
ဒေါက်တာခင်ခင်ကြီး
===========
(ယမန်နေ့မှအဆက်)
ကိုဗစ် - ၁၉ တတိယလှိုင်းမှာ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ခဲ့တယ် ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးလိုပါတယ်။ ပြည်ပ နိုင်ငံတွေကနေ ဝင်ရောက်ကူးစက်မှု မရှိစေရေး သေချာစောင့်ကြပ်ကြည့်ရှုပါတယ်။ ကူးစက်မှု များတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နဲ့ ယူကေနိုင်ငံတွေ က ပြန်လာသူတွေကို ကွာရန်တင်း ၁၄ ရက် ထားပါ တယ်။ ရောက်ပြီး သုံးရက်နဲ့ ၁၁ ရက်မှာ ဓာတ်ခွဲ နမူနာစစ်ဆေးပါတယ်။ ကျန်တဲ့နိုင်ငံတွေက ဝင်ရောက်လာသူတွေကို ကွာရန်တင်း ၁၀ ရက် ထားပါတယ်။ သုံးရက်နဲ့ ခုနစ်ရက်မှာ စစ်ဆေးပါ တယ်။ PCR နဲ့ စစ်ဆေးတာဖြစ်ပါတယ်။
စစ်ဆေးပြီး ပိုးမတွေ့ဘူးဆိုမှ ကွာရန်တင်းက လွှတ်ပေးတာဖြစ်ပါတယ်။ လေကြောင်း၊ ရေ ကြောင်းကနေ ကူးစက်မှုတွေ မလာစေဖို့၊ ကုန်းလမ်းက ဝင်ရောက်လာသူတွေကနေတစ်ဆင့် အခြားသူတွေကို ကူးစက်မှုမရှိစေဖို့ အသွားအလာ ၁၀ ရက် ကန့်သတ်တာတွေကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တစ်ခုက ကိုဗစ် - ၁၉ ရောဂါပိုးကူးစက် ခံရသူတွေကို စောစီးစွာရှာဖွေဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။ ဒီလိုရှာဖွေဖော်ထုတ်ဖို့ ဓာတ်ခွဲ စစ်ဆေးမှု(Test) လိုပါတယ်။ Test လို့ပြောပေမယ့် ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ချက်တွေ မလိုက် လာဘူးဆိုရင် စစ်သာစစ်တယ် အလကားပဲ၊ အဓိပ္ပာယ်မရှိဘူးလို့ WHO က ပြောထားပါတယ်။
ဒါကြောင့် သံသယလက္ခဏာရှိတဲ့သူတွေကို စစ်ဆေးပါတယ်။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ဖို့ Test Center တွေ ဖွင့်လှစ်တာ ရှိပါတယ်။ မြို့နယ်အလိုက် Mobile Swab Team တွေက Rapid Test တွေနဲ့စစ်ပါတယ်။ ဒါကို WHO က Rapid Test နဲ့ စစ်တယ်ဆိုတာ အချိန်တိုတို အတွင်းမှာအဖြေရပါတယ်၊ နေရာမရွေးသွားရောက် စစ်ဆေးနိုင်တယ်၊ အလွယ်တကူလုပ်ဆောင်နိုင်တဲ့ အတွက် အကျိုးရှိပါတယ်လို့ ပြောထားပါတယ်။ နောက် တပ်မတော်က ကျန်းမာရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းတွေမှာ PCR နဲ့ စစ်ဆေးတာတွေ ရှိပါ တယ်။ ဒါ့အပြင် ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းတွေမှာ PCR နဲ့ Rapid Test စစ်ဆေးမှုတွေကို ခွင့်ပြုပါ တယ်။ ဒီလိုနည်းနဲ့ ရောဂါရှိတဲ့သူတွေကို စောစီးစွာ ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်ပါတယ်။
အတည်ပြုလူနာကတစ်ဆင့် အခြားသူတွေကို ကူးစက်မှုမရှိစေဖို့ သူတို့ရဲ့ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး ဆေးရုံတွေ၊ ကိုဗစ်ကုသရေးစင်တာတွေ မှာ ထားရှိပြီး ကုသပေးပါတယ်။ Community Positive Center တွေ ဖွင့်လှစ်ပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း လူနာတွေ လက်ခံကုသပေးဖို့ ဆောင်ရွက်သလို အောက်ဆီဂျင်ရရှိရေးကို ရေတို၊ ရေရှည်ရည်မှန်းချက်တွေ ချမှတ်ပြီး ဆောင်ရွက်နေပါ တယ်။ လက်ရှိအောက်ဆီဂျင်လိုအပ်ချက်နဲ့စာရင် ထုတ်လုပ်နိုင်စွမ်းက ပိုပြီးများလာတဲ့အနေအထားကို တွေ့ရမှာ ဖြစ်ပါတယ်။
စစ်ဆေးလို့ ပိုးတွေ့တယ်ဆိုရင် သူတို့ရဲ့မိသားစု ဝင်တွေနဲ့ လုပ်ငန်းခွင်ကမိတ်ဆွေတွေစတဲ့ အနီးကပ် ထိတွေ့သူတွေကို အသွားအလာ ၁၀ ရက် ကန့်သတ် ထားပြီး သုံးရက်နဲ့ ၁၀ ရက်မြောက်တဲ့နေ့တွေမှာ စစ်ဆေးပါတယ်။ နောက် Stay at Home မြို့နယ်တွေ က လာတဲ့သူတွေကို အသွားအလာ ၁၀ ရက် ကန့်သတ်ထားပြီး သုံးရက်နဲ့ ၁၀ ရက်မြောက်နေ့တွေ မှာ စစ်ဆေးပါတယ်။ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့သူ တွေကို ဝေဒနာပြင်းထန်မှု၊ အသက်အရွယ်၊ နောက်ခံ ရောဂါအပေါ်မူတည်ပြီး ကုသရမယ့်ဆေးရုံနဲ့ ကုသ ရေးဌာနတွေကို လွှဲပြောင်းပေးတာတွေရှိပါတယ်။
ကူးစက်မှုများတဲ့ မြို့နယ်တွေကို Stay at Home အိမ်မှာနေထိုင်စေရေးအစီအစဉ် ချမှတ် လုပ်ဆောင်နေတာ အခုဆိုရင် ၁၁၉ မြို့နယ်ရှိပြီ ဖြစ်ပါတယ်။ Stay at Home မဟုတ်တဲ့ မြို့နယ်တွေ မှာ ရောဂါကာကွယ်ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ လိုပါတယ်။ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့အသိပေးတာ၊ သတိပေးတာ၊ ပညာပေးတာ၊ လိုက်နာမှု အားနည်းရင် အရေးယူတာတွေ ရှိပါတယ်။
ကူးစက်မှုအခြေအနေအပေါ် မူတည်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ကျန်းမာရေး ဌာနတွေ၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ က Stay at Home မလုပ်ဘဲ ဒေသအလိုက် အသွား အလာကန့်သတ်တာ၊ အချိန်ကန့်သတ်မှုနဲ့ အိမ်ပြင် ထွက်ခွင့် (Movement Control) ဆောင်ရွက်ပါတယ်။ အချို့နေရာတွေက လူနေကလည်း ကျဲပါးတယ်၊ ဖြစ်တာကလည်း အုပ်စုလိုက်ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ နေရာကိုလုပ်ခြင်းဖြင့် ကျန်တဲ့စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ အုပ်ချုပ်ရေး စတဲ့ကိစ္စရပ်တွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။
ရုံးပိတ်ရက်တွေကို ခြောက်ကြိမ်ပိတ်ပေး ပါတယ်။ စာသင်ကျောင်းတွေလည်း ပိတ်တယ်။ ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေအပေါ် မူတည် ပြီး ပြည်သူလူထုထဲမှာ ကူးစက်နိုင်ခြေရှိတဲ့သူတွေကို ကျန်းမာရေးအသိပညာ ပိုပေးတယ်။ အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အကျဉ်းထောင်၊ ဘိုးဘွားရိပ်သာနဲ့ စာသင်ကျောင်းတွေကို အသိပညာပေးပါတယ်။
ဒီနှစ်ထဲမှာ ကာကွယ်ဆေးအနည်းဆုံး ၅၀ ရာခိုင်နှုန်း ထိုးနှံပေးနိုင်ဖို့နဲ့ ဒီထက်ပိုပြီး ထိုးနှံနိုင်ဖို့ ဆောင်ရွက်ပါမယ်။ ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေ အနေက ဩဂုတ် ၂၂ ရက်အထိ ၄ ဒသမ ၄၆ သန်း ထိုးနှံပြီးဖြစ်ပါတယ်။ ဒီထဲမှာ တစ်ကြိမ်တည်း ထိုးနှံ ရသေးသူ ၂ ဒသမ ၆၆ သန်းနဲ့ အကြိမ်ပြည့် နှစ်ကြိမ် ထိုးနှံပြီးသူ ၁ ဒသမ ၈ သန်း ပါဝင်ပါတယ်။
ကာကွယ်ဆေးတွေကို ဦးတည်အုပ်စုအလိုက် ထိုးနှံပေးသလို သက်ဆိုင်ရာနှီးနွှယ်ဝန်ကြီးဌာနတွေ နဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းတွေကို မိမိတစ်နိုင်ငံတည်း ဆောင်ရွက် လို့မရပါဘူး။ ASEAN Network, ASEAN + 3 Network နဲ့ WHO Network ဆိုတာတွေ ရှိပါတယ်။ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင် ရွက်ရာမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ရောဂါဖြစ်ပွားမှု တွေကို သေချာစောင့်ကြည့်လေ့လာပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ သတင်းအချက်အလက်တွေ ဖလှယ်ပါတယ်။၊
ကိုဗစ် - ၁၉ က ဘယ်လောက်ကြာတဲ့အထိ ဖြစ်မယ်ဆိုတာ မသိနိုင်တဲ့အတွက် စီးပွားရေးထိခိုက် မှု လျော့ပါးစေဖို့အတွက် စီမံထားပါတယ်။ တရုတ် - မြန်မာနယ်စပ်က ကုန်သွယ်ရေးဂိတ်တွေမှာ ဖျားနာ မှု ရှိ/ မရှိ Surveillance လုပ်ငန်းဆောင်ရွက်တာ၊ ကိုဗစ် - ၁၉ ရှိ/ မရှိ စစ်ဆေးတာ၊ လိုအပ်ရင် ကွာရန် တင်းထားရှိတာ၊ ကုသရေးစင်တာနဲ့ ဆေးရုံတွေ ပြင်ဆင်တာတွေ လုပ်ပါတယ်။
မူဆယ်ဆေးရုံမှာရှိတဲ့ ဓာတ်ခွဲခန်းကို အဆင့် မြှင့်တင်ပါတယ်။ တရုတ်နိုင်ငံက လှူဒါန်းဖို့စီစဉ် ထားတဲ့ ကိုဗစ် - ၁၉ ကာကွယ်ဆေးတွေကို မူဆယ် နဲ့ နမ့်ခမ်းမှာရှိတဲ့ အသက် ၁၈ နှစ်အထက် လူဦးရေ အားလုံးကို ထိုးနှံပေးဖို့နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ခုတင် ၁၀၀၀ ဆံ့ ကိုဗစ် ကုသရေးစင်တာဆောက်လုပ်တာတွေကို ရေတို၊ ရေရှည်စီမံချက်တွေနဲ့ ဆောင်ရွက်နေပါတယ်။ ဒါတွေက လက်ရှိကိုဗစ် - ၁၉ တတိယလှိုင်းမှာ ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် ချက်တွေကို ဟန်ချက်ညီညီဆောင်ရွက်နိုင်လို့ ကူးစက်မှုတွေက ကျဆင်းလာတယ်လို့ ပြောချင်ပါ တယ်။
အစီအစဉ်မှူး။ ။ ဖြည့်စွက်ပြောကြားလိုတာ ရှိရင် ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ လက်ရှိ ကိုဗစ် - ၁၉
တတိယလှိုင်းက ကျဆင်း လာတဲ့အနေအထား တွေ့နေရပါပြီ။ သို့သော် အောက်ခြေအထိ ရောက်သွားတာ မဟုတ်သေး ပါဘူး။ ဘယ်လောက်ကြာနိုင်သလဲဆိုရင် နှစ်ပတ်၊ တစ်လလောက်အထိ ကြာနိုင်ပါတယ်။ WHO ကျွမ်းကျင်ပညာရှင်တွေက ကိုဗစ် - ၁၉ တတိယ လှိုင်းအနေနဲ့ အောက်တိုဘာလမှာ ကျဆင်းနိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ နောက်တစ်လကျော် လောက် ရုန်းကန်ရဦးမယ့်အနေအထား ဖြစ်ပါတယ်။
Stay at Home လုပ်တယ်ဆိုတာ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အချို့တွေက ပြောတယ်၊ ကျွန်မတို့ မြို့နယ်မှာ ရောဂါဖြစ်ပွားမှုတွေက သိပ်မများဘူး၊ Stay at Home ပါနေတယ်။ အချို့က ရောဂါဖြစ်ပွား မှုများတယ်၊ ဘာကြောင့် Stay at Home မပါသေး တာလဲ စသဖြင့်ပြောနေကြတာတွေနဲ့ ပတ်သက်ပြီး ရှင်းပြလိုပါတယ်။
ရောဂါဖြစ်ပွားမှုအခြေအနေကို သုံးသပ်တဲ့ အခါ ပိုးတွေ့လူနာအရေအတွက် တစ်ခုတည်းကို စဉ်းစားတာ မဟုတ်ပါဘူး။ ပိုးတွေ့လူနာသစ်ဦးရေ၊ ပိုးတွေ့ရာခိုင်နှုန်း၊ တစ်စတုရန်းကီလိုမီတာမှာ လူဦးရေဘယ်လောက်နေထိုင်သလဲ၊ ရောဂါကူးစက် ပျံ့နှံ့မှုက အသိုက်အဝန်းတစ်ခုတည်းမှာ အများကြီး ဖြစ်နေတာလား၊ ဟိုတစ်စုဒီတစ်စုဖြစ်နေတာလား၊ ဒါမှမဟုတ် တစ်နေရာတည်းမှာ အစုလိုက် အပြုံ လိုက်ဖြစ်နေတာလား၊ ပြည်တွင်းက ကူးစက်တာ လား၊ နိုင်ငံခြားက ပြန်လာသူတွေက ကူးစက်တာ လား စသဖြင့် ဒါမျိုးတွေကို ကြည့်ပါတယ်။
ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့အခြေအနေ၊ လူအင်အား၊ ဓာတ်ခွဲ စမ်းသပ်မှု၊ ရောဂါကာကွယ်ရေးသတ်မှတ်ချက်တွေ ကို ပြည်သူလူထုက လိုက်နာဆောင်ရွက်နိုင်တဲ့ အနေအထား၊ အချို့မြို့နယ်တွေနဲ့ ကူးလူး ဆက်သွယ်နိုင်မှုက အချက်အချာကျသလား၊ ရွှေ့ပြောင်းလုပ်သားတွေရှိလား၊ စက်ရုံအလုပ်ရုံတွေ များလား၊ နယ်စပ်ဒေသနဲ့ ဆက်စပ်မှုရှိသလားစတဲ့ အချက်တွေအပေါ်မူတည်ပြီး အဘက်ဘက်က သုံးသပ်ဆောင်ရွက်ထားတယ်ဆိုတာ ပြောချင်ပါ တယ်။
Stay at Home မြို့နယ်တွေထဲက ကူးစက်မှု ကျသွားပြီး ထိန်းချုပ်နိုင်တဲ့မြို့နယ်တွေကို Stay at Home ကနေ ပယ်ဖျက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ရှေ့တစ်ပတ်မှာ အကောင်အထည်ဖော်မှာ ဖြစ်ပါ တယ်။ ဒီနေရာမှာ ပြည်သူလူထုကို ပြောချင်တာက ကိုဗစ် - ၁၉ တတိယလှိုင်းက ဒုတိယလှိုင်းထက် ပိုပြီးအရှိန်အဟုန်လည်းပြင်းတယ်၊ ကူးစက်မှု၊ သေဆုံးမှုတွေများတယ်၊ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို အကြောင်းအရာတစ်ခုခုအပေါ်မှာ သင်ခန်းစာယူတတ်ရင် နောက်ထပ်လှိုင်းတွေ မဖြစ် ပေါ် ဖို့ တားဆီးကာကွယ်ရာမှာ အရေးကြီးပါတယ်။
တတိယလှိုင်းက ဘာကြောင့်ဖြစ်သလဲဆိုရင် ကိုဗစ် - ၁၉ ဗီဇပြောင်းပိုးတွေက အိမ်နီးချင်းနိုင်ငံ မှာဖြစ်တယ်။ အိန္ဒိယနဲ့ မြန်မာ နယ်စပ်ဒေသမှာ တရားမဝင် ဝင်ပေါက်တွေရှိတယ်။ ဗီဇပြောင်းပိုး သယ်ဆောင်လာတဲ့သူတွေကနေ တစ်ဆင့် ကူးစက်မှုတွေရှိတယ်ဆိုတာ သိရပါတယ်။ နောက် တစ်ခုက လုံခြုံရေးအခြေအနေဖြစ်ပါတယ်။ ဝန်ထမ်းအင်အားနည်းပါးတဲ့အခါ နယ်စပ်ဂိတ်တွေမှာ အရင်ကလို စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းတွေ အားနည်းခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ နောက် တစ်ခုက လူစုလူဝေးတွေ ဖြစ်ပေါ်တဲ့အတွက် ရောဂါ ဖြစ်ပွားမှုက အစုလိုက်အပြုံလိုက်ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ သင်ခန်းစာယူစရာတွေကို သင်ခန်း စာယူပြီး စတုတ္ထလှိုင်းမဖြစ်ပေါ်ဖို့ အာရုံစူးစိုက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံမှာ စတုတ္ထလှိုင်းဖြစ်ပွားမှုနဲ့ ကြုံနေရပြီ၊ ဖြစ်ပွားမှုတွေနည်းအောင် အဓိကအချက် သုံးချက် တိုက်တွန်းလိုပါတယ်။ ပထမအချက်က ကာကွယ်ဆေးတွေ များများထိုးဖို့ တိုက်တွန်းပါတယ်။ ကမ္ဘာ့ကပ်ရောဂါကို ရပ်တန့်နိုင်တာက ကာကွယ် ဆေးမဟုတ်ပါဘူး၊ ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်ပါ တယ်။ ကာကွယ်ဆေးတွေရှိနေပေမယ့် များများထိုးမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ဒုတိယအချက်က သက်လတ်ပိုင်းလူငယ်တွေမှာ ဖြစ်ပွားမှုတွေများတာကို တွေ့ရပါတယ်။ ဒီ လိုအပ် ချက်အပေါ်မူတည်ပြီး ကာကွယ်ဆေးတွေကို တိုးချဲ့ ထိုးပေးဖို့ လိုပါတယ်။ တချို့နိုင်ငံတွေမှာ ကာကွယ် ဆေးထိုးခြင်းကို မထိုးမနေရသတ်မှတ်ထားတာ ရှိပါတယ်။ အထူးသဖြင့် အများပြည်သူနဲ့ ဆက်ဆံ နေရတဲ့ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ကျန်းမာ ရေးဝန်ထမ်းတွေ မဖြစ်မနေထိုးရမှာ ဖြစ်ပါတယ်။ မထိုးဘူးဆိုရင် ပြည်သူ့ကျန်းမာရေးဥပဒေ၊ ကူးစက် ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေတွေနဲ့ အရေးယူ လို့ရပါတယ်။ အများပြည်သူအကျိုးအတွက် လိုအပ် တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါ တယ်။ မလိုက်နာတဲ့သူကိုလည်း အရေးယူဖို့လိုအပ် ပါတယ်။ ကာကွယ်ဆေး ထိုးနှံသင့်တဲ့သူတွေကို များများထိုးနှံပေးဖို့ အရေးကြီးပါတယ်။
နံပါတ် (၃) က အရေးအကြီးဆုံးဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့ Mask တပ်တာ၊ လက်ဆေးတာ၊ လူအုပ်စုရှောင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာ၊ လေကောင်းလေသန့်ရအောင်နေတာ၊ ချောင်းဆိုး နှာချေရင် အုပ်ဆိုးတာ ဒါတွေကအရေးကြီးပါတယ်။ အခု ကမ္ဘာကြီးမှာ ဗီဇပြောင်းပိုးတွေက သူ့ထက်သူ လူစွမ်းကောင်းတွေ ထွက်ပေါ်နေပါတယ်။ ကာကွယ်ဆေးထိုးနှံသူ များလာလေလေ ဗီဇ ပြောင်းပိုးတွေဖြစ်ပေါ်မှုအန္တရာယ် နည်းလေလေ ဖြစ်ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးဖို့လိုသလို တစ်ဖက်ကလည်း ပြည်သူ့ကျန်းမာရေး စည်းကမ်း တွေ၊ ကိုဗစ် - ၁၉ စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ တိုက်တွန်းလိုပါတယ်။ ဒါဆိုရင် လက်ရှိ တတိယလှိုင်းကို အမြန်ဆုံးထိန်းချုပ်နိုင်ပြီး နောက်ထပ်ဖြစ်ပွားမှုမရှိအောင် ကာကွယ်နိုင်မယ် လို့ ပြောလိုပါတယ်။ မြန်မာပြည်သူပြည်သားတွေနဲ့ ကမ္ဘာသူကမ္ဘာသားတွေ ကိုဗစ် - ၁၉ အန္တရာယ်ကနေ ကင်းဝေးဖို့အတွက် ဆုတောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။ ။
n