
ရန်ကုန် ဒီဇင်ဘာ ၆
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၃၈ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်သည်။ (၃၂) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစား နည်း ၃၈ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၆၀၈ မျိုး ထည့်သွင်းကျင်းပမည် ဖြစ်သည်။
(၃၂) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် စနူကာ၊ ဘိုးလင်း၊ ကာယဗလ၊ စစ်တုရင်၊ စက်ဘီး၊ ခရစ်ကတ်၊ Dance Sports၊ ESports၊ ဓားရေး၊ Floorball၊ ဘောလုံး၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ ဟော်ကီ၊ Jet ski၊ ဂျူဒို၊ ကရာတေး၊ Martial Arts (ဂျူဂျစ်ဆု၊ Kun Bokator ၊ Arnis၊ ကစ်ဘောင်ဆင်၊ ဗိုဗီနမ်၊ Kun Khmer ၊ Obstacle Race၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း/ခြင်းလုံး၊ Soft Tennis၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ရိုးရာလှေ၊ ဘော်လီဘော၊ အလေးမ၊ နပန်း၊ ဝူရှူးနှင့် Teqball ပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။ ယင်းအားကစားနည်း ၃၈ မျိုး အနက် Teqball အားကစားနည်း ကို သရုပ်ပြပြိုင်ပွဲအဖြစ်သာ ကျင်းပမည် ဖြစ်သောကြောင့် ကျန်အားကစားနည်း ၃၇ မျိုး တွင်သာ ဆုတံဆိပ်ချီးမြင့်မည် ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပခြင်း ဖြစ်ပြီး အားကစားနည်းများစွာ ထည့်သွင်းကျင်းပရန် စီစဉ်ထားပြီး တိုက်ခိုက်ရေး အားကစားနည်း များကို Martial Arts ခေါင်းစဉ် အောက်တွင် ထည့်သွင်းကျင်းပ မည်ဖြစ်သောကြောင့် အားကစား နည်း ၃၈ မျိုးသာ ရှိတော့ခြင်း ဖြစ်သည်။
မြန်မာအားကစား အဖွဲ့များ သည် နေပြည်တော်နှင့် ရန်ကုန် မြို့တို့တွင် စခန်းဝင်လေ့ကျင့် လျက်ရှိပြီး ပြေးခုန်ပစ်၊ ဝူရှူး၊ လက်ဝှေ့နှင့် ဘော်လီဘောအသင်း တို့မှာမူ တရုတ်နိုင်ငံ၌ သွားရောက် လေ့ကျင့်လျက်ရှိသည်။
မြန်မာ အားကစားအဖွဲ့ အနေဖြင့် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် (၃၁) ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအပြီး တစ်လ ကျော်သာ အနားယူကာ လေ့ကျင့် ပြင်ဆင်လျက်ရှိပြီး အားကစား နည်း ၂၀ ဝန်းကျင် ဝင်ရောက် ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။
ရဲရင့်လွင်