
ကမ္ဘာ့ဖလား အုပ်စု (ဆ) ပွဲစဉ် (၁) မှ ဆွစ်ဇာလန်အသင်းနှင့် ကင်မရွန်းအသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ ၂၄ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ ဆွစ်ဇာလန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆွစ်ဇာလန်အသင်းကို ရှာကွီရီ ဦးဆောင်လာပြီး ကင်မရွန်းအသင်းကို ချူပိုမိုတင်း ဦးဆောင်လာခဲ့သည်။ နှစ်သင်းကြား ခြေစွမ်းသိသိသာသာကွာဟခြင်းမရှိသော်လည်း ဆွစ်ဇာလန် အသင်းက ပွဲချိန် ၄၈ မိနစ်တွင် ရရှိခဲ့သော အမ်ဘိုလို၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် ကင်မရွန်းအသင်းကို အနိုင်ရရှိခဲ့သည်။ ဆွစ်ဇာလန်အသင်း သွင်းယူရရှိခဲ့သော အဆိုပါ သွင်းဂိုးကို ရှာကွီရီက ဖန်တီးပေးခဲ့သည်။
ဆွစ်ဇာလန်အသင်းက ယခုပွဲစဉ် အနိုင်ရရှိမှု ကြောင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် အားကောင်းလာခဲ့ပြီး ကင်မရွန်းအသင်းက ယခုပွဲ ရှုံးနိမ့်မှုကြောင့် လက်ကျန်ပွဲစဉ်ကို ရလဒ်ကောင်း ရရှိရေး မဖြစ်မနေ ကြိုးစားရတော့မည်ဖြစ်သည်။ သို့သော်လည်း ဆွစ်ဇာလန်အသင်းသည် လာမည့် ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၈ ရက်၌ ကမ္ဘာ့ဖလားသမိုင်း တွင် အအောင်မြင်ဆုံးအသင်းဖြစ်သည့် ဘရာဇီး အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး ကင်မရွန်းအသင်းက ဆားဘီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်