ကမ္ဘာပေါ်ရှိ လူမှုဘဝအသိုက်အမြုံတိုင်းတွင် ဆိုင်ရာဆိုင်ရာကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို ပြဋ္ဌာန်းထားသည်။ ယင်းတို့ကို လိုက်နာဆောင်ရွက်ကြမှသာလျှင် လောကအသိုက်အမြုံတို့သည် ငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ ကျင့်ဝတ် သည် ဆိုင်ရာတို့ စောင့်ထိန်းရမည့်အလုပ်၊ စည်းကမ်းသည် ဆောင်ရွက်ရမည့်အလုပ်၊ ဥပဒေသည် လိုက်နာရမည့်အလုပ်ဖြစ်သည်။ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေတို့ကို မလိုက်နာပါက လူ့ဘောင်အသိုက်အဝန်းသည် မငြိမ်းချမ်း ပျက်စီးမည်ဖြစ်သည်။
ကျင့်ဝတ်သည် လူတိုင်းကိုယ်စီ မိမိကိုယ်မိမိ အခြေခံအားဖြင့် စောင့်ထိန်း အပ်သည်တို့ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သိင်္ဂါလောဝါဒသုတ် (ခေါ်) ဂိဟိ ဝိနယ (ခေါ်) လူ့ဝိနည်းကျင့်ဝတ်တရားတော်များဖြစ်ကြသည့် ကမ္မကိလေသတရား လေးပါး၊ အဂတိလေးပါး၊ ဥစ္စာပျက်စီးကြောင်းခြောက်ပါး၊ အရပ်မျက်နှာခြောက်ပါးတို့ ကို အကျယ်ချဲ့ဟောကြားထားသည်။ လူမှုရေးကျင့်ဝတ်များဟုခေါ်ဆိုသည့် သိင်္ဂါ လောဝါဒသုတ်လာ လူတို့၏ကျင့်ဝတ်များကို မြန်မာနိုင်ငံအနေဖြင့် ရှေးအစဉ်အလာ မပျက် စောင့်ထိန်းခဲ့ကြသည်။ သို့သော် ယခုအခါတွင် လူတို့၏စောင့်ထိန်းရမည့် ကျင့်ဝတ်များ ပါးလျားပျောက်ကွယ်လာသည်။
လူတို့စောင့်ထိန်းရမည့်ကျင့်ဝတ်များမှာ လူတိုင်းသိရှိနားလည်ပြီးသား ဖြစ်ကြပါသည်။ မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ ကျေးဇူးခံမိတ်ဆွေကျင့်ဝတ်၊ အလုပ်ရှင်ကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်၊ ဒါယကာကျင့်ဝတ်၊ နာယကကျင့်ဝတ်ဟူ၍ အသီးသီးရှိကြသည်။ ဆိုင်ရာဆိုင်ရာ ကျင့်ဝတ်များကို ကြည့်မည်ဆိုလျှင် မည်သူမည်သို့လိုက်နာကြသည်၊ ဖောက်ဖျက်ခဲ့ကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် တပည့်၊ မိဘ၊ ဆရာတို့၏ အခန်း ကဏ္ဍမှာ အရေးကြီးလှပါသည်။
လက်ဦးဆရာသည် မိဘတို့ဖြစ်၍ “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူသည်နှင့်အညီ မကောင်းမှုများကို တားမြစ်ခြင်း၊ ကောင်းမှုကောင်းရာတို့ကို ညွှန်ပြခြင်း၊ အတတ်ပညာ သင်ကြားပေးခြင်း၊ ရင်းနှီးလုပ်ကိုင်စားဖို့ရန် ပေးခြင်း၊ လက်ထပ်ထိမ်းမြားခြင်း ငါးချက်ဖြစ်သည်။ သားသမီးကျင့်ဝတ်မှာ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” ဆိုသကဲ့သို့ မိဘတို့ကို လုပ်ကျွေးခြင်း၊ မိဘတို့အမှုကိစ္စကို ဆောင်ရွက်ခြင်း၊ မိဘစကားနားထောင်၍ မိဘအမွေခံထိုက်အောင် ပြုလုပ်ခြင်း ဟူသည့် သုံးချက်မျှသာဖြစ်သည်။
ဆရာကျင့်ဝတ်မှာ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” ဆိုသကဲ့သို့ သိသင့်သမျှ အတတ်ပညာ များကို သင်ကြားပေးခြင်း၊ ဆုံးမသြဝါဒပေး၍ ပြုပြင်ပေးရခြင်း၊ မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊ တပည့်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်တားဆီး ကာကွယ်ပေးရခြင်း၊ မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာ့ထံသို့ အပ်နှံပေးရခြင်းဟူသည့် ငါးပါးကိုကျင့်ကြံရသည်။ တပည့်တို့အနေဖြင့် “ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူ ကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ” အတိုင်း လိုက်နာအားထုတ်ကြရသည်။ မျက်မှောက်ကာလသည် ဆုတ်ကပ်ကာလဖြစ်၍ မိဘ၊ ဆရာ မည်မျှပင်ကျင့်ကြံအားထုတ်ပါသော်လည်း သားသမီးဝတ်၊ တပည့်ဝတ် တို့ လိုက်နာဆောင်ရွက်မှုတို့အချို့မှာ အားနည်းပျက်ကွက်လာသဖြင့် လက်လျှော့ ရသည့်အဖြစ်ကို ရောက်နေသည်။
မည်သို့ပင်ဖြစ်စေ မိဘ၊ ဆရာများမှာ မိမိတို့ကျင့်ဝတ်များကိုစောင့်ထိန်း၍ မိမိသားသမီး၊ တပည့်အကျိုး၊ မိမိတို့မိသားစုအကျိုး၊ လောကကောင်းကျိုးတို့ကို အတတ်နိုင်ဆုံး ဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။ ယနေ့အချိန်အခါတွင် လူငယ် လူရွယ်အချို့မှာ လမ်းမှားသို့ရောက်ရှိနေကြပါသည်။ တစ်ကိုယ်ရေလမ်းမှားထက် ဥပဒေအပြင်ဘက်ထွက်သည့် လမ်းမှားပေါ်သို့ ရောက်ရှိပါက လူငယ်လူရွယ်များ ဘဝပျက်၍ မိဘ၊ ဆရာသမားများလည်း စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ကြရပါသည်။ မိမိတို့၏ကလေးငယ်များအား လမ်းမှန်ပေါ်သို့ရောက်အောင် ပို့ဆောင်ပေးရမည့် တာဝန်သည် မိဘဆရာသမားများ၏ တာဝန်ဖြစ်သည်။
ယနေ့အချိန်အခါတွင် အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများ၏ နာသုံးနာကို လက်ကိုင်ထား၍ ဆရာကျင့်ဝတ်နှင့်အညီ တပည့်များအပေါ် မိဘသဖွယ် စိတ်ဓာတ် ဖြင့် ပျိုးထောင်နေမှုများနှင့် သားသမီးများအား ရင်အုပ်မကွာ ထိန်းသိမ်းစောင့်ရှောက် နေကြသော မိဘများ၏ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်နေမှုများကို အသိအမှတ် ပြုရမည်ဖြစ်သည်။ မိဘ၊ ဆရာသည် ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ လက်ဦး ဆရာဖြစ်၍ ကျင့်ဝတ်များနှင့်အညီ လမ်းမှန်ညွှန်ပြကြရမည်ဖြစ်ပါကြောင်း။ ။