းအားနဲ့ ဉာဏ်ပညာအမြော်အမြင်
ကျွန်တော်တို့မြန်မာတွေက တစ်ပင်ခုတ်ရင် ဆယ်ပင်စိုက်ကြဖို့မှာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တက္ကသိုလ်၊ ကောလိပ်ပေါင်းဟာ ၁၇၀ နီးပါးရှိပါ တယ်။ ဘွဲ့ရတစ်ဦးဟာ သူပညာသင်ခဲ့တဲ့ တက္ကသိုလ်၊ ကောလိပ်ကျောင်းပရိဝုဏ်အတွင်းမှာ သစ်ပင် ၁၀ ပင် စိုက်ခဲ့ရမယ်လို့သတ်မှတ်ပါတယ်။ အခြေခံပညာ အထက်တန်းကျောင်းပေါင်းဟာလည်း လေးထောင် ကျော်တောင်ရှိပါတယ်။ သစ်ပင်တွေစိုက်ကြရင် အရိပ်အာဝါသရလို့ အေးမြတဲ့အပြင် လေထုထဲလည်း အောက်ဆီဂျင် ပို၍ရောက်သွားတော့ လေဟာ သန့်ရှင်းလာမယ်။ တချို့ကျောင်းအနည်းစုကလွဲလို့ ကျန်တဲ့ကျောင်းတွေမှာ ရေမြေကောင်းပြီး ကျယ်ဝန်း တဲ့ နေရာတွေမှာ အလှပန်းခြံနဲ့ သစ်ပင်ကြီး ၅၀ သာရှိရင် ရာသီဥတုဟာ အေးမြမယ်၊ စိမ်းလန်းမယ်၊ ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချနိုင်မယ်။ အောက်ဆီ ဂျင်ပိုရပါမယ်။ ဆရာ၊ ကျောင်းသားပေါင်းပြီး လုပ်လိုက်ရင် အလွန်လွယ်တဲ့လုပ်ငန်း၊ လူငယ်တွေနဲ့ ခေါင်းဆောင်ဆရာတွေဟာ မိမိပတ်ဝန်းကျင်ကို အခြေခံကျကျ ထိန်းသိမ်းရာမှာ အလွန်ကောင်းမွန်တဲ့ နမူနာပြပဲဖြစ်ပါတယ်။
ကျွန်တော်တို့တစ်တွေ လူငယ်တွေဟာ သိပ္ပံ ပညာအမြင်ရှိမှ၊ နည်းပညာရှိမှ၊ ဘက်စုံအရည် အချင်းတွေရှိမှ၊ ပညာအမြော်အမြင်ရှိမှ၊ အကျိုး အကြောင်း၊ အကောင်းအဆိုး၊ အမှန်အမှားခွဲခြား တတ်မှ၊ ဆင်ခြင်တုံတရားရှိမှ မြန်မာတို့ရဲ့အနာဂတ် ကို စိတ်အေးချမ်းသာစွာ တည်ဆောက်နိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ရနိုင်တဲ့နိုင်ငံမို့ ရေအားကနေပြီး လျှပ်စစ်ထုတ်ကြရပါမယ်။ လောပိတ၊ ပေါင်းလောင်းရေအားလျှပ်စစ်၊ ရဲရွာရေအားလျှပ်စစ်တွေရရှိနေတာမို့ လေထုကိုပူနွေး စေမယ့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့မထုတ် လွှတ်ပါဘူး။ မြစ်ချောင်း၊ အင်းအိုင်တွေ၊ တောင်ကျ ရေတွေကို ပိတ်ဆို့တားဆီးပြီး ရေအားလျှပ်စစ်ထုတ် မယ်ဆိုရင် မြန်မာဟာ နှစ်အနည်းငယ်အတွင်းမှာ ချမ်းသာမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု ဟာလည်း မှန်မှန်ကန်ကန်ဖြစ်လာမယ်လို့ပြော နိုင်ပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ တို့ဟာလည်း ရေအားလျှပ်စစ်ကိုထုတ်ကြပါတယ်။
တရုတ်ပြည်က ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံးထုတ်လွှတ်တာဟာ စက်ရုံတွေကြောင့် လို့ပြောပေမယ့် တရုတ်ရဲ့ ရေအားလျှပ်စစ်သာ သူ့ ပြည်တွင်းမှာမထုတ်လုပ်ခဲ့ရင် ကျောက်မီးသွေး သုံးစက်ရုံတွေ ပိုဆောက်မယ်လို့ ခန့်မှန်းရပါ တယ်။ တိုင်းပြည်ရဲ့လျှပ်စစ်လိုအပ်ချက်ကို နိုင်ငံ တိုင်းဟာ နည်းပညာသုံးပြီး နည်းမျိုးစုံနဲ့ ဖြည့်ဆည်း ကြတာကို တွေ့ရမှာဖြစ်ပါတယ်။
သမိုင်းကိုပြန်ကောက်ရင် ၁၈ ရာစု နှောင်း ပိုင်းလောက်က ဥရောပတစ်ခွင်မှာ ကျောက်မီးသွေး ကို စတင်အသုံးပြုရာမှာ စက်မှုတော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ရေနွေးငွေ့အင်ဂျင်စက်တွေကို ကျောက်မီးသွေးနဲ့မောင်းပြီး ကျောက်မီးသွေးကို မြေအောက်မှထုတ်ခဲ့ပါတယ်။ စက်ရုံတွေလည်ပတ် စေခဲ့ပါတယ်။ စက်ရုံတွေဟာ မီးခိုးတလူလူဖြစ်ခဲ့ ပါတယ်။ နောက်တော့ လျှပ်စစ်ထုတ်တဲ့အထိ ကျောက်မီးသွေးကို သုံးခဲ့ပါတယ်။
ကမ္ဘာ့ရေနံသိုက်ကြီးတွေ တွေ့ပြန်တော့ မော်တော်ယာဉ်၊ ရထား၊ သင်္ဘော၊ လေယာဉ်ပျံတွေနဲ့ ကမ္ဘာကိုပတ်ပြီး စီးပွားရေးတွေ၊ နိုင်ငံရေးနဲ့စစ်ပွဲ တွေထိ ဒီရေနံကတွန်းပို့ပေးတယ်လို့ ပြောနိုင်ပါ တယ်။ ဒီကိစ္စတွေရဲ့ အကျိုးဆက်က လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဟာ ၂၉၀ ပီပီအမ် ကနေ ၃၆၀ ပီပီအမ်ထိ မြင့်တက်ခဲ့ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ငါးရာခိုင်နှုန်းသာရှိတဲ့ အမေ ရိကန်ပြည်ထောင်စုဟာ ကမ္ဘာအရပ်ရပ်ကထွက်တဲ့ ရေနံပမာဏရဲ့ ၂၅ ရာခိုင်နှုန်းကို သုံးစွဲတာဖြစ်ပါ တယ်။ နည်းပညာနဲ့ စက်မှုပညာ လွန်စွာထွန်းကား တဲ့နိုင်ငံလည်းဖြစ်တော့ ဒီပမာဏအထိ မြင့်တက် သုံးရတာလည်းဖြစ်ပါတယ်။ ဒီကျောက်မီးသွေး၊ ရေနံနဲ့ ရေနံဓာတ်ငွေ့ကိုသုံးပြီး ခေတ်မီစီးပွားရေးကို တည်ထောင်တာဖြစ်ပါတယ်။ ယာဉ်၊ ရထား၊ လေယာဉ်ပျံတွေအပြင် လကမ္ဘာနဲ့ အခြားကမ္ဘာ ဂြိုဟ်တွေ အထိ သွားနိုင်တဲ့ယာဉ်နဲ့ ဂြိုဟ်တုတွေထိ လွှတ်နိုင်ခဲ့ပါတယ်။ လူတွေရဲ့ စရိုက်လက္ခဏာတွေ လည်း ပြောင်းလဲသွားပါတယ်။
လူမှုဘဝမြင့်မားဖို့ လျှပ်စစ်စွမ်းအင်ထုတ် ရာမှာ အမေရိကန်နိုင်ငံဟာ ဒီလောင်စာတွေ မလွဲ မသွေသုံးရတာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ အမေရိကန် လူမှုစီးပွားဘဝကို ရေရှည်တည်တံ့နိုင် ဖို့အတွက် အခြားစွမ်းအင်အရင်းအမြစ် မရမီမှာ ဒီကျောက်ဖြစ်ရုပ်ကြွင်းလောင်စာကို လက်မလွှတ် နိုင်ဘဲဖြစ်နေပါတယ်။ ယခင် ဆိုဗီယက်နိုင်ငံ တည်ထောင်ရာမှာလည်း လျှပ်စစ်စွမ်းအင်ရရှိရေး ဟာ ပထမဖြစ်ခဲ့ပါတယ်။
ကောင်းပါပြီ.. ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ် ချင်ပါတယ်။
တိုင်းပြည်ရဲ့လျှပ်စစ်လိုအပ်ချက်ကို နည်း ပညာသုံးပြီး နည်းမျိုးစုံနဲ့ ဖြည့်ဆည်းကြရပါ လိမ့်မယ်။
မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ရနိုင်တဲ့နိုင်ငံ မို့ ရေအားကနေပြီး လျှပ်စစ်ထုတ်ကြရပါမယ်။
နည်းပညာအတော်အသင့်သာလိုတဲ့ ကျောက် မီးသွေးသုံးလျှပ်စစ်စက်ရုံတွေကို ကျေးလက်ဒေသ မိုးများတဲ့ဒေသတွေမှာ တည်ဆောက်ပြီး စက်မှု လယ်ယာကို ရဲရဲရင့်ရင့် တည်ထောင်သင့်ပါတယ်။ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ကာဗွန်ဓာတ်ငွေ့ကို အထူးကြောက်ရွံ့စိုးရိမ်စရာမလိုပါလို့ ပြောချင်ပါ တယ်။ ကျွန်တော်တို့တစ်တွေ တစ်နှစ်မှာ သစ်ပင် နှစ်ပင်စိုက်ကြရပါလိမ့်မယ်။
နည်းပညာသစ်တွေသုံးလာတော့ အက်စစ်မိုး ဆိုတာ မဆိုစလောက်မို့ ယခုဆိုရင် အထူးကြောက် ရွံ့စိုးရိမ်စရာမလိုပါဘူး။ မိမိဉာဏ်ရည် အသိဉာဏ် နဲ့ စွမ်းအားမှန်သမျှ ထုတ်သုံးနိုင်တာမို့ ကမ္ဘာကြီး ပူနွေးတာ၊ ပုံမမှန်ရာသီဥတုဖြစ်ပေါ်တာ၊ တောမီး တွေလောင်တာစတဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်နိုင်မှာဖြစ်ပါကြောင်း မေတ္တာဖြင့်ရေးသား တင်ပြအပ်ပါတယ်။ ။
- Log in to post comments