ကံ့ကော်တန်းက လွမ်းနေမည်

Type
၄၄


 

ဒေါက်တာအောင်ဆန်း
(လက်ထောက်ကထိက၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ် )

 

လွမ်းတတ်သူများအတွက် ဘယ်အရာမဆို လွမ်းစရာတွေချည်းဖြစ်သည်။ တန်ဖိုးထားလေ ပိုလွမ်းလေဖြစ်သည်။ သို့သော် အချို့သောအလွမ်းများက လွမ်းသူကို ပူလောင်စေ တတ်၊ အိုမင်းစေတတ်ပါသည်။ အချို့အလွမ်းများမှာမူ လွမ်းသူကို ကြည်နူးစေတတ်၊ နုပျိုစေတတ်ပါသည်။ ဒုတိယအလွမ်းမျိုးမှာ တန်ဖိုးရှိလှသည်။ ထိုအလွမ်းမျိုးကို လူတိုင်း လွမ်းစေချင်လှသည်။ ကျွန်တော်လည်း ထိုအလွမ်းမျိုး လွမ်းတတ်ဖို့ အားထုတ်နေပါသည်။
ကျွန်တော် ယခု လေးဆယ်ကျော်အရွယ်သို့ ရောက် နေပြီဖြစ်သည်။ အရွယ်အားဖြင့် လူလတ်ပိုင်း ဖြစ်သည်။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ်လူလတ်အရွယ်ဟု မထင်။ လူငယ်အရွယ်သာ ထင်ဆဲဖြစ်သည်။ ထိုသို့ဖြစ်အောင် လည်း ပတ်ဝန်းကျင်က လွှမ်းအုပ်ပေးထားလေသည်။ ကျွန်တော့်ကို လွှမ်းအုပ်ထားပေးသော ပတ်ဝန်းကျင်မှာ အခြား မဟုတ်ပေ။ ကံ့ကော်ရိပ်မြုံ ကကြိုးစုံသည့် အမိ ရန်ကုန်တက္ကသိုလ်ကြီးပင် ဖြစ်ပါသည်။
ငယ်စဉ်က ရေဒီယိုမှ မကြာမကြာ ကြားရသော သီချင်းတစ်ပုဒ်ရှိပါသည်။ မြကျွန်းညို အဖွဲ့သားများ၏ မြကျွန်းညိုသီချင်းပင် ဖြစ်သည်။ ထိုသီချင်းကို ကြားပြီး မြကျွန်းညို ခေါ် ရန်ကုန်တက္ကသိုလ်မှာ ကွန်းခိုကာ ပညာ ဖွေရှာလိုစိတ် တဖွားဖွား ဖြစ်ပေါ် ခဲ့ရသည်။ သို့သော်လည်း အခြေအနေပေးဖို့ ဝေးလွန်းလှသည်။ ဝေးသည်ဆိုသော် လည်း မျှော်မှန်းခွင့်ရှိသော အရာဖြစ်၍ မျှော်မှန်းခဲ့ပါသည်။
“စိတ်သာရှင်စော ဘုရားဟော”ဆိုသည့်အတိုင်း ဆန္ဒ ကို လုံ့လဖြင့် ဝန်းရံနိုင်ခဲ့သောကြောင့် ရန်ကုန်တက္ကသိုလ်၌ မဟာဝိဇ္ဇာကျောင်းသားအဖြစ် တက်ရောက်ခွင့်ရခဲ့ပါသည်။ ကျွန်တော့်လို ကျေးတောသားတစ်ယောက်အတွက် နတ် ရေကန်ထဲ ရောက်သကဲ့သို့ ​ပျော်ရွှင်ကြည်နူးမဆုံး ဖြစ်ခဲ့ရ သည်။ ပျော်ရွှင်ရုံသက်သက်ဆိုလျှင် ပျက်စီးခြင်းဘေးနှင့် ကြုံရတတ်ပါသည်။ ပျော်ရွှင်မှုနောက် ကြည်နူးမှုပါမှသာ ဘဝတိုးတက်ခြင်းသို့ ပို့ဆောင်ပေးနိုင်ပေလိမ့်မည်။ ရန်ကုန်တက္ကသိုလ်ထဲရောက်လာလျှင် ပျော်ရွှင်မှုကိုလည်း ရှာဖွေရ​​ပေလိမ့်သည်။ ကြည်နူးမှုကိုလည်း ရှာကြံရပေလိမ့် မည်။
သမိုင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့သော တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်ရောက်ပြီဆိုလျှင် အဓိပတိပေါက် ရှိ “နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ” ဆိုသော ကျောင်းဆောင်ပုဒ်ကို တွေ့ရပေလိမ့်မည်။ “ပညာနှင့် တူသော မိတ်ဆွေမရှိ” ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ အတုမရှိသော မိတ်ဆွေနှင့် တွေ့ဆုံ မိတ်ဆက်ပေးမည်ဟု ပြောနေခြင်း ဖြစ်သည်။ အမှန်လည်း တွေ့ဆုံမိတ်ဆက်ပေးသောကြောင့် ပညာနှင့် တွေ့သွားကြသူတွေ မနည်းလှပေ။ ထိုအချက်ကို သမိုင်း က သက်သေခံလျက်ရှိပါသည်။
မြန်မာ့သမိုင်းတစ်လျှောက်တွင် လိုအပ်ချက်အရ ပေါ်ထွက်ခဲ့သူများ ရှိခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝရောက်ခဲ့ပြီးနောက် လွတ်လပ်ရေးနှင့် ဝေးနေ ခဲ့ရသည်။ ထိုလွတ်လပ်ရေးကို ပြန်လည်ရယူပေးမည့်သူ တစ်ဦး ပေါ်ထွက်လာခဲ့ပါသည်။ ထိုသူမှာ သခင်အောင်ဆန်း မှသည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာသည့် ရန်ကုန် တက္ကသိုလ် ကျောင်းသား မောင်အောင်ဆန်းပင် ဖြစ်သည်။ သမိုင်းလိုအပ်ချက်ကို သိရှိမွေးထုတ်ပေးခဲ့သည့် ရန်ကုန် တက္ကသိုလ်ဟု ဆိုနိုင်ပါလိမ့်မည်။
အဓိပတိပေါက်မှ ဝင်လိုက်လျှင် တည်ငြိမ်ခံ့ညားလှ သော ဘွဲ့နှင်းသဘင်ခန်းမကို တန်းမြင်ရပေလိမ့်မည်။ ဘွဲ့နှင်းသဘင်သို့လျှောက်ရာ အဓိပတိလမ်းဝဲ ယာ၌ ရေတမာတန်းက နေပြောက်မထိုးအောင် အုပ်မိုးပေးထား ပါသည်။ အဓိပတိလမ်းနှင့် ရေတမာတန်းက လွမ်းတတ်သူ များကို မမေ့နိုင်အောင် ပြုစားတတ်ပေသည်။ နောင်တစ် ချိန် “အဓိပတိလမ်းမပေါ်မှာ လျှောက်ဖူးခဲ့ပါသည်” ဆို သော သီချင်းသံ၊ “အဓိပတိလမ်းမထက် အတိတ်က တို့ခြေရာများ” ဆိုသော သီချင်းသံတို့ကို ကြားမိလျှင် စိတ် မျက်စိထဲ မြင်ယောင်လာကာ တမြည့်မြည့်လွမ်းနေပေ လိမ့်သည်။
ဘွဲ့နှင်းသဘင်ခန်းမ မရောက်မီ လက်ယာဘက်တွင် ရာဇဝင်ထဲက သစ်ပုပ်ပင်ကြီးကို ထီးထီးမားမား မြင်ရပေ လိမ့်မည်။ ထိုသစ်ပုပ်ပင်ကြီးသည် ရန်ကုန်တက္ကသိုလ် စတည်ကတည်းက ရှိခဲ့သည်ဟု ဆိုကြသည်။ ရန်ကုန် တက္ကသိုလ်၏ ဖွားဖက်တော်ဟုလည်း ဆိုနိုင်ပေသည်။ မှတ်မိပါသေးသည်။ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်း အတိုက်ခံခဲ့ရပါသည်။ နာဂစ်ဒဏ်ကို တစ်နိုင်ငံလုံးဆိုသလို အနည်းနှင့်အများ ခံကြရသည်။
ထိုအထဲတွင် ရန်ကုန်တက္ကသိုလ်ကြီးလည်း ပါပါသည်။ ကျွန်တော်လည်း ရန်ကုန်တက္ကသိုလ်ထဲတွင် ရှိနေသော ကြောင့် ထိုအဖြစ်အပျက်များကို ကိုယ်တိုင်မျက်မြင် တွေ့ရ၊ ခံစားခဲ့ရပါသည်။ ထိုအခါ ကျောင်းပြင်ပရှိသူများ က သစ်ပုပ်ပင်သတင်းကို မေးသူမေးကြသည်။ ကိုယ်တိုင် လာကြည့်သူ ကြည့်ကြသည်။ ထိုအချိန်မှစ၍ ရန်ကုန် တက္ကသိုလ်နှင့် သစ်ပုပ်ပင်၊ သစ်ပုပ်ပင်နှင့် ရန်ကုန် တက္ကသိုလ် ခွဲမရပါလားဟု အောက်မေ့ခဲ့ရပါသည်။
ထိုသစ်ပုပ်ပင်ဘေးတွင် ဘွဲ့နှင်းသဘင်က ခံ့ညားစွာ တည်ရပ်လျက်ရှိသည်။ ပုံသဏ္ဌာန်က လေးထောင့်စပ်စပ်၊ အတွင်းပိုင်းက သစ်လွင်လှပ ​သေသပ်လျက်ရှိသည်။ သို့သော် အပြင်ပိုင်းကတော့ ချေးမခြစ် ဆေးမသုတ်ဘဲ ပကတိအတိုင်း ထားထားသည်။ အချို့က ဇရာသဘောကို ပြလို၍ ဆေးမသုတ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ ဆိုစေ ထိုအကြောင်းတို့ကို ဘွဲ့နှင်းသဘင်ကြီးကသာ အသိ ဆုံးဖြစ်ပါလိမ့်မည်။ ဘွဲ့နှင်းသဘင်ကြီးက သူဖြတ်သန်း ခဲ့ရသော သမိုင်းတို့ကို နှောင်းလူတို့အား ဆက်၍ ပြောပြ နေပေလိမ့်မည်။ နှောင်းလူတို့ကလည်း ဘွဲ့နှင်းသဘင်ကြီး ရှိနေသရွေ့ သမိုင်းခြေရာကို ကောက်နိုင်ပေလိမ့်မည်။
ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုကလေး
ရန်ကုန်တက္ကသိုလ်သည် ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုကလေးဟု တင်စားခဲ့သည့်အတိုင်း လူလည်း စုံလှသည်။ အဆောင်လည်း စုံလှပေသည်။ ယောကျ်ားလေး ဆောင်၊ မိန်းကလေးဆောင်၊ ညီအစ်ကိုဆောင်၊ ညီအစ်မ ဆောင်၊ မောင်နှမဆောင်တို့ဖြင့် စုံလင်လှသည်။ ဆည်းလည်းကလေး၊ လိုက်ကာကလေးတို့၏ လှောင်ရယ် ခြင်းကိုပင် မမှုဘဲ သီချင်းဆိုသူများ ပေါလှသည့်အဆောင်၊ ပုံပြင်ထဲက ဇာတ်လိုက်ကြီးကို ဘယ်သူလဲလို့ မမေးကြရန် တောင်းပန်တားမြစ်ခြင်းခံ​ရသည့်အဆောင်၊ ငြိမ်းချမ်းမှု အပေါင်းတွေ ခညောင်းပါစေဟူသော ဆုတောင်းသံတွေ ဝေခဲ့သည့်အဆောင် စသည့်သီချင်းထဲက အဆောင်များက လည်း ရန်ကုန်တက္ကသိုလ်ကို ပိုလွမ်းအောင် ဖန်တီးနေ သကဲ့သို့ ရှိပါသည်။
ရန်ကုန်တက္ကသိုလ်အကြောင်းပြောလျှင် အာစီက လည်း မပါမဖြစ်ပေ။ အာစီက အားကစား၊ အနုပညာ၊ ပြပွဲ၊ ပြိုင်ပွဲစသည်တို့ ကျင်းပရာ နေရာပဲဖြစ်သည်။ အာစီ မှာ တွေ့ရင်း မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာ တွေ၊ စိတ်အနေပြောင်းရင်း ချစ်သွားကြသည်များလည်း နည်းမည်မဟုတ်ပေ။ ရန်ကုန်တက္ကသိုလ်၏ ချစ်သူနယ်မြေ တစ်ခုဟု ဆိုနိုင်ပေလိမ့်မည်။ အာစီသာ စကားပြောတတ်ခဲ့ လျှင် ချစ်သူတို့အကြောင်းကို မမေးရဘဲ ပြောပြနေပေ လိမ့်မည်။
ရန်ကုန်တက္ကသိုလ်ထဲတွင် မိတ်မဆက်ရဘဲ သိနေကြ သည့် အဆောက်အအုံ တစ်ခုရှိသည်။ သူ့ရှေ့တွင် ဘွဲ့ယူသူ တို့ အမှတ်တရ ဓာတ်ပုံရိုက်လေ့ရှိသည်။ ဘွဲ့ယူသူတို့ အတွက် သူပါမှ ပြည့်စုံတတ်သည်။ သူကတော့ မိုးတိုး မတ်တတ် ရပ်လျက်သာနေသည်။ တစ်ခါတစ်ရံ သူ့ထိပ်က လရိပ်ဖြာထွက်ချိန် ကြည့်နေသူများလည်း ရှိတတ်ပြန် သည်။ သူကလည်း ကျောင်းသား ကျောင်းသူများ၏ ခံစား ချက်တို့ကို ရင်နှင့်အပြည့် သိမ်းဆည်းထားသည်။ သူ့ရင်ထဲ မှာ ပြောစရာစကားတို့ အပြည့်ရှိနေခဲ့သည်။ သို့သော် ကြည့်တတ်သူများသာ မြင်နိုင်ပေလိမ့်မည်။ သူကတော့ အခြားမဟုတ်ပေ။ ဂျပ်ဆင်ကြီးပင် ဖြစ်သည်။ သူ့ကိုမြင် တိုင်း ရန်ကုန်တက္ကသိုလ်ပုံရိပ်က ပါလာမြဲဖြစ်သည်။
ရန်ကုန်တက္ကသိုလ်၌ တစ်ဆောင်နှင့် တစ်ဆောင် အကူးကို လမ်းကလေးများ ဖောက်လုပ်ထားသည်။ လမ်း အတော်များများကို အမိုး မိုးထားပါသည်။ အချို့လမ်း ကလေးများကိုတော့ အမိုး မိုးမထားပေ။ ထိုလမ်းကလေး များသည် လူနှစ်ယောက် လက်တွဲလျှောက်ဖို့လောက်သာ ကျယ်သည်။ ချစ်သူစုံတွဲ အများစု လက်တွဲလျှောက်လေ့ ရှိသော လမ်းကလေးများကိုတော့ ချစ်သူလမ်းကြားဟု ခေါ်ခဲ့ကြသည်။ တစ်ကိုယ်တည်းသမားများအတွက် မျက်နှာငယ်ရသော လမ်းများပဲဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားမှန်သမျှ လမ်းဘေး အုတ်ခုံပေါ် ထိုင်ဖူးကြသည်။ ခုံပြာမဟုတ်တော့သော ခုံညို တန်းတွေပေါ် ထိုင်ဖူးကြသည်။ သစ်မြစ်ပါးပျဉ်းတွေ ပေါ် ထိုင်ဖူးကြသည်။ သစ်ပင်ခွကြားတွင်လည်း ထိုင်ဖူး ခဲ့ကြသည်။ သို့သော် ထိုင်သောအရသာတော့ တူမည် မဟုတ်ပေ။ ဆရာအောင်ပြည့်၏ နောဧကနောထဲက ကိုသက်ထွန်းလို လူတွေလည်း ထိုင်ကောင်းထိုင်ခဲ့ပေလိမ့် မည်။ သူတို့လည်း သူတို့နှင့် ပတ်သက်သလောက်တော့ နောဧကနော နေပေလိမ့်မည်။
ဖြတ်သန်းရသော တက္ကသိုလ်ဘဝ
မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် စိန်ပန်းပင်များ ရှိကြပါသည်။ ကျွန်တော်တို့အရပ်တွင်လည်း စိန်ပန်းပင် ပေါလှပါသည်။ သို့သော် စိန်ပန်းပွင့်တွေ့ပြီဆိုလျှင် ကိုယ့် ရပ်ကိုယ့်မြေကို မလွမ်းဘဲ ရန်ကုန်တက္ကသိုလ်ကိုသာ ပြေးမြင်မိသည်ဆိုလျှင် ပိုလွန်းသည် ထင်ကြလိမ့်မည်။ မတတ်နိုင်။ ရိုးရိုးသားသား ပြောခြင်းသာဖြစ်သည်။ ဘာ ကြောင့်လဲဟု စေ့ငုကြည့်သည်။ “ကျောင်းဖွင့်ချိန် စိန်ပန်း တွေလည်း မြေမှာ​ကျဲပြန့်နေ” ဆိုသော တွံတေးသိန်းတန် သီချင်းက နှလုံးသားတစ်ထောင့်မှာ နေရာယူပြီးသော ကြောင့်ဖြစ်မည် ထင်ပါသည်။ အနုပညာ၏ အစွမ်းကား ကြီးမားပေစွ။ ကျောင်းဖွင့်ပြီဆိုလျှင် ရန်ကုန်တက္ကသိုလ်ထဲ ၌ စိန်ပန်းများ ရဲရဲကလှုပ်နေအောင် ပွင့်ကြသည်။ ကြွေ လျှင်လည်း လွမ်းအောင် ကြွေကြသည်။ ပွင့်ခြင်းနှင့် ကြွေ ခြင်းကြားကို လောကသဘောဟု မမှတ်ယူနိုင်ဘဲ လွမ်းစရာဟု မြင်နေခြင်းကို ရူးလွန်းသည်ဟု ဆိုလာပါက ခံဖို့သာ ရှိပါတော့သည်။
ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသူအပေါင်း မမေ့ အောင် ဆွဲဆောင်နိုင်သည့်အထဲတွင် စာကြည့်တိုက်များ လည်းပါဝင်ပါသည်။ စာကြည့်တိုက် ဝန်ထမ်းများက “ပညာရှာသောသူ တို့ဝိုင်းကူ” ဟူသော ဆောင်ပုဒ်အတိုင်း ပျူပျူငှာငှာ ဆက်ဆံကြသောကြောင့် စာလည်း ပိုဖတ် ဖြစ်ကြပါသည်။ ဆရာ မြသန်း တင့် ဘာသာပြန်သော “လွမ်းမောခဲ့ရ သော တက္ကသိုလ်နွေညများ” ကို ဖတ် ကာ သူတို့ဘဝကို ပူးဝင်ခံစားမိပြီး ကိုယ့်တက္ကသိုလ် ကျောင်းသားဘဝ ကိုပါ လွမ်းမောခဲ့ရသည်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ “ညီမလေးရယ် စိုးရိမ်မိတယ်” ကို ဖတ်ကာ ဗဟုသုတ စုံလင်ပြီး ချက်ကျလက်ကျပြောတတ် သော ဆရာကိုမြင့်သူကို အားကျခဲ့ရသည်။ စာကြည့်တိုက် ပြတင်းပေါက်မှ မြန်မာ့​မြင်ကွင်းကို သာမက ကမ္ဘာ့မြင်ကွင်း ကိုပါ တွေ့ခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ တစ်ဆက်တည်း တက္ကသိုလ်နှင့် စာကြည့်တိုက် ခွဲမရစကောင်းဟုလည်း ဆိုချင်ပါသည်။ တက္ကသိုလ်ကိုချစ်လျှင် စာကြည့်တိုက်ကိုပါ ချစ်ရပေလိမ့်မည်။
ကျွန်တော် မဟာဝိဇ္ဇာတက်သည့်အခါ ရန်ကုန် တက္ကသိုလ်ဝင်းထဲရှိ အင်းဝဆောင်တွင် အဆောင်မှူး ဆရာ ဦးမျိုးသန့်(ဆရာမျိုး)၏ ကျေးဇူးနှင့် နေခွင့်ရခဲ့ပါ သည်။ မြန်မာစာ မေဂျာဖြစ်သောကြောင့် တောင်ငူဆောင် တွင် တက်ရပါသည်။ အင်းဝဆောင်မှနေ၍ စစ်ကိုင်းဆောင်၊ ပင်းယဆောင်တို့ကို ဖြတ်ကာ ဒဂုံလမ်းအတိုင်း ဝင်လာပါ က ဒဂုံဆောင်နှင့် မျက်နှာချင်းဆိုင်တွင် တောင်ငူဆောင်ကို ရောက်ရပေလိမ့်မည်။ အလွန်နီးသည်ဟု ဆိုရပေမည်။ တစ်ခါတစ်ရံမူ ထိုမှမသွားဘဲ အင်းဝဆောင်ရှေ့မှထွက် စစ်ကိုင်းလမ်းအတိုင်းလျှောက် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်ရှေ့မှဖြတ် အာစီကိုပတ်ကာ ရွှေဘိုဆောင် ခေါင်းရင်းလမ်းက သွားတတ်ပါသည်။​ ဝေးသော်လည်း သွားရသည့်အကြောင်း ရှိပါသည်။
နာဂစ်မတိုက်ခင်က ရန်ကုန်တက္ကသိုလ်၌ အပေါများ ဆုံး အပင်ကို ပြောပါဆိုလျှင် ကံ့ကော်ပင်များကို လက်ညှိုး ထိုးပြရပေလိမ့်မည်။ ထို့ကြောင့်လည်း ကံ့ကော်မြေ၊ ကံ့ကော်တော၊ ကံ့ကော်နန်း၊ ကံ့ကော်မြိုင်တန်း စသည်ဖြင့် တင်စားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤမျှ ပေါများလှသော ကံ့ကော်တောတွင် ကံ့ကော်ပန်းများ ပွင့်ပြီဆိုလျှင်ကံ့ကော် ရနံ့တို့ အလွန်သင်းပျံ့လှပေသည်။ ကံ့ကော်ပွင့်ချပ်များ ကြွေကာ မြေခပြီဆိုလျှင် ဖွေးဖွေးလှုပ်ကာ ပို၍ပင် မွှေးလွန်းလှပေသည်။ ဘယ်ဘဝ ဘယ်အရပ်ရောက်ရောက် မမေ့နိုင်သော အငွေ့အသက်ပဲ ဖြစ်သည်။ ထိုကံ့ကော် တန်းတို့ကလည်း သူငယ်ချင်းများအကြောင်း၊ ချစ်သူများ အကြောင်း၊ ဟိုအကြောင်း၊ သည်အကြောင်းများကို ဆွေးဆွေးမြည့်မြည့် ​ပြန်ပြောပြနေပေလိမ့်မည်။
တက္ကသိုလ်တက်ဖူးသူများ မဖြစ်မနေ အရေးတကြီး လုပ်လေ့ရှိသော ကိစ္စတစ်ခုရှိသည်။ ကန်တင်းထိုင်ခြင်းပဲ ဖြစ်သည်။ ဗိုက်ဆာဆာ မဆာဆာ၊ လက်ဖက်ရည်သောက် ချင်ချင် မသောက်ချင်ချင် လူစုံ၍ ဝိုင်းကောင်းပြီဆိုလျှင် လက်ဖက်ရည်ဆိုင်ထိုင်ကာ လေပစ်ကြသည်။ ဝိဇ္ဇာ ကန်တင်း၊ သိပ္ပံကန်တင်း၊ အီကိုကန်တင်း စသည်ဖြင့် တစ်နေ့တစ်မျိုး မရိုးရအောင် လှည့်လည်ထိုင်ရသည်မှာ လည်း အရသာတစ်မျိုး ဖြစ်သည်။ စာအကြောင်း ပေ အကြောင်းမှစ၍ ဟိုအကြောင်း သည်အကြောင်းအထိ စုံလင်လှပေသည်။ လက်ဖက်ရည်ဆိုင်ထဲ ကိုလံဘတ်ထိုင် နေသကဲ့သို့ ရှိတော့သည်။ တစ်ခါတစ်ရံ စာသင်ခန်းထဲတွင် မရနိုင်သော တိုလီမိုလီ စုံစီနဖာ ပညာများကိုလည်း ထိုလက်ဖက်ရည်ဆိုင်တွင် ဆည်းပူးကြရသည်။ ကျွန်တော် တို့ အတွက်တော့ လက်ဖက်ရည်ဆိုင်သည် တက္ကသိုလ်ကြီး ထဲက တက္ကသိုလ်လေးတစ်ခု ဖြစ်ပါသည်။
ကံ့ကော်တန်းက လွမ်းနေမည်
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ဖွင့်ခဲ့ သော ရန်ကုန်တက္ကသိုလ်သည် ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင် ဘာလ ၁ ရက်ဆိုလျှင် နှစ် ၁၀၀ ပင် ပြည့်လေပြီ။ နှစ် ၁၀၀ ပြည့်ပြီဆိုသော်လည်း ဟောင်းနွမ်းမသွားသေးဘဲ နုပျို လှပနေဆဲ ဖြစ်သည်။ အသစ်အသစ်သော သားသမီးများကို မွေးမြူကာ အရွယ်တင်နေဆဲဖြစ်သည်။ နှစ် ၁၀၀ အတွင်း မွေးမြူခဲ့သော သား သမီးများကလည်း ရောက်ရာ အရပ်မှာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ ရှိသကဲ့ သို့ တာဝန်ထမ်းဆောင်ဆဲသူများလည်း ရှိနေကြပါသည်။ သား သမီးများကလည်း ဘယ်အရပ်ရောက်ရောက် ရောက်ရာအရပ်က အမိတက္ကသိုလ်ကို လွမ်းကြသည်ချည်း ဖြစ်ပါသည်။
ယခု ကျွန်တော်လည်း အမိတက္ကသိုလ်ရင်ခွင်ကို ပြန် လည်ခိုဝင်ခွင့် ရနေပါသည်။ အဓိပတိလမ်းနှင့် အဆောင် ဆောင် အနန်းနန်းကိုလည်း လျှောက်လှမ်းခွင့်ရနေပါ သည်။ သစ်ပုပ်ပင်ရိပ်၊ ရေတမာပင်ရိပ်တို့ကိုလည်း ခိုဝင်ခွင့် ရနေပါသည်။ တက္ကသိုလ်လေကို ရှူခွင့်ရနေသည်ဟု ဆိုရ ပေမည်။ အခြေအနေ အရပ်ရပ်ကြောင့် အဝေးရောက်ကာ ကျွန်တော်ကဲ့သို့ တက္ကသိုလ်လေကို ရှူခွင့်မရကြသူများ လည်း ဒုနဲ့ ဒေး ရှိနေပါလိမ့်မည်။ တက္ကသိုလ်​လေကို လွမ်း နေပေလိမ့်မည်။ ထိုထိုသောသူများကို အမိတက္ကသိုလ်ကြီး ကိုယ်စား လက်ဆောင်စကား ပါးလိုက်ချင်ပါသည်။ “ကံ့ကော်တန်းက လွမ်းနေမည်” ဟူ၍သာ။ ။

ဆောင်းပါးရှင်
ဒေါက်တာအောင်ဆန်း၏ ကိုယ်ရေးအကျဉ်း
--------------------------------------------------------

- အမည်ရင်းမှာ အောင်ဆန်းဖြစ်သည်။
- ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့အပိုင် ကတုတ်၊ ကြောင်လျှာဖျား၊ ကျောင်းစု ကျေးရွာတွင် အဖ ဦးမောင်ငယ်၊ အမိ ဒေါ်ပုရင်တို့က ၁၉၇၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် (စနေနေ့)တွင် မွေးဖွားခဲ့သည်။
- အခြေခံပညာကို အ.မ.က ကတုတ်၊ ကြောင်လျှာဖျား၊ ကျောင်းစုကျောင်းတွင် သင်ယူခဲ့သည်။
- တက္ကသိုလ်တန်းကို အ.ထ.က ပြွန်တန်ဆာကျောင်းမှ အောင်မြင်ခဲ့သည်။
- ပဲခူးဒီဂရီကောလိပ်မှ မြန်မာစာ အဓိကဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
- ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ မဟာ သုတေသနဘွဲ့၊ ပါရဂူဘွဲ့များ ရရှိခဲ့သည်။
- အောင်ဆန်း၊ အောင်ဆန်း (မြန်မာစာ)၊ ချစ်ပြည့် (ပြွန်တန်ဆာ)၊ လွမ်းနောင်၊ မောင်ရင်ဆွေ ကလောင် အမည်များဖြင့် စာပေများ ရေးသားလျက်ရှိသည်။
- ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတွင် လက်ထောက် ကထိကအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည်။