
ဇော်လေး
====
ဖန်တီးလို့ရ၊ မရ
Every man is his own historian.
လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကိုကိုယ်ရေး နေကြတဲ့ ကိုယ်တိုင်သမိုင်းရေးဆရာတွေပါပဲ။
ကံကောင်းခြင်းကို ဖန်တီးလို့ရသလား။
သင်ဘယ်လိုထင်ပါသလဲ။
သေချာပေါက်အဖြေရှိတာပေါ့။
ကံကောင်းခြင်းဆိုတာကို ဖန်တီးလို့ရပါတယ်။
ကံကောင်းခြင်းကို ဖန်တီးတယ်ဆိုတာ ပတ်ဝန်းကျင်ကို ဖန်တီးတာပါပဲ။ ကံကောင်းခြင်း ကိုရနိုင်၊ မရနိုင်ဆိုတာ တကယ်တော့ မိမိကိုယ်တိုင် နဲ့သာ သက်ဆိုင်တာပဲ။ မိမိအပေါ်မှာပဲ မူတည် တယ်။
ဘဝတစ်ခုဟာ အစပြုတာရှိသလို အဆုံးနိဂုံး လည်း ရှိပေတာပေါ့။ ခရီးတစ်ခု သွားနေသလိုပါပဲ။ မုချရောက်ရမယ့် ဘူတာစဉ်တွေမှာ မှတ်တိုင်စာရင်း ထိုးထားတယ်လေ။ ဘာတဲ့လဲ။
ထွက်ခွာရွေ့လျား ရှေ့ကိုသွားရင်းတွေ့ရမယ့် ဘူတာတွေက အိုမင်းခြင်း၊ နာမကျန်းခြင်း၊ သေလွန် ခြင်း။ ဟုတ်တယ်။ ဒီဘူတာစဉ်အတိုင်း မလွဲမသွေ ဖြတ်သန်းနေကြတာပေပဲ။ သင့်ရဲ့လက်ကျန်ဘဝ ဟာ ကြာလေလေ နည်းလေလေပေါ့။
ကံကောင်းခြင်း လက်ဆောင်တွေကတော့ မူလခရီးစဉ်အစီအစဉ်မှာ ပါခဲ့သည်ဖြစ်စေ၊ မပါခဲ့ သည်ဖြစ်စေ သင်ဖန်တီးမျှဝေလို့ရတာကတော့ သေချာပါတယ်။ ဘဝရဲ့ကံကောင်းခြင်းတွေကို သင့်ပတ်ဝန်းကျင်ကို ကူညီဖေးမစောင့်ရှောက်ကူညီ ပေးခြင်းအားဖြင့် ရရှိနိုင်တယ်။
ကူညီပေးပါ
သင့်ပတ်ဝန်းကျင်ကလူတွေ မပျော်ရွှင်ကြ ဘူးလား။ သင်ကပျော်ရွှင်ရယ်မောအောင် လုပ် ဆောင်ပေးလိုက်ပါ။ သူတို့ ကြည်နူးဝမ်းသာသွား အောင် ပြောဆို၊ လုပ်ကိုင် ဆောင်ရွက်ပေးလိုက်ပါ။ ဒီအတွက် ရှာကြံစဉ်းစားပြီး ကြိုးစားဖန်တီးရင်း ပင်ပန်းရင်ပင်ပန်းပါစေ၊ စိတ်ထဲမှာတော့ ကြည်လင် နေလိမ့်မယ်။ ပေါ့ပါးနေလိမ့်မယ်။
ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ပျော်ရွှင် စိတ်ချမ်းသာအောင် မဆောင်ရွက်မဖန်တီးနိုင်ရင် ဘာလုပ်မလဲ။
သူတို့ စိတ်ညစ်၊ စိတ်ပျက်၊ စိတ်ဓာတ်ကျ၊ အားငယ်၊ ကြောက်ရွံ့၊ မကျေနပ်ဖြစ်နေတဲ့ ခံစား ချက်တွေကို သင့်တော်ဆီလျော်မယ့် နည်းလမ်းတွေ နဲ့ သက်သာပျောက်ကင်းအောင် အားပေးဖြေသိမ့် ကူညီပေးရပါမယ်။
ဟာ ဖြစ်နိုင်ပါ့မလား။
လိုရင်ကြံဆနည်းလမ်းရတဲ့။ မေတ္တာစိတ်၊ ကရုဏာစိတ်၊ ကြင်နာစာနာမှုနဲ့သာ ဖန်တီးလိုက် စမ်းပါ။ အောင်မြင်မှာသေချာပါတယ်။
လူတွေဟာ အများအားဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်ရမယ့် ကိစ္စရပ်တွေမှာ ဝန်လေး တတ်ကြပါတယ်။ သင်ဟာ သင့်ကိုယ်ကျိုးဘာမှမပါ ဘဲ သူတစ်ပါးအတွက် စဉ်းစားတယ်။ ကူညီတယ်။ ဖေးမအားပေးတယ်။ ကောင်းမွန်တဲ့အခြေအနေဖြစ် လာအောင် အချိန်ပေးပြီး တစ်မျိုးပြီးတစ်မျိုး၊ တစ်ခုပြီးတစ်ခု ပြုလုပ်ဖန်တီးတယ်။
ဒါကိုအထင်လွဲတဲ့လူ ရှိတတ်တယ်။ ရှိပါစေ။
ကျေးဇူးမသိသူတွေလည်း ရှိတယ်။ ရှိစေ။
ကျေးဇူးကန်းတတ်သူတွေများတယ်။ ထားပါ။
ကျေးဇူးမတင်ဘဲ ရန်တောင်လုပ်ချင်သေး။
သည်းခံလိုက်ပါ။
စိတ်ရှည်ပါ
အထက်စီးက မောက်မောက်မာမာတွေ ဆက်ဆံခံရတာကိုယ်မကြိုက်ဘူး။ ဒါပေမဲ့ စိတ်ရှည် ပါနော်။ လူတွေဟာ ဒီလိုမသိတတ်လို့ ငတ်မွတ် စုတ်ပြတ်သတ်ပြီး ဆင်းရဲမွဲတေကြရတာပဲ။ ကိုယ့် တစ်ကိုယ်စာ၊ ကိုယ့်အကျိုး ကိုယ့်အတွက်သက်သက် ကိုသာကွက်ပြီး စဉ်းစားတဲ့အကျင့်က ပါနေခဲ့ပြီ။ သူတစ်ပါးဘက်ကို ငဲ့ကြည့်ရကောင်းမှန်းတောင် နားမလည်တဲ့လူတွေ အများကြီးပဲ။
မိတ်ဆွေစာရေးဆရာတစ်ယောက် ဘာသာပြန် ဖူးတာလေးတစ်ခုကို သတိရတယ်။ အတိုချုံးပဲပြောပါ မယ်။ သူက ကံကောင်းချင်ရင် စက်ရုံသုံးရုံတည်ပါတဲ့။
ဟာ ဒါတော့ ဘယ်လွယ်မှာတုံးလို့ စိတ်ထဲက ပေါ်ရာ မပြောလိုက်ပါနဲ့ဦး။ ဆုံးအောင်ဖတ်စေလိုပါ တယ်။ တင်စားချက်နဲ့ နားလည်လွယ်အောင် ပြောတာပါ။
(၁) ခေါင်းထဲမှာရေခဲစက်ရုံတည်ပါတဲ့။
ခေါင်းအေးအေးထားဖို့ပါ။
လောဘဖြစ်စရာတွေ့ရင် လောဘဖြစ်လာ တယ်။ ဒေါသဖြစ်စရာကြုံရင် စိတ်မှာ ဒေါသထွက် လာတယ်။ မာန်တက်စရာဖြစ်လာတော့ မာနထောင် လွှား ခက်ထန်ချင်လာတယ်။ ခေါင်းအေးအေးထား ပြီး စဉ်းစားလိုက်ရင် အကောင်းအဆိုး အကျိုးအပြစ် ကို ဆင်ခြင်မိနိုင်တာပေါ့။ ကိုယ်ရောစိတ်ပါ အေးချမ်း ဖို့ အဖြေမှန်ကိုသိလာမှာပဲ။ လောဘဖြစ်စရာ အခွင့် အရေးပေးတိုင်း လောဘမကြီးတော့ဘူး။ ဒေါသ ဖြစ်စရာ တွေ့နေရပေမယ့် စိတ်မဆိုးတော့ဘူး။ ခေါင်း
အေးအေးနဲ့ ရှုကြည့်နိုင်ရင် အန္တရာယ်ကင်းဝေးပြီး သဘာဝဓမ္မအမှန် ရွေးချယ်ဆုံးဖြတ်တတ်လွယ်တာ ပေါ့။
(၂) လျှာပေါ်မှာ သကြားစက်ရုံတည်ပါတဲ့။
သူတစ်ပါးနဲ့ စကားပြောဆိုရာမှာ ချိုချိုသာသာ၊ ချေချေငံငံ ယဉ်ကျေးသိမ်မွေ့စွာ ပြောစေလိုတဲ့ သဘောပါ။ အချို့က စကားပြောရင် မာမာထန်ထန်နဲ့ ချဉ်ချဉ်တူးတူး။ သို့မဟုတ် စပ်ပူစပ်လောင် မာန် တထောင်ထောင် ပြောတတ်ရဲ့။ ပြောရတဲ့စကား မအောင်မြင်ပါဘူး။ အချို့လူတွေက စကားကို ပိဿာ လေးနဲ့ဘေးပစ်သလို နာကျင်အောင် ပြောချင်ကြ တယ်။ အဆင်မပြေပါဘူး။ ဖေ့စ်ဘွတ်ပေါ်မှာ ရိုင်းစိုင်း ဆဲဆို။
ကိုယ်ပြောတဲ့စကား အောင်မြင်လိုရင် ချိုချို သာသာ၊ ပျော့ပျော့ပျောင်းပျောင်း ပြောရမှာမဟုတ် လား။ ဒါကြောင့် လျှာပေါ်မှာ သကြားစက်ရုံတည်ပါလို့ ဆိုလိုတာပဲ။
(၃) နှလုံးသားပေါ်မှာ မေတ္တာစက်ရုံတည်ပါ။
မိသားစုပဲဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်၊ ကျောင်းနေဖက်၊ သူငယ်ချင်းမိတ်ဆွေတွေပဲဖြစ်ဖြစ် ကောင်းတာတော်တာရှိကြသလို ညံ့ချက်ဆိုးကွက် တွေလည်း ရှိတတ်ကြတာပဲ။ လူဆိုတာ တိရစ္ဆာန်လို သာ မရိုင်းစိုင်းတာ။ နတ်လိုတော့ အမြဲတစေမွန်မြတ် ဖြူစင်တဲ့ စိတ်ကောင်းနှလုံးကောင်းမရှိနိုင်။ လူတိုင်း မှာ ဘီလူးစိတ်လည်း ရှိတတ်တယ်။ လူစိတ်လည်း ရှိနေတယ်။ ဆုကြီးပန်များလို နတ်ကောင်းနတ်မြတ် ပမာ စိတ်ကောင်းရှိနိုင်တာလည်း ရှိချင်ရှိနိုင်တယ်။ ဘယ်သူမှတော့ အမြဲမကောင်းဘူး။ အမြဲလည်း ဆိုးမနေဘူး။ အခြေအနေ အချိန်အခါအလိုက် ပြုပြင် ပြောင်းလဲနေတာကိုး။
မေတ္တာစက်ရုံ
ကိုယ့်နှလုံးထဲမှာ မေတ္တာစက်ရုံကြီး တည်ထား လိုက်တော့ ဒေါသတွေကင်း၊ ခက်ထန်ရန်လိုခြင်းတွေ ကင်းရှင်း၊ စာနာမှု၊ ကြင်နာမှု၊ ကူညီမှု၊ နားလည်မှု၊ ဗြဟ္မစိုရ်တရားတွေပဲ နှလုံးသား မေတ္တာစက်ရုံက ထုတ်လုပ်နေတော့ အေးချမ်းကြည်လင်ပြီပေါ့။ စိတ်မှာ ပေါ့ပါးလွတ်လပ်ပြီး ပတ်ဝန်းကျင်ကို ဘယ်လိုများ ကောင်းကျိုးဆောင်ရပါ့မလဲဆိုတဲ့ ကုသိုလ်စိတ် အမျိုးမျိုးသာ ထုတ်လုပ်ပြီး စိတ်ဖြူ၊ နှုတ်ဖြူ၊ အလုပ်ဖြူ (သီလဝိသုဒ္ဓိ ရှိတော့ လုပ်ငန်းဆောင်တာချောမွေ့အောင်မြင်) စေတာပေါ့။
ရေခဲစက်ရုံ၊ သကြားစက်ရုံနဲ့ မေတ္တာစက်ရုံတွေ သင့်မှာ တည်နိုင်ပြီဆိုရင်တော့ မုချမသွေ ကံကောင်း ခြင်းတွေ ဖန်တီးနိုင်ပေလိမ့်မယ်။
ပြင်ပကလာတဲ့ ကံတရားက အမြဲမကြာရှည် ဘူး။ ဘာလို့လဲဆိုတော့ သူက ကိုယ်နဲ့မသက်ဆိုင်လို့ ပါပဲ။ ကံကောင်းခြင်းက လူတစ်ဦးရဲ့ မိမိကိုယ်တိုင်ကြိုးပမ်းအားထုတ်မှု၊ ဖန်တီးမှုနဲ့ပဲဆိုင်ပါတယ်။ ဒီတော့ အရှည်အကြာတာရှည်ခိုင်မာတယ်။
ကံကောင်းချင်ရင်
လူအများစုက ကံကောင်းချင်ကြတယ်။ ကံကောင်းခြင်းကို ပိုင်ဆိုင်ဖို့ရာ မျှော်လင့်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဆုံးဖြတ်ချက်ချပြီး ကြိုးစားတဲ့ လူစားကတော့ ရှားတယ်။
ပတ်ဝန်းကျင်အခြေအနေမပေးလို့ သင် ကံမကောင်း အကြောင်းမလှဘူးလို့ ထင်မြင်ယူဆနေ သလား။
သေသေချာချာ အချက်အလက် အမှန်အကန်ကို သုံးသပ်ပါ။ ဆန္ဒစွဲ အကြိုက်မပါစေနဲ့။ အကြောက် မပါစေနဲ့။ ပကတိအခြေအနေမှန်ကို မြင်ရပြီလား။
နည်းလမ်းက နှစ်ခု တွေ့ရမယ်-
(၁) ပတ်ဝန်းကျင်ကို ပြောင်းလဲအောင်လုပ်ရန် သို့မဟုတ်
(၂) ဒီပတ်ဝန်းကျင်မှ ထွက်ခွာပြီး သင့်တော် ဆီလျော်မယ့် ပတ်ဝန်းကျင်သို့ပြောင်းပါ။ ဒါပဲလေ။
ပတ်ဝန်းကျင်အသစ်ကို သေသေချာချာ ရွေးဖို့ တော့လိုပါတယ်။ ပတိရူပဒေသဝါသစက်ဆိုတာ အတော်အရေးကြီးတဲ့ စက်တစ်ပါးပဲ။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားအတိုင်းပေါ့။
ပတ်ဝန်းကျင်အသစ်က ကိုယ်နဲ့မသင့်တော်ဘူး ဆိုရင်တော့ သေချင်တဲ့ကျား တောပြောင်းတယ် ဆိုတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ သတိထား။
ပတ်ဝန်းကျင်က မိမိကိုကောင်းကျိုးများများ ထောက်ပံ့ကူညီကြမှ ကိုယ့်ဘဝတိုးတက်ကြီးပွားရ စမြဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်က မိမိကိုချီးမြှောက် မ,စ မှသာလျှင် အောင်မြင်တယ်။ ချမ်းသာမယ်။ ဘဝမြင့်မားလာမယ်။ ပတ်ဝန်းကျင်ကို မဖျက်ဆီး ချင်ပါနဲ့ဗျာ။
ကိုယ်စိုက်တဲ့အသီး၊ အပင်က အချိန်တန်တဲ့ အခါ ကိုယ်တိုင်ရိတ်သိမ်းရလိမ့်မယ်။ ဘာသာ တိုင်းက ဒီသဘောကို ဟောကြားသင်ပြတယ်။ ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာတယ်။
ကောင်းတာလုပ်တော့ ကောင်းတာရမှာပဲ။ ဆိုးတာလုပ်ရင်တော့ အဆိုးတွေပဲ ပြန်ရမယ်။ မြတ်စွာဘုရားကလည်း ဟောတော်မူတယ်။
“သဒိသံ ပါကံ ဇနေတိ”
မိမိပြုလုပ်တဲ့ အကြောင်းကံအတိုင်းသာ တူညီ မျှတဲ့ ကောင်းကျိုး၊ ဆိုးကျိုး အကျိုးတရားကို စံစား ခံစားရပေမယ်။ ရှင်းပြီနော်ကိုယ့်လူ။
ပတ်ဝန်းကျင်
ကံကောင်းချင်ရင် ပတ်ဝန်းကျင်ကို မိမိက ကောင်းအောင်ကူညီရမယ်။ ကောင်းကျိုးစီးပွားကို ဖြစ်ပေါ်စေမယ့် အကြောင်းကောင်းတွေကို ပါဝင် ဖြည့်ဆည်းပေးရမယ်။ သင့်တော်တဲ့ပတ်ဝန်းကျင် ကို ဖန်တီးတည်ဆောက်ရမှာကိုယ့်ရဲ့(လောကဟိတ၊ ပရဟိတ) အရေးကြီးတဲ့ အလုပ်တွေပါပဲ။ ပတ်ဝန်းကျင်လောက အနီးအဝေးက လူသားတွေ အဆင်ပြေကြအောင် ကောင်းကျိုးဆောင်လေလေ အဲဒါတွေကို လုပ်ဆောင်နေရင်းကပဲ ပျော်ရွှင်တာ၊ ကြည်နူးတာ၊ အားတက်တာ၊ စိတ်ချမ်းသာ ပျော်မြူး မိတာတွေဟာ ရလေလေ လက်တွေ့ခံစားရတဲ့ ပီတိ တွေ၊ သုခတွေပါပဲ။
ဒီနေ့စတင်
ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် လုပ်ဆောင်ရာမှာ မိမိတစ်ဦးတစ်ယောက်တည်း တစ်ကိုယ်တော် အကောင်အထည်ဖော်လို့တော့ မလွယ်ဘူးဗျ။ မရနိုင်ဘူးလို့တော့ စကားကုန်အောင် မပြောလိုပါဘူး။
လူဆိုတာက အဆင်တူ အသွင်တူ အယူအဆနဲ့ ဆန္ဒတူသူတွေ စုပေါင်းပူးပေါင်းဆောင်ရွက်ကြရင် ပိုပြီးအောင်မြင်ပါတယ်။ ဒါကြောင့် လူ့သမိုင်းမှာ အသင်းအပင်းအဖွဲ့အစည်းတွေ အဆင့်ဆင့် ဖြစ်ပေါ် လာခဲ့ကြတာပါပဲ။
ပတ်ဝန်းကျင်ကို ဖန်တီးပြုပြင်ရမယ့် ပထမ စလုပ်ရမယ့်အလုပ်က (ဘာပဲဖြစ်ဖြစ်) ဒီကနေ့ပါပဲ။ စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ ကုသိုလ် ရေးပဲဖြစ်ဖြစ် အခြေခံအကျဆုံး တည်ဆောက်ရ မှာက မိမိရဲ့ ကိုယ်ကျင့်သီလပါ။ သင့်မှာ သီလမပါရင် သင်ဟာယုံကြည်ထိုက်သူ မဖြစ်နိုင်ဘူး။ သင့်မှာ ကိုယ်ကျင့်တရားကောင်းမရှိရင် ဘယ်သူကမှ ပေါင်းမှာလည်း မဟုတ်ဘူး။ (ဟာ... ကျွန်တော် ကျွန်မကြီးပွားတိုးတက်ဖို့ဟာ ကိုယ်ကျင့်သီလက စရမယ်ဆိုတာ တစ်ခါမှမတွေးမိခဲ့ဖူးဘူး ဆိုပါစို့) စာရိတ္တပျက်ယွင်းလို့ ဟိုးအမြင့်ကြီးရောက်နေပြီးမှ တလိမ့်ခေါက်ကွေး ကျလာတဲ့ လူတွေကို ကြည့်လိုက်။ ခိုင်မာတဲ့အနာဂတ် အောင်မြင်မှု ကံကောင်းခြင်းကို ရယူချင်ရင် လူတော်လူကောင်း ခံယူထိုက်တဲ့ ကိုယ်ကျင့်သီလ စာရိတ္တကောင်းပါစေ။ သိပြီနော်။
အကျင့်သီလ
ကံကောင်းခြင်းဟာ စာရိတ္တကောင်းသူအတွက် အခွင့်အလမ်းတွေ မရေမတွက်နိုင်အောင် တန်းစီ စောင့်နေပါတယ်။
သီလဝတော စေတော ပဏီဓိ ဝိသုဒ္ဓတ္တာ။
“အမှန်တကယ်သာ ကိုယ်ကျင့်သီလဖြူစင် ပါက လိုအင်ဆန္ဒမှန်သမျှ ဘာမဆို ရနိုင်ရောက်နိုင် တာပဲ”တဲ့။
N စာမျက်နှာ ၁၆ မှ
အကျင့်မကောင်းဘဲနဲ့တော့ ကံကောင်းမှုက တာရှည်မခံဘူး။ ရွှေရည်စိမ်ခွက်က ကြေးညှိတက်တာတွေ ပေါ်ထွက်လာတဲ့အခါ ဝါဝါမြင်တိုင်း ရွှေမဟုတ်ဆိုတဲ့ သင်ခန်းစာ ဖော်ထုတ်နိုင်လာတာ ပေါ့။ ကံကောင်းခြင်းဟာ မိမိကိုယ်တိုင် မလဲမမှောက်အောင် ဟန်ချက်ကောင်းကောင်း ထိန်းနိုင်ရမယ်။
မိမိကိုယ်ကို ထိန်းကျောင်းနိုင်ဖို့လိုတယ်။ အတ္တသမ္မာပဏီဓိစ မင်္ဂလာတဲ့။
ကံကောင်းခြင်းကို သင်ဖန်တီးနိုင်ပါတယ်။
၁။ ပတ်ဝန်းကျင် လောကကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် ပါဝင်ပါ။
ဗုံးမခွဲပါနဲ့၊ မီးမရှို့ပါနဲ့၊ တံတားတွေလမ်းတွေကို မဖျက်ဆီးပါနဲ့။ လူမသတ်ပါနဲ့။ ဘဏ်တွေ၊ ငွေတိုက်တွေကို မလုယက်ပါနဲ့။
၂။ မိဘဆွေမျိုး ကိုယ့်လူမျိုးကို စောင့်ရှောက်ပါ။ ကူညီပါ။ ကာကွယ်ပါ၊ အကျိုးပြုပါ။ ကိုယ့်လူမျိုး ရပ်သူရွာသားတွေကို မနှိပ်စက်ပါနဲ့။ အနိုင်မကျင့်ပါနဲ့။
၃။ မိမိကိုယ်တိုင် လိမ္မာယဉ်ကျေးသူ၊ စာရိတ္တကောင်းသူဖြစ်အောင် ပြုပြင်ပါ။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဖြင့် လူတော်လူကောင်း တွေများတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ဘဝလည်း ရေမြင့်လို့ ကြာတင့် သလို ကံကောင်းခြင်းတွေ ရရှိမယ်။
ဟောဗျာ စည်းကိုဖောက်ပါ။ ကမ်းကိုကျော်ပါ။ ဥပဒေကို ဆန့်ကျင်ပါ။ ကိုယ်ကျင့်တရား ပျက်ပါစေ၊ ငါးပါးသီလဆိုတာ မလိုပါ ဘူးဆိုတဲ့ လူစားတွေရဲ့အဖို့မှာတော့ သူ့လမ်းသူသွားကြပါစေ။
“စည်းတွင်းမှာနေ၊ ကင်းကွေ့လိမ့်ရန်ဘေး။
ကမ်းကိုကျော် ချော်ကာကျ၊ များလှရန်ဘေး”။
မင်းသုဝဏ်(၁၉၀၉-၂၀၀၄)
၂၀၁၆ မှ ၂၀၁၈ အတွင်း နိုင်ငံတော်သမ္မတ လုပ်သွားခဲ့သူ ဦးထင်ကျော်ရဲ့ ဖခင် ဦးဝန် (၁၉၀၉-၂၀၀၄) ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ (အငြိမ်းစား)က ရေးခဲ့တဲ့ ဒွေးချိုးကဗျာလေး ပါဗျာ။ “စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ၊ ဥပဒေတွေကို ကျော်မိပြီ၊ ချော်ခဲ့ပြီဆိုရင်တော့ ဘေးရန်များပေလိမ့်မယ်နော်”တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က သတိပေးခဲ့ပါရဲ့။ ဒါတွေကိုသာ တကယ်ပြုပြင် ပြောင်းလဲမယ်ဆိုရင် ကံကောင်းခြင်းဟာ လာမှာပဲပေါ့။
n
- Log in to post comments