
ကိုမြန်မာ
====
“သစ္စာဝါဒက ဖိနပ်စီးနေစဉ်တွင်၊ မုသာဝါဒက ကမ္ဘာတစ်ပတ် ပတ်ပြီးခဲ့လေပြီ။” ဟူသော ဆိုရိုး စကားမှာ ယခုကဲ့သို့ တစ်စက္ကန့်တွင် ကမ္ဘာကို ခုနစ် ပတ်ခွဲခန့် ပတ်နိုင်သည့် လျှပ်စစ်သံလိုက်လှိုင်းသုံး အင်တာနက်ခေတ်ကြီးတွင် ပို၍ပို၍ သွေးထွက် အောင် မှန်လှသည်။ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှစ၍ ချင်းပြည်နယ် ထန်တလန်မြို့ တွင် လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မီးရှို့ မှုကြောင့် တစ်မြို့လုံး မီးလောင်ပျက်စီးလျက် ရှိသည်”ဟူသော သတင်းများက သတင်းမီဒီယာ များနှင့် လူမှုမီဒီယာ စာမျက်နှာများစွာတွင် တောမီးလောင်သလို ပျံ့နှံ့လာခဲ့သည်။ မြို့လယ်ရှိ အဆောက်အအုံများ မီးလောင်နေမှုကိုလည်း အားကောင်းသော အဆင့်မြင့်ဒရုန်းကင်မရာမှ ရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများလည်း အချိန်နှင့်တစ်ပြေးညီ ပင် အင်တာနက်လိုင်းပေါ်တွင် ပေါ်ထွက်လာခဲ့ သည်ကို တွေ့ရသည်။
ချက်ချင်းမတုံ့ပြန်နိုင်
ထိုကဲ့သို့ တာဝန်မဲ့သည့် မီဒီယာများက ထင်သလို ထုတ်လွှင့်၍ကောင်းနေချိန်တွင် တာဝန် ရှိသူများဘက်ကတော့ သတင်းမှန်၊ မြေပြင်အချက် အလက်မှန်များကို ရယူရှာဖွေစိစစ်နေရသည့် အတွက် ချက်ချင်းမတုံ့ပြန်နိုင်။ နောက်တစ်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ကျမှ သတင်း ထုတ်ပြန်နိုင်ခဲ့သည်။ ထိုသို့ အချိန်နောက်ကျမှ တုံ့ပြန်နိုင်သည့်အတွက် အားမလိုအားမရ ဝေဖန် ကြမှုများလည်းရှိခဲ့သည်။ သို့ရာတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ အသိအမြင်ဗဟုသုတများသည့် လေ့လာသူများကမူ အစိုးရဘက်မှ တရားဝင် သတင်းထုတ်ပြန်ချက် ထွက်မလာမီကပင် ဤကိစ္စ သည် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်လုပ်ကြံဖန်တီး ခဲ့သော လုပ်ရပ်ဖြစ်ကြောင်းကို သုံးသပ်နိုင်ခဲ့ကြ သည်။
အဘယ်ကြောင့်ဆိုသော် ယခု ထန်တလန် ဖြစ်စဉ်သည် ယခင်တစ်ကြိမ် စစ်ကိုင်းတိုင်းဒေသ ကြီး ကင်းမကျေးရွာ မီးရှို့ခံရမှုဖြစ်စဉ်၏ ပုံတူ သဖွယ်ဖြစ်နေပြီး ကင်းမဖြစ်စဉ်ထက် ပို၍စနစ် တကျ အကွက်ချစီစဉ်မှုများက ပိုမိုထင်ရှားလာ သောကြောင့် ဖြစ်သည်။
ပထမဦးစွာ ကင်းမ ဖြစ်စဉ်တွင် ကင်းမရွာသူ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေချိန်တွင် - PDF အကြမ်းဖက်အုပ်စုများက ရွာတွင်းရှိ ယင်းတို့ မလိုလားသူ၏ အိမ်ကိုစတင်မီးရှို့ခဲ့ပြီး တစ်ရွာလုံး သို့ မီးကူးစက်လောင်ကျွမ်းသော အခါကျမှ ဓာတ်ပုံဗီဒီယိုများ ရိုက်ကူးလျက် အွန်လိုင်း မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ခဲ့ကြသည်။ ထိုထုတ်လွှင့်မှုများကိုပင် ဘာမျှ စိစစ်အတည်ပြုမှု များ မပြုလုပ်ဘဲ အနောက်အုပ်စုသံရုံးများက လုံခြုံရေးတပ်ဖွဲ့များ၏ လက်ချက်ဟု မဆင်မခြင် စွပ်စွဲဝေဖန်ခဲ့ကြသည်။ အနောက်မီဒီယာကြီးများ ကလည်း အလားတူ ဖော်ပြခဲ့ကြသည့်အပြင် အချို့ မီဒီယာများက ကင်းမရွာသူ PDF အဖွဲ့ဝင်တစ်ဦးကို အပြစ်မဲ့ရွာသူ တစ်ဦးအသွင်ယူစေလျက် လုပ်ကြံ အင်တာဗျူးများပင် ပြုလုပ်ကာ အသံလွှင့်ခဲ့သေး သည်။ သို့ရာတွင် ချက်ချင်းဆိုသလိုပင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရွာတွင်းရှိ အဘိုးအို၊ အဘွားအို တို့ကို မီးကြားမှ ဆွဲထုတ်ပွေ့ချီသယ်ထုတ်ကာ ကယ်ဆယ်လာသည့် ရုပ်သံဗီဒီယိုမှတ်တမ်းများ ပေါ်ထွက်လာမှ လုပ်ကြံစွပ်စွဲမှုများ အသံတိတ် သွားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် လုပ်ကြံမီဒီယာ တိုက်ခိုက်မှုများက လုံးလုံးလျားလျား လက်လျှော့သွားသည်တော့ မဟုတ်ပေ။ အကွက်ကောင်း၊ အခါကောင်းကို စောင့်မျှော်နေခဲ့ရာမှ ယခု ထန်တလန် ကိစ္စပေါ်ပေါက် လာခြင်းဖြစ်၏။ မြို့ရွာများကို မီးရှို့တိုက်ခိုက်ခြင်းမှာ စင်စစ်၌ စစ်ရေးသက်သက် မဟုတ် မီဒီယာနည်းလမ်း များနှင့် ပေါင်းစပ်ထားသည့် နိုင်ငံရေးတိုက်ကွက် လည်းဖြစ်သည်။ အမှန်ဖြစ်ရပ် အနည်းငယ်ကို အခြေခံ၍ တမင်ဖန်တီးထားသော သတင်းတု၊ လုပ်ကြံသတင်းများကို ခပ်များများ ပေါင်းစပ် ဖြည့်သွင်းကာ လျင်မြန်စွာ ပျံ့နှံ့သော သတင်းမီဒီယာ နည်းလမ်းများကို အသုံးပြုလျက် ပရိသတ်လူထု၏ စိတ်လှုပ်ရှားခံစားမှုများကို နှိုးဆွလှုံ့ဆော်၍ ယင်းတို့၏ အတွေးအမြင်သဘောထားများကို လိုသလို ပုံသွင်းထိန်းကျောင်းကာ မိမိတို့လိုလားသည့် နိုင်ငံရေးရလဒ် မျှော်မှန်းချက်ကို ဖန်တီးယူခြင်းမှာ နိုင်ငံရေးနည်းလမ်းတစ်ခုအဖြစ် ယခုအခါ ခေတ်စား လာလျက်ရှိသည်။ ယင်းကို “အမှန်နယ်လွန် နိုင်ငံရေး” (Post-truth Politics)ဟု ခေါ်ဝေါ်လာခဲ့ကြသည်။ (Defining Post-truth: Structure, Agents, and Styles by Ari-Elmeri HyuÖnen, 2018)
နိုင်ငံရေး ရည်မှန်းချက်အမျိုးမျိုးရှိနိုင်
ယခုလည်း မြို့ရွာများ မီးလောင်ခဲ့သည့် အမှန် သတင်းအချက်အလက်ကို အခြေခံ၍ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့များက တိုက်ခိုက်ဖျက်ဆီးမီးရှို့ခြင်း ဖြစ်ပါသည်ဟု တွင်တွင် ကျယ်ကျယ် လုပ်ကြံသတင်း ဖြန့်ချိခြင်း၌ နိုင်ငံရေးအရ ရည်မှန်းချက်အမျိုးမျိုး ရှိနိုင်သည်။
ပထမအချက်မှာ - မြန်မာနိုင်ငံတွင် ဆီးရီးယား၊ လစ်ဗျား စသည့်နိုင်ငံများကဲ့သို့ မြို့ရွာများ ပြာပုံအတိ ပျက်စီးနေသည့် ပြည်တွင်းစစ်ကြီးဖြစ်နေပြီဟု ကမ္ဘာတစ်ဝန်းကို သတင်းဖြန့်ချိလျက် ပြည်ပမှ ဝင်ရောက်စွက်ဖက် ပါဝင်မှုများကို လမ်းဖွင့်ပေး လိုခြင်းဖြစ်သည်။
ဒုတိယအချက်မှာ - ပြည်တွင်းရှိ မသိနားမလည် သော ပြည်သူများကို အကြောက်တရား ဖန်တီးပြီး တပ်မတော်နှင့် နိုင်ငံတော်အစိုးရအပေါ် အထင်လွဲမှား မုန်းတီးဆန့်ကျင်လာစေရန် သွေးခွဲရန်တိုက်ပေးလို ခြင်းဖြစ်သည်။
တတိယအချက်မှာ - ဖြစ်စဉ်တွင် လုံခြုံရေး တာဝန်များကို မှန်မှန်ကန်ကန် တရားဥပဒေနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထမ်းဆောင်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား စစ်ရာဇဝတ် မှု၊ လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်သောရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုစသော ကြီးလေးသော စွပ်စွဲ ချက်များဖြင့် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံးအသီးသီး တွင် လုပ်ကြံတရားစွဲဆို အပြစ်ပေးနိုင်ရန် ကြိုးပမ်း ခြင်းဖြင့် နိုင်ငံတပ်မတော်နှင့် လက်ရှိနိုင်ငံကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် နိုင်ငံအစိုးရကို နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန် ဖြစ်သည်။
ထန်တလန်ဖြစ်စဉ်ကို လေ့လာကြည့်ပါက ယင်းသို့တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင် စုဖွဲ့မှု များကို အချိန်ယူဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရ သည်။ ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၂၀ မျှသာဝေးကွာသော ထန်တလန်မြို့လေးသည် ယခင်က အေးချမ်းသာယာလှပသော မြို့လေး ဖြစ်ခဲ့သည်။ သို့ရာတွင် ချင်းပြည်နယ်တောင်ပိုင်းမှ မင်းတပ်၊ မတူပီ စသော မြို့များတွင် CNF နှင့် CDF အဖွဲ့များ ဆူပူတိုက်ခိုက်အုံကြွမှုများကြောင့် တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီး ထိုနယ်များမှ အကြမ်းဖက်တိုက်ခိုက် သူများ တိမ်းရှောင်ထွက်ပြေးလာကာ ထန်တလန် ဒေသဘက်သို့ ရောက်ရှိလာခဲ့ချိန်မှစ၍ ထန်တလန် မြို့လေး၏ အေးချမ်းသာယာမှုများ စတင်ပျက်စီး ခဲ့ရတော့သည်။ မြို့တွင်းရှိ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခြင်းခံခဲ့ရကာ မြို့သူမြို့သား အများအပြား မှာ ဘေးလွတ်ရာသို့ ရှောင်ရှားပုန်းအောင်းခဲ့ကြရ သည်။ ထန်တလန်သည် လူသူကင်းမဲ့သော မြို့တစ်မြို့ ဖြစ်လာခဲ့ရတော့သည်။ ထို့နောက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြည်နယ်မြို့တော် ဟားခါးမှ ဆက်သွယ်သည့် ကားလမ်းပေါ်ရှိ သီးမစ်တံတားကို ဖောက်ခွဲဖျက်ဆီးကာ မြို့ကို ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ထိုသို့ ဖြတ်တောက်မှုကြောင့် ထန်တလန်မြို့မှ မီးလောင်ချိန်တွင် ဟားခါးမှ မီးသတ်ကားများ လာရောက်မီးငြှိမ်းသတ်နိုင်ခြင်း မရှိသလို ဟားခါးဘက်မှ တပ်ကူများ အင်အား ဖြည့်တင်းခြင်း မပြုနိုင်အောင် ကြိုတင်အကွက်ချ စီစဉ်ထားခြင်း ဖြစ်နိုင်သည်။
နှပ်ကြောင်းပေးလှုံ့ဆော်လာခဲ့
ထို့အပြင် ထန်တလန်တွင် မီးရှို့တိုက်ခိုက်မှု အတွက် အချိန်ယူ၍ မီဒီယာအပိုင်းမှ ကြိုတင်ပြင်ဆင် ထားခဲ့ပြီး တိုက်ခိုက်ရာ၌လည်း နိုင်ငံတကာတွင် အထိရောက်ဆုံးဖြစ်နိုင်မည့် အကောင်းဆုံးအချိန်ကို ရွေးချယ်ထားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထန်တလန်မြို့တွင်း ၌ ပြင်းထန်သော တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အိမ်များ မီးလောင်ရာတွင် မီးငြှိမ်းသတ်ရန် သွားရောက်ခဲ့သည့် ခရစ်ယာန်သင်းအုပ်ဆရာ တစ်ယောက်အား CDF များက ဒလန်ဟု စွပ်စွဲသတ်ဖြတ်ပြီး လက်ကို ဖြတ်ကာ နာရီ၊ လက်စွပ် စသည်တို့ကို ယူဆောင် သွားခဲ့သည်။ ထိုဖြစ်ရပ်များကို မီဒီယာသို့ ထုတ်လွှင့် ဖြန့်ချိရာတွင်မူ အမှန်တရားကို ပြောင်းပြန်လှန်၍ ဘာသာရေးအရ ခွဲခြားဖိနှိပ် သတ်ဖြတ်မှုသဖွယ် ဖြစ်အောင် အကျယ်တဝင့် ပုံကြီးချဲ့ခဲ့ကြသည်။ (ထိုမတိုင်ခင်က၊ လုံလဲ တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီး၍ ဘုန်းတော် ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်းကိုမူ ဖုံးကွယ် ထားခဲ့သည်။) ထိုသို့ အမုန်းစကားပွားစေရန် ကြံစည်လုပ်ဆောင်မှုကိုလည်း နိုင်ငံတကာမီဒီယာ နယ်ပယ်၌ ထိန်းချုပ်ဟန့်တားမှု မရှိခဲ့ပေ။ ထို့အပြင် NUG အဖွဲ့မှ ဒေါက်တာဆာဆာက ထိုကာလနောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်ဟူသော စကားလုံး ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကာ စတင် နှပ်ကြောင်းပေးလှုံ့ဆော်လာခဲ့သည်ကို တွေ့ရသည်။ UK Campaign for Burma စသော ပြည်ပမှ မြန်မာနိုင်ငံအပေါ် ဝင်ရောက် စွက်ဖက်လိုသည့် အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ဒေသများ၌ လုံခြုံရေးပျက်ပြားကာ ပြည်တွင်းစစ်ဖြစ်နေသည့် အခြေအနေမျိုးရောက်ရှိနေသည်ဟု စွပ်စွဲကာ ဗြိတိန်နိုင်ငံမှ ကမကထပြု၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ဤကိစ္စကို တင်ပြဆွေးနွေးစေရန် တိုက်တွန်းလှုပ်ရှားလာခဲ့သည်ကို တွေ့ရသည်။
အချိန်ကိုက်ဖြစ်နေ
ထန်တလန် တိုက်ခိုက်မီးရှို့မှု ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှာ အီတလီနိုင်ငံ ရောမမြို့တွင် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကျင်းပမည့် အောက်တိုဘာလ ၃၀ ရက်နေ့ မတိုင်မီ တစ်ရက် ဖြစ်နေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထိုထိပ်သီးအစည်းအဝေးတက်ရောက်ရန် အီတလီ သို့ လာရောက်ရင်း ဗာတီကန်ရှိ ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံမည့် ကာလမတိုင်မီကလေးတွင် ကပ်လျက် ဖြစ်နေသည်မှာ တိုက်ဆိုင်မှုမှ ဟုတ်ပါလေစဟု တွေးထင်ရလောက်အောင် အချိန်ကိုက်ဖြစ်နေ သည်မှာ အံ့ဩဖွယ်ပင်။
နောက်ထပ်ထူးခြားမှုတစ်ခုမှာ မီးလောင်ချိန် နှင့် အကိုက်ပင် CDF အဖွဲ့က အဆင်မြင့် အားကောင်း သော ဒရုန်းတစ်စင်းလွှတ်တင်ကာ ထန်တလန် မြို့တွင်း မီးလောင်နေမှုကို ကောင်းကင်မှကြည်လင် ပြတ်သားစွာ ရိုက်ကူးခဲ့ပြီး ယင်းပုံရိပ်များကိုလည်း ASEAN Heritage and History ဟူသော အင်တာနက်စာမျက်နှာက ပါးရဲထိုးထားသော ချင်းအမျိုးသမီးပုံနှင့်တွဲ၍ ချက်ချင်းတင်လာခဲ့သည် ကို တွေ့ရသည်။ ဤဖြစ်ရပ်က ကြိုတင်ပြင်ဆင် ချိတ်ဆက်၍ ကြံစည်လုပ်ဆောင်ထားမှုများကို ထင်ဟပ်နေသည်။ “ကြောင်သည် ကြာကြာ ရေမငုပ် နိုင်” ဆိုသော စကားအတိုင်းပင် လူမှုမီဒီယာများ၌ ထန်တလန် မီးလောင်မှုကို ဓာတ်ပုံရိုက်၍ တင်လာ ကြရာတွင် ယင်းမီးလောင်မှုသည် တိုက်ပွဲများ အကြား၌ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် မီးလောင်ရခြင်း မဟုတ်ဘဲ CNF ၊ CDF အဖွဲ့များ ကိုယ်တိုင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး
မီးလောင်မှုကို ယင်းတို့ကိုယ်တိုင် ဓာတ်ပုံ၊ ဗီဒီယို များ အေးအေးဆေးဆေး ရိုက်ကူးနေခဲ့ကြကြောင်း ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများအရ တွေ့ရှိရသည်။ (ဒရုန်းလွှတ်တင်သည့် ဓာတ်ပုံ Link https://www. Facebook.com/ 1649751183/posts/ 1021777 6615881004/၊ မီးလောင်မှုဗီဒီယို Link https:// www.facebook.com/100013635930616/ posts/ 128821851830 9334/၊ CDF တစ်ဦးနှင့် မီးလောင်နေသည့် အိမ်ပုံ https://www. facebook. com.100037730252712/posts/ 583234746277 529/)
နိဂုံးချုပ်ရပါလျှင် ဤသို့ အမှန်တရားကို အမှားအလီလီ အုပ်ဖုံး၍ လူတို့၏ အသိဉာဏ်ကို ကျုံးသွင်းမှိုင်းတိုက်ကာ နိုင်ငံရေးအရ လိုရာဆွဲ ဖန်တီးမှုများကြောင့် လက်တွေ့ဘဝတွင် မည်သူတို့ အကျိုးရှိ၍ မည်သူတို့ ထိခိုက်နစ်နာကြရသည်ကို မှန်မှန်ကန်ကန် ဆင်ခြင်ကြံဆ၍ နားလည်သဘော ပေါက်သင့်ကြပြီ ဖြစ်ပါသည်။ “အစွယ်လိုသူမိဖုရား၊ အသွားစေသူမင်းဧကရာဇ်” ဆိုသကဲ့သို့ နိုင်ငံရေး အာဏာကိုလိုချင်မျှော်လင့်၍ မသိနားမလည်သူများကို ဖိနင်းစေခိုင်းကာ ကိုယ်တိုင်ကမူ ရပ်ဝေးမြေခြား၌ ထောက်ပံ့ပေးလှူမှုများနှင့် အမြိုင့်သားနေထိုင်သူ ကီးဘုတ်သူရဲကောင်းများက ကြီးပွားနေချိန်တွင် ပြည်တွင်း၌မူ အပြစ်မဲ့ပြည်သူများအကြား ကျီးလန့် စာစား ပုန်းရှောင်နေရသည့်ဘဝ၊ ဒလန်ဟုအမည် တပ်ကာ ရက်ရက်စက်စက် သတ်ဖြတ်လုပ်ကြံခံနေရ သည့်ဘဝ၊ မိမိတို့၏ အသက်အိုးအိမ်များ အဓိပ္ပာယ် ကင်းမဲ့စွာ ပျက်စီးဆုံးရှုံးနေရသည့်ဘဝကို ကြုံတွေ့ နေရခြင်းမှာ ရင်နာဖွယ်ကောင်းလှ၏။ အပြင်မှ မြှောက်ပင့်သွေးထိုးတိုင်း နားယောင်ယုံမှားကာ ဆိုးရွားလှသော တောပုန်းအကြမ်းဖက်ဘဝသို့ လမ်းမှားရောက်သွားကြသူ မျိုးဆက်သစ်များသည် လည်း ယခုကဲ့သို့ ပြည်သူလည်းအကျိုးပျက်စီး၊ နိုင်ငံလည်းအကျိုးမရှိသည့် လုပ်ရပ်အမှားများကို ပြန်လည်ဆန်းစစ် ဆင်ခြင်ကာ အချိန်မနှောင်းမီ မိမိတို့ဘဝကို ပြုပြင် သင့်ကြပြီဖြစ်ပါ၏။ ယခုကဲ့သို့ လုပ်ကြံသတင်းမှားများကို မှား၊ မှန် မခွဲခြားတတ်ဘဲ “လိုင်းပေါ်တင်သမျှ လုံးဝဥဿုံ မျက်စိမှိတ်၍ယုံ” နေတတ်ကြသည့် ပြည်သူများအနေဖြင့်လည်း အမြင်ကျယ်ကျယ်ထား၍ နားစွင့် မျက်စိဖွင့်ကာ အရာရာကို ချင့်ချိန်တိုင်းထွာ ဉာဏ်ပညာသုံး၍ ဆုံးဖြတ်နိုင်ကြပါစေရန် တိုက်တွန်းလိုက်ရပါ သတည်း။ ။
n
- Log in to post comments