ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အီဘိုလာရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေး

ကင်ရှာဆာ    ဇူလိုင်   ၈

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အီဘိုလာရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံက ခိုင်မာစွာရပ်တည်ကာ ကူညီဆောင်ရွက်ခဲ့ကြောင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး ဆမ်မျူရယ် ရော်ဂျာကန်ဗာက ဇူလိုင် ၇ ရက်တွင် ပြောကြားသည်။ ကွန်ဂိုဒီမိုကရက်သမ္မတ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးဇေအိုဗင်း အပါအဝင် အီဘိုလာရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံမှ ဆေးပညာရှင်များနှင့်တွေ့ဆုံရာတွင် ၎င်းက  အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ မိမိနိုင်ငံတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ  အရေးတကြီးဆောင်ရွက်နေသည့် လက်ရှိအချိန်တွင် ဆေးပညာရှင်များ စေလွှတ်ပေးသည့်အတွက် တရုတ်နိုင်ငံအစိုးရအား  ကျေးဇူးတင်ရှိကြောင်း ၎င်းကပြောကြားသည်။

တရုတ်နိုင်ငံသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်   ပြည်သူ့ကျန်းမာရေးအရေးပေါ် တုံ့ပြန်မှုစွမ်းရည်ကို အားကောင်းစေရန် လက်တွေ့ကျသော ပံ့ပိုးမှုများပေးအပ်ခြင်းဖြင့် ကတိကဝတ်များကို လိုက်နာဆောင်ရွက်ခဲ့ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားသည်။

အီဘိုလာရောဂါစောင့်ကြည့်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သိပ္ပံနည်းကျသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးဝါးကုသမှုနှင့် ဝန်ထမ်းလေ့ကျင့်ရေးကဲ့သို့သော နယ်ပယ်များတွင် ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ဆန္ဒရှိ ကြောင်း ၎င်းကပြောကြားခဲ့သည်။

အီဘိုလာရောဂါဖြစ်ပွားမှုသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအတွက်ပါ သက်ဆိုင်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအသိုက်အဝန်းကို ကိုယ်စားပြုဆောင်ရွက်နေသည့် တရုတ်နိုင်ငံသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  သံအမတ်ကြီး ဇေအိုဗင်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ