မြန်မာတို့က ကပ်ကြီးသုံးပါးဟု သိရှိကြသည့် ရောဂါဘေး၊ လက်နက်ဘေး၊ အငတ်ဘေးတို့က မျက်မှောက်ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများ၊ ပဋိပက္ခများနှင့် စစ်ပွဲများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေ များ စသည့် ကမ္ဘာတစ်ဝန်းမှ ဖြစ်စဉ်များကို များမကြာလှသေးမီက မိမိတို့ မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီးလည်းဖြစ်သည်။ သို့ဖြစ်လင့်ကစား အမှောင်တွင်းမှ အလင်းပွင့်များသဖွယ်ပင် ရောဂါဘေး၊ စစ်မက်ဘေး၊ အငတ်ဘေးတို့ ကျရောက်နေစဉ်အတွင်း မှာပင် ကရုဏာစိတ်နှင့်ယှဉ်သည့် ဆောင်ရွက်လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး လူသားဆန်မှုများ ပြသခဲ့ကြသည်ကိုလည်း တွေ့ခဲ့ကြရသည်။
ကြက်ခြေနီအဖွဲ့အစည်းသည် ကရုဏာတရားကို အခြေခံ သည့် လူသားချင်းစာနာသော လူမှုရေးလှုပ်ရှားမှုအဖွဲ့အစည်း ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် အဖွဲ့ဝင်ပေါင်း ၉၇ သန်းခန့် ရှိနေ သည့် ကြက်ခြေနီအဖွဲ့အစည်းများသည် လူမျိုး၊ ဘာသာ၊ အသား အရောင်၊ အသက်အရွယ်၊ ကျားမ၊ အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ လူသားတို့အား လူမှုဒုက္ခအဝဝနှင့် ဝေဒနာခံစားနေရမှုတို့မှ လျော့ပါးသက်သာရန်၊ ကာကွယ်တားဆီးရန် မွန်မြတ်သော စိတ်ဓာတ်ဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ သား ဟင်နရီဒူးနန့်ဆိုသူက ၁၈၆၃ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ရာမှ ကမ္ဘာအရပ်ရပ်သို့ ပြန့်ပွားသွားခဲ့သည့် ကြက်ခြေနီလှုပ်ရှားမှု သည် လူသန်းပေါင်းများစွာ သေကျေပျက်စီး၊ လူသန်းပေါင်းများစွာ ထိခိုက်ဒဏ်ရာရသည်အထိ ဒုက္ခကြုံခဲ့ရသည့် ကမ္ဘာစစ်ကြီး နှစ်ခုတွင် လွန်စွာအရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ရသည်။
မိမိတို့၏ ပတ်ဝန်းကျင်၌ လူမှုဒုက္ခအမျိုးမျိုး၊ ဘေးအန္တရာယ် အမျိုးမျိုး ကျရောက်ခံစားနေရမှုများနှင့်အတူ ကရုဏာစိတ်ထားကို အခြေခံသည့် လှုပ်ရှားဆောင်ရွက်မှုများကိုလည်း မကြာမကြာ တွေ့ရှိကြရသည်။ အများအကျိုးဆောင်လိုသည့် စိတ်ဓာတ်နှင့် ကရုဏာစိတ်ထားတို့က လူသားဘဝ၏ မွန်မြတ်မှုကို ထုတ်ဖော် ပြသခြင်းပင်ဖြစ်ရာ အတိုင်းအတာပမာဏ ကြီးသည်၊ ငယ်သည် က ပဓာနမဟုတ်ဘဲ ကာယကံမြောက် ဆောင်ရွက်ပေးနိုင်မှု ကသာ အဓိကဖြစ်သည်။ လူ့လောက၊ လူ့အဖွဲ့အစည်းကို တည်မြဲအောင်၊ သာယာချမ်းမြေ့အောင် စောင့်ရှောက်သည့် တရား များတွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူ၍ လေးပါးရှိရာ စာနာထောက်ထား သနားကြင်နာစိတ်(ကရုဏာ)သည်လည်း တစ်ပါးအပါအဝင်ပင် ဖြစ်သည်။ အဆိုပါ လောကပါလတရား တို့မှာ ဘေးဒုက္ခအန္တရာယ်များမှ ကျော်လွှားလွတ်မြောက်စေနိုင် သည့် စွမ်းအင်များရှိကြသလို လူ့ဘောင်လောကကို တည်ငြိမ် အေးချမ်းစေ၊ သာယာဝပြောစေသည့် တရားများလည်းဖြစ်ရာ တစ်ယောက်ကစ တစ်ရာ၊ တစ်ရာမှသည် တစ်ထောင် ပွားများ အောင် ဆောင်ရွက်ကြခြင်းဖြင့် လူသားဘဝ၏ မွန်မြတ်မှုကို ပြသကြရမည်ဖြစ်သည်။
ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့၏ ဆောင်ပုဒ်မှာ # ကြင်နာ စိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား ဟူ၍ဖြစ်ရာ လူမှုဒုက္ခခံစားနေရသူ၊ ဘေးအန္တရာယ်ကြုံတွေ့နေရသူ၊ အကူအညီ လိုအပ်နေသူတို့အပေါ် ကရုဏာစိတ်ထားဖြင့် ကူညီကြရာတွင် လူတိုင်းကိုယ်စီကလည်း ပူးပေါင်းပါဝင်ကြကာ လူသားဘဝ၏ မွန်မြတ်မှုကို ပြသနိုင်ကြပါစေကြောင်း။ ။