ယနေ့ခေတ်သည် သတင်းအချက်အလက်များ အလွန်လျင်မြန်စွာ စီးဆင်းနေသောခေတ်ဖြစ်သည်။ အိုင်တီနည်းပညာ၏ ကျေးဇူး ဖြင့် ကမ္ဘာ့ချောင်ကြိုချောင်ကြားမှ သတင်းများသည်ပင် အရုပ်၊ အသံ၊ စာသားများဖြင့် စက္ကန့်ပိုင်းအတွင်း ပျံ့နှံ့သွားနိုင်သော ခေတ်လည်းဖြစ်သည်။
သတင်းအချက်အလက်များ၊ ဖြစ်ရပ် များကို အများပြည်သူထံသို့ မီဒီယာနည်းလမ်းမျိုးစုံဖြင့် ပေးပို့ ရာတွင် သတင်းမီဒီယာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေကြသည့် ပညာရှင်များမှာ ကျင့်ဝတ်ကို စောင့်ထိန်းကြရသည်။ အများပြည်သူထံ ပို့ဆောင်ပေးလိုက်သည့် သတင်းအချက်အလက် များ၏ တိကျမှန်ကန်မှုအတွက် တာဝန်ယူကြရသည်။ သတင်း ရယူသူ ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ မှန်မှန်ကန်ကန် ရရှိမှသာ ၎င်းတို့၏ ပတ်ဝန်းကျင်ကိုဖြစ်စေ၊ ကမ္ဘာလောကကြီးကိုဖြစ်စေ မှန်ကန်စွာနားလည်နိုင်မည် ဖြစ်သည်။
တစ်ဖန်မီဒီယာများသည် လူအများကို လွှမ်းမိုးတတ်သည့် တန်ခိုးဩဇာလည်းရှိသည့်အလျောက် လူမှုရေးရာအရလည်း တာဝန်ရှိမှုကို ခံယူကြရသည်။ လွတ်လပ်သော မီဒီယာသမား အချို့က မိမိတို့သည် အမှန်တရားအပေါ်တွင်သာ သစ္စာခံယူကြ ကြောင်း ဂုဏ်ယူစွာ ပြောဆိုလေ့ရှိကြသည်။ သာမန်အားဖြင့် ဆိုပါက ၎င်းတို့၏ခံယူချက်မှာ လွန်စွာမှန်ကန်မွန်မြတ်သည်ဟု ဆိုဖွယ်ရှိသော်လည်း သေချာစွာစေ့ငုပါမူ ပြည့်စုံမှုမရှိသလို ဝေဝေဝါးဝါးနိုင်လှသည့် အပြစ်အနာအဆာများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
၁၉၅၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ အင်ဒိုချိုင်းနားတွင် ဖြစ်ပွားခဲ့ သည့် ဗီယက်နမ်စစ်ပွဲကို အမေရိကန်တို့က ကွန်မြူနစ်အန္တရာယ်ကို ကာကွယ်သည့် တရားသောစစ်ပွဲအဖြစ် စောစောပိုင်းက ရှုမြင်ခဲ့ ကြပြီး ဗီယက်နမ်ဘက်ကမူ ကျူးကျော်သူနယ်ချဲ့သမားကို တော်လှန်သည့် စစ်ပွဲအဖြစ်ခံယူကာ ခုခံခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က အမေရိကန်မီဒီယာများက ကွန်မြူနစ်ဗီယက်နမ် တို့ကို ရက်စက်ကြမ်းကြုတ်သူ၊ လူသားမဆန်သူများအဖြစ် ပုံဖော်ခဲ့ကြ ပြီး အမေရိကန်တပ်ဖွဲ့တို့၏ လက်လွန်ခြေလွန်လုပ်ရပ်များ၊ ရက်စက်ရမ်းကားမှုများကိုမူ ဖုံးဖိခဲ့ကြသည်။ ဗီယက်နမ်စစ်ပွဲ အပြီးကာလတွင် ဟောလိဝုဒ်မှ ထုတ်လုပ်လိုက်သည့် ရုပ်ရှင်ကား များ၌ပင် ဗီယက်နမ်မြေပေါ်ရောက်နေသည့် အမေရိကန်စစ်သား တို့ကို သူရဲကောင်းများ၊ လူသားပီသသူများ၊ ကယ်တင်ရှင်များ အဖြစ် ပုံဖော်ဖန်တီးကာ ခုခံစစ်ကို ဆင်နွှဲခဲ့ကြသည့် ဗီယက်နမ် စစ်သည်တို့မှာ ဗီလိန်များသဖွယ် အသုံးတော်ခံခဲ့ကြရသည်။
အဆိုပါ အမေရိကန်နှင့် ဗီယက်နမ်တို့၏ စစ်ပွဲတွင် အမှန် တရားသည် မည်သည့်ဘက်တွင်ရှိနေပါသနည်း။ ထိုခေတ် ထိုအခါက ကမ္ဘာ့မီဒီယာတို့က မည်သည့်အမှန်တရားအပေါ်တွင် မည်သို့သစ္စာရှိခဲ့ကြပါသနည်း။ ထို့အပြင် စစ်အေးတိုက်ပွဲကာလ များ၊ အရှေ့အလယ်ပိုင်းဒေသဖြစ်ရပ်များ စသည်တို့မှသည် လစ်ဗျား၊ အီရတ်၊ ဆီးရီးယားတို့အထိ အမှန်တရားကို ကမ္ဘာ့ မီဒီယာတို့က ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီလား။ လစ်ဗျားနိုင်ငံနှင့် ပြည်သူများ၊ အီရတ်နိုင်ငံနှင့် ပြည်သူများ၊ ဆီးရီးယားနိုင်ငံနှင့် ပြည်သူများ ငြိမ်းချမ်းသာယာဝပြောမှုအတွက် မီဒီယာတို့က တာဝန်ယူခဲ့ကြပါသလား စသည်တို့ကို ပြန်လည်စောကြော ကြည့်ရန်လိုမည်ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ နိုင်ငံခြားသတင်းထောက် များ၏ ပုံဖော်ရေးသားမှုများတွင် အစိုးရ၏ ထုတ်ပြန်ချက်များ နှင့် သတင်းအချက်အလက်များအပေါ် သံသယများစွာထား ရှိသလောက် အခြေအမြစ်မရှိသည့် ဆန့်ကျင်ဘက်သတင်းများ ကိုမူ မှန်ကုန်တိကျမှု ရှိ မရှိပင် စစ်ဆေးခြင်းမပြုဟု ယုံကြည်ရ သည်။ ထို့အပြင် အတည်မပြုနိုင်သည့် အချက်အလက်များကို သတင်းအဖြစ် ထည့်သွင်းထုတ်ပြန်ကာ ပြည်သူလူထုကို သတင်း အပင်းသွင်းမှုများ၊ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ် များကို မှန်ကန်သယောင်၊ တရားသယောင် ထင်မြင်လာအောင် သတင်းအဆိပ်သင့်မှုများကို မီဒီယာနည်းလမ်းများဖြင့် ပြုလုပ် လျက်ရှိရာ ပရော်ဖက်ရှင်နယ် မီဒီယာသမားများ အားလုံး ဆင်ခြင်တုံတရား ဉာဏ်ရှေ့သွားလျက် ကျင့်ဝတ်များနှင့်အညီ အသက်မွေးဝမ်းကျောင်းနိုင်ကြပါစေကြောင်း။ ။