ကမ္ဘာတည်သရွေ့

Type

ဆင့်ကဲဖြစ်စဉ်


ခရီးသွားလာခြင်းကို လေ့လာရာတွင် (၂၀) ရာစု၊ (၂၁) ရာစုမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ သမိုင်းမတင်မီ ကာလ ခရီးသွားခြင်း (Travel in Prehistoric Times. B.C 32000-10000)၊   ကျောက်ခေတ်နှောင်းပိုင်း ကာလ ခရီးသွားခြင်း (Travel in Neolithic Times, Begin B.C 10000)၊ ရှေးကျသော လူ့အဖွဲ့အစည်းတွင် ခရီးသွားခြင်း (Travel in Ancient Civilization- B.C-3200 to AD 476)၊ အလယ်ခေတ်တွင် ခရီးသွား ခြင်း (Travel in the  Middle Ages. – AD 476 to 1300)၊  တစ်ကျော့ပြန်ခေတ်တွင်   ခရီးသွားခြင်း (Travel in the Renaissance – AD. 14 to 17 Centuries)၊ စက်မှုခေတ်တွင် ခရီးသွားခြင်း (Travel in the Industrial Age (18 Century)၊ ၁၉ ရာစု ခရီးသွားလုပ်ငန်းများ ပေါ်ပေါက်လာခြင်း (Travel in the 19 Century)၊ ၂၁ ရာစု ခေတ်သစ်ခရီးသွားခြင်း (Travel in the 21 Century) ဟူ၍ ခေတ်အပိုင်းအခြားလိုက်တွေ့ရှိရပါသည်။ 


သမိုင်းမတင်မီခေတ် (Travel in Prehistoric Times) မှစ၍ လူသားများသည် အသက်ရှင် ရပ်တည် ရေးအတွက် အစားအစာရရှိရန်အတွက် အမဲလိုက် ခြင်း၊ ရေရရှိရန် ရှာဖွေခြင်း၊ စုပေါင်းနေထိုင်၊ စုပေါင်း သွားလာခြင်းဖြင့် စတင်ခဲ့ကြပြီး ကျောက်ခေတ် နှောင်းပိုင်းကာလ (Travel in Neolithic Times) တွင် နတ်ကွန်းများ၊ ဂူသင်္ချိုင်းများ၊ လျှို့ဝှက်ဆန်းကြယ် သောနေရာများသို့ သွားလာခြင်းဖြင့် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သော ခရီးသွားခြင်းသည် (၂၁) ရာစု အထိ ခရီးဆက်မပျက်၊ အရှိန်အဟုန်ကောင်းကောင်း ဖြင့် သွားလာနေကြဆဲဖြစ်ပါသည်။ (ခေတ်အလိုက် ခရီးသွားမှု ပုံသဏ္ဌာန်များ ပြောင်းလဲလာပုံကို နောင် အလျဉ်းသင့်ချိန်တွင် တင်ပြသွားပါမည်။) ခရီးသွား လာမှုပုံသဏ္ဌာန်ပြောင်းလဲလာခြင်းကလွဲ၍  နောင် ဆက်၍လည်း ခရီးသွားလာခြင်းများ ရှိနေဦးမည်ဖြစ် ပါသည်။  ခရီးသွားလုပ်ငန်းသည်  ပင်လယ်ရေကဲ့သို့ ခပ်ယူသုံးစွဲသော်လည်း    မကုန်နိုင်သည်ဖြစ်၍ သဘာဝ\အရင်းအမြစ်များကို မျှဝေရယူခံစားခြင်း၊ ပျက်စီးဆုံးရှုံးမှုများမရှိစေရန် ထိန်းသိမ်းစောင့်ရှောက် ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲ စေရန် ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။


တွင်ကျယ်လာသည့် ခရီးသွားလုပ်ငန်း


(၂၁) ရာစု ခေတ်သစ်ခရီးသွားလုပ်ငန်းများတွင် အပန်းဖြေခရီးစဉ်   (Recreation Tourism)၊ ယဉ်ကျေးမှုခရီးစဉ် (Cultural Tourism)၊ လူမျိုးစု လေ့လာရေးခရီးစဉ် (Ethnic Tourism)၊   အားကစား အခြေပြုခရီးစဉ် (Sport Tourism)၊ စိုက်ပျိုးရေး အခြေပြုခရီးစဉ် (Agriculture Tourism)၊ ရပ်ရွာ လူထုအခြေပြုခရီးစဉ်  (Community Based Tourism)၊ စေတနာ့ဝန်ထမ်းခရီးစဉ်  (Volunteer Tourism)၊ သဘာဝအခြေခံခရီးစဉ် (Eco Tourism)၊   လောင်းကစားအခြေခံခရီးစဉ်    (Gambling Tourism)၊ စွန့်စားမှုခရီးစဉ် (Adventure Tourism)၊ အဏ္ဏဝါခရီးစဉ် (Marine Tourism)၊   ပညာရေးအခြေပြု ခရီးစဉ် (Educational Tourism)၊ နယ်စပ်ဖြတ်ကျော် ခရီးစဉ် (Caravan Tourism) တို့သည် နိုင်ငံတကာ ဧည့်သည်များ ကြိုက်နှစ်သက်သည့် ထင်ရှားသော ခရီးသွားအမျိုးအစားများပင်ဖြစ်ပါသည်။
သို့အတွက် ဝန်ဆောင်မှုဖြင့် စီးပွားရေးလုပ်ကိုင် လိုကြသောသူများသည် ခရီးသွားလုပ်ငန်း နယ်ပယ် သို့ အလျင်အမြန် ဝင်ရောက်လာကြပြီး   ဟိုတယ် လုပ်ငန်း၊ မိုတယ်လုပ်ငန်း၊ အပန်းဖြေ ဧည့်ရိပ်သာလုပ်ငန်းများတွင်လည်းကောင်း၊ ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊   စားသောက်ဆိုင် လုပ်ငန်း၊  အမှတ်တရပစ္စည်းရောင်းချရေး    လုပ်ငန်း များတွင်လည်းကောင်း၊     ဘဏ်လုပ်ငန်းများတွင် လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများကို အပြိုင်အဆိုင် ပြုလုပ်လာကြပါသည်။


ဖန်တီးမှုပညာ


ယနေ့ (၂၁) ရာစုခေတ်တွင် ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးသာမက နိုင်ငံရေး၊ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကိုပါ ဆင့်ကဲအကျိုးသက်ရောက်မှုရှိခြင်းကြောင့် ကမ္ဘာ့ နိုင်ငံအသီးသီးတို့သည်         ခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်လာကြပါသည်။
ခရီးသွားလုပ်ငန်းအား   ဝန်ဆောင်မှုပေးသော စီးပွားရေးလုပ်ငန်းဟု ခေါ်ဆိုသတ်မှတ်ကြသကဲ့သို့နိုင်ငံ၏ထုတ်ကုန်တစ်ခုအနေဖြင့်လည်း သတ်မှတ် ကြပါသည်။  ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ ဧည့်သည် (တစ်နည်းအားဖြင့်) စားသုံးသူများ၏ စိတ်ကျေနပ်မှု ကို   ရရှိစေရန်အတွက်   သမားရိုးကျပုံစံများဖြင့် ဝန်ဆောင်မှုပေးနေခြင်းအစား တီထွင်ဆန်းသစ်သော အတွေးအခေါ်၊ ဖန်တီးမှုများဖြင့် ခရီးသွားပုံစံ အမျိုးမျိုး ကို ဖော်ထုတ်ကာ ဝန်ဆောင်မှုပေးနိုင်ရန်လိုအပ်ပါသည်။  ထို့အတူ   ထုတ်ကုန်ပစ္စည်းတစ်ခုအဖြစ် စားသုံးသူ ကမ္ဘာလှည့်ခရီးသည်များမှ ဝယ်ယူသုံးစွဲကြ မည်ဖြစ်ရာ ဝယ်ယူစားသုံးသူ၏ ပေးချေသော တန်ဖိုး နှင့် ထိုက်တန်သည့်   အရည်အသွေးမြင့်  ထုတ်ကုန် ပစ္စည်းတစ်ခုလည်းဖြစ်ရန် လိုအပ်ပါသည်။ နိုင်ငံတကာ သို့ လှည့်လည်သွားလာနေကြသော  ကမ္ဘာလှည့်ခရီး သည်များ၏   ကြိုက်နှစ်သက်မှုများကို    လေ့လာ ဆန်းစစ်သုံးသပ်ပြီး  ဖန်တီးမှုများဖြင့်   ပေါင်းစပ် ဆောင်ရွက်ထားကြသဖြင့်    ယခုအခါ     ခေတ်သစ် ခရီးသွားလုပ်ငန်း  အမျိုးအစားများစွာ    ခရီးသွား ဧည့်သည်များနှင့် ရင်းနှီးနေကြပြီဖြစ်ပါသည်။


ခရီးသွားအတ္တ


ခရီးသွားလုပ်ငန်းအရင်းအမြစ်များသည် ထုတ်ယူ သုံးစွဲ၍ မကုန်နိုင်သော သဘာဝအရင်းအမြစ်များဖြစ် ၍ ခရီးသွားလုပ်ငန်းနယ်ပယ်အပြင် ဆက်စပ်လုပ်ငန်း နယ်ပယ်များပါ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်သဖြင့် လူနှင့် လူ့ပတ်ဝန်းကျင်ကို     အကျိုးရှိစေပါသည်။ ဟိုတယ်လုပ်ငန်းနှင့်   ခရီးသွားလုပ်ငန်း၊ ခရီးသွား လုပ်ငန်းနှင့်         ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊  ဧည့်လမ်းညွှန်လုပ်ငန်းနှင့် အမှတ်တရပစ္စည်းအရောင်းလုပ်ငန်း၊ စားသောက်ဆိုင် နှင့် အဖျော်ယမကာလုပ်ငန်း စသည့်လုပ်ငန်းတစ်ခုနှင့် တစ်ခု၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိ ချိတ်ဆက် ဆောင်ရွက်ရပါသည်။


ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လောဘကြီးသော သူအချို့ကိုလည်း တွေ့ရသည်။      ရှားပါးလှသော ကမ်းခြေဧရိယာများ၊      ရေချိုထွက်ကျွန်းများကို လက်ဦးမှုရယူ၍ လိုအပ်သည်ထက် ဧကထောင်ချီ ကျယ်ဝန်းစွာရယူပိုင်ဆိုင်ဖို့ ကြိုးစားနေကြသည်။ ဟိုတယ်နှင့်အပန်းဖြေစခန်း တည်ဆောက်ရန် လိုအပ် သည့် မြေဧရိယာမှာ ဧက ၅၀ ခန့်၊ အများဆုံး ဧက ၁၀၀ ခန့်ဖြင့် လုံလောက်သော်လည်း အဆမတန် ပိုမိုရယူထားကြသဖြင့် အခြားသူများ ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ရန်  အခွင့်အလမ်းမရှိတော့ချေ။    ပို၍ ဆိုးသည်က ကျွန်းများပေါ်တွင် မူလနေထိုင်လာကြ သော လူမျိုးနွယ်၏ နေထိုင်မှု၊ သောက်သုံးရေ ရယူ မှုနှင့်   ဓလေ့ထုံးတမ်းအစဉ်အလာများပါ  ထိခိုက် ခံစားစေမှုတို့ကို ဖြစ်ပေါ်စေပါသည်။


သို့အတွက် ကမ်းခြေဧရိယာများနှင့် ဆက်စပ် သော  မြေဧရိယာပေါင်းများစွာကို   အခြားနည်းဖြင့် သုံးစွဲခွင့်ရရှိရေး          လျှောက်ထားလာကြရာတွင် လည်းကောင်း၊ ကျွန်းများပေါ်ရှိ မြေဧရိယာပေါင်း များစွာအား လုပ်ပိုင်ခွင့်   လျှောက်ထားလာကြရာ တွင်လည်းကောင်း   ဝန်ကြီးဌာနသို့  သဘောထား တောင်းခံလာရာတွင်   ဟိုတယ်အပန်းဖြေစခန်း တည်ဆောက်ရန်လိုအပ်သည့်  မြေဧရိယာအပေါ် တွင်သာ သဘောထား ပြန်ကြားပေးလေ့ရှိသည်ကို သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများအနေဖြင့် သတိ ပြုသင့်ပါသည်။


အတုယူသင့်


ထို့အတူ ဌာနတစ်ခုနှင့် တစ်ခု ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှု    အားနည်းခြင်း၊   ဌာနအလိုက်   လုပ်ထုံး လုပ်နည်း၊ မူဝါဒများ တရားသေကိုင်ဆွဲထား ခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို တုံ့ဆိုင်းစေပါသည်။ ခရီးသွားလုပ်ငန်းလုပ်ကိုင် နေသော ကျွန်းများပေါ်တွင် ပုလဲမွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်ခွင့်ပြုခြင်း၊ ပုလဲမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသော ကျွန်းများပေါ်သို့ ခရီးသွား ဧည့်သည်များ   ဝင်ရောက်လည်ပတ်ခွင့်မပြုခြင်း၊ ကမ်းခြေသဲသောင်ပြင်ရှေ့ ရေပြင် (Public Area) ကိုပင်   ဝင်ရောက်ခွင့်၊   ဖြတ်သန်းခွင့်  မပြုခြင်းများ သည်  မော်ကင်း (ခေါ်)  ဆလုံလူမျိုးများ၊   ဟိုတယ် လုပ်ငန်းလုပ်ကိုင်သူများ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင် သူများ၊ ပုလဲမွေးမြူရေးလုပ်ငန်းရှင်များ၊ ငှက်သိုက် မွေးမြူရေး လုပ်ငန်းရှင်များအကြား ပွတ်တိုက်မှုများ ကို ဖြစ်ပေါ်စေပါသည်။
ခရီးသွားလုပ်ငန်းအပေါ် နားလည်သော ပုလဲ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာတွင် ပုလဲ မွေးမြူရေးနှင့် ပုလဲထုတ်လုပ်ရေးလုပ်ငန်းများအား ကမ္ဘာလှည့်ခရီးသည်များသို့ ပြသကာ ဘေးတိုက် အကျိုးစီးပွားဖြစ်ထွန်းရရှိမှုကို အတုယူ၍ Win Win Situation ဖြစ်စေသည့်     လုပ်ဆောင်မှုမျိုးကို ပြင်ဆင်လာကြသည်။ ပုလဲမွေးမြူရေးလုပ်ငန်းအား မထိခိုက်စေသည့် စည်းကမ်းသတ်မှတ်ချက်များကို ချမှတ်၍ ခရီးသွားဧည့်သည်များ လေ့လာလည်ပတ် စေခြင်းဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူနှင့် ပုလဲ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတို့ နှစ်ဦးနှစ်ဖက် အကျိုးခံစားမှုကို ရရှိစေပါသည်။


ကမ္ဘာတည်သရွေ့


အထူးသဖြင့် ခရီးသွားလုပ်ငန်းသည် လူတန်းစား  အလွှာအသီးသီးအပေါ်တွင်  လည်းကောင်း၊ စီးပွား ရေးလုပ်ငန်းအသီးသီးအပေါ်တွင်  လည်းကောင်း၊ အကျိုးရလဒ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက် ရရှိသဖြင့်   သဘာဝကပေးအပ်ထားသော   အရင်း အမြစ်များကို မျှဝေခံစားကြရန်နှင့် ခရီးသွားဒေသ ရပ်ဝန်းများကို     ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းသွားကြရန်လိုအပ်ပါသည်။ ကမ္ဘာကြီးနှင့် လူသားများ တည်ရှိနေသရွေ့ ခရီးသွားလုပ်ငန်းသည် တည်ရှိနေမည်ဖြစ်ပါသည်။      တစ်ဦးတည်း၊ တစ်ယောက်တည်းမှ အုပ်စိုးချုပ်ကိုင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းမျိုးတွင် ခရီးသွားလုပ်ငန်း မပါဝင် သဖြင့်  ခရီးသွားလုပ်ငန်းအပေါ်   စိတ်ဝင်စားသူ မည်သူမဆို ဆောင်ရွက်နိုင်ပါသည်။ အတွေ့အကြုံ၊ ဖန်တီးမှု၊ ဝန်ဆောင်မှု ကောင်းမွန်ခြင်းတို့ကသာ ရေရှည်တွင် အောင်မြင်မှု ရောက်ရှိသွားမည်ဖြစ်ပါ သည်။


၂၀၂၀ ပြည့်နှစ်တွင် သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု   ဦးစီးဌာနတို့၏ ညှိနှိုင်းဆောင်ရွက်မှုကြောင့် ပုလဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားသော ကျွန်းစခန်း ပေါင်း ၁၂ ခုရှိသည့်အနက် ဘုတ်ပြင်းမြို့နယ်ရှိ ပုလဲ ကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ပုလဲတံခွန်စခန်း၊ ကော့သောင်း မြို့နယ်ရှိ ရွှေကျွန်းစခန်း၊ ငလုံးလဖယ်စခန်း၊ ဂျလန်း ကျွန်းစခန်း စသည့် ပုလဲမွေးမြူရေးစခန်း ငါးခုသို့ စည်းကမ်းသတ်မှတ်ချက်များဖြင့်        ခရီးသွား ဧည့်သည်များ လာရောက်လေ့လာလည်ပတ်စေခဲ့ သဖြင့် ခရီးသွားလုပ်ငန်းနှင့် ပုလဲမွေးမြူရေးလုပ်ငန်း တို့ ပူးပေါင်းမျှဝေခံစားမှုကို မြင်တွေ့နေရပြီဖြစ်ပါ သည်။ ကျန်ပုလဲမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေ သော ကျွန်းစခန်းများကိုလည်း ဤကဲ့သို့ စည်းကမ်း သတ်မှတ်ချက်များချမှတ်၍ လည်ပတ်ခွင့်ကို ခွင့်ပြု ပေးပါက ခရီးစဉ်အသစ်များ ဖြစ်ထွန်းလာမည်ဖြစ်ပါ ကြောင်း တင်ပြလိုက်ပါသည်။            ။