ကျန်းမာစေဖို့ လိုက်နာစို့

Type
5

ဒေါက်တာဇေယျာဝင်း

“အာရောဂျံ၊ ပရမံ၊ လာဘံ” ဆိုတဲ့အတိုင်း ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်ပါတယ်။ ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ခြင်းဟာ ဘဝမှာ အလွန်ကြီးမားသော အောင်မြင်မှုတစ်ခုပါပဲ။   ကျန်းမာခြင်းရဲ့တန်ဖိုးကို  မကျန်းမာတဲ့အခါမှာ  အသေအချာ သိမြင်ရမှာပါ။ မကျန်းမာခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများဟာ မိမိကိုယ်တိုင်သာမက မိမိရဲ့မိသားစု၊ မိမိပတ်ဝန်းကျင်နဲ့ မိမိနိုင်ငံအတွက်ပါ သက်ရောက်မှုများရှိစေနိုင်မှာ ဖြစ်ပါတယ်။ 
ဘာကြောင့် အလေးထားသင့်သလဲ
မိသားစုတစ်ခုမှာ     သက်လတ်ပိုင်းအရွယ် မိသားစုဝင်တစ်ဦး အသက်ဆုံးရှုံးရခြင်းဟာ အဆိုပါ အိမ်ထောင်စုဝင်တွေအတွက် ကြီးစွာသော ပျက်စီး ဆုံးရှုံးရမှုကို   ဖြစ်စေပါတယ်။  ဘာလို့လဲဆိုတော့ သက်လတ်ပိုင်းအရွယ်ဆိုတာ အိမ်ထောင်စုတစ်ခု မှာ အဓိကဝင်ငွေရှာပေးသူများ၊ စောင့်ရှောက်နေကြ သူများ ဖြစ်လို့ပါပဲ။  အရွယ်မတိုင်ခင် သေဆုံးခြင်း တွေကြောင့်     မိသားစုဝင်ငွေ   လျော့စေခြင်း၊ စိတ်ထိခိုက်ကြေကွဲရခြင်း၊ ပညာရေးတစ်ပိုင်းတစ်စ ဖြစ်စေခြင်း စတဲ့ဆိုးကျိုးတွေကို ကျန်ရှိတဲ့ မိသားစု တွေ    ရင်ဆိုင်ရမှာဖြစ်ပါတယ်။   ထို့နည်းတူပဲ နိုင်ငံများအနေနဲ့လည်း  ကျန်းမာတဲ့ လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးရခြင်းနဲ့အတူ နိုင်ငံရဲ့ဂျီဒီပီ (GDP) အပေါ်မှာလည်း ထိခိုက်မှုဖြစ်စေပါတယ်။ အလယ်အလတ်နဲ့    ဝင်ငွေနိမ့်တိုင်းပြည်တွေမှာ အရွယ်မတိုင်မီ   အသက်ဆုံးရှုံးခြင်းတွေဟာ  ပိုမို အဖြစ်များတတ်ပါတယ်။   အဆိုပါ တိုင်းပြည်များ အတွက်   အရွယ်မတိုင်မီဆိုတာကို  အသက်  ၇၀ မတိုင်မီလို့     သတ်မှတ်လေ့ရှိကြတယ်။   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ခန့်မှန်းချက်အရ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ   အရွယ်မတိုင်မီ  အသက်ဆုံးရှုံးရခြင်း တွေကြောင့် ဝင်ငွေနိမ့်နဲ့ အလယ်အလတ် တိုင်းပြည် တွေမှာ အမေရိကန်ဒေါ်လာ  ၇  ထရီလီယံအထိ ဆုံးရှုံးနိုင်ကြောင်း    ခန့်မှန်းသုံးသပ်ထားတာကို လေ့လာသိရှိရပါတယ်။
သေဆုံးခြင်းဟာ     သက်ရှိတိုင်း  မလွဲမသွေ ရင်ဆိုင်ရမယ့် ဧကန်သဘောတရားတစ်ခု ဖြစ်ပါ တယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေက    လူ့သက်တမ်းဆန့်နိုင်ဖို့နဲ့  အရွယ်မတိုင်မီ သေဆုံးမှုများအား       ရှောင်ရှားနိုင်ဖို့အတွက် လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေပါပြီ။ ဆိုလို တာက   လူတစ်ယောက်ဟာ  အသက်ရှည်စေဖို့ အတွက် နေ့စဉ်ပြုမူဆောင်ရွက်မှုတွေကို ဂရုတစိုက် နေထိုင်မယ်ဆိုရင် အသက်ရှည်ဖို့ လူ့သက်တမ်းကို ဆွဲဆန့်နိုင်ပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၃၀ မျှော်မှန်း ချက်ထဲမှာ    အရွယ်မတိုင်မီ   သေဆုံးရခြင်းတွေ လျှော့ချနိုင်ရန်ဆိုတဲ့အချက်ကို ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အဓိကအာရုံစိုက်မှုအဖြစ် သတ်မှတ်ထား ပါတယ်။ 
အရွယ်မတိုင်မီ           သေဆုံးရခြင်းတွေမှာ အကြောင်းအရင်း  အမျိုးမျိုးရှိပါတယ်။  နိုင်ငံများ အနေနဲ့   မိမိတို့  လူ့အဖွဲ့အစည်းအတွင်း  အရွယ် မတိုင်မီ   သေဆုံးရခြင်း အကြောင်းအရင်းတွေနဲ့ နှီးနွှယ်နေတဲ့   အချက်အလက်များကို   ရှာဖွေ သတ်မှတ်နိုင်ဖို့ အရေးကြီးပါတယ်။ အဓိကအားဖြင့် ကျန်းမာရေးစီမံကိန်းတွေ၊   မူဝါဒချမှတ်မှုတွေနဲ့ ဘတ်ဂျက်လျာထားမှုတွေအတွက် အဆိုပါအချက် အလက်များ လိုအပ်ပါတယ်။
ထိုသို့   လုပ်ဆောင်ရမယ့် အချက်တွေရှိသလို လူတစ်ဦးချင်းစီတိုင်းကလည်း မိမိတို့ကျန်းမာရေး အခြေအနေများ တိုးတက်ကောင်းမွန်ဖို့၊ ပိုမိုကျန်းမာ ဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေ မြှင့်တင်ကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ သက်ရှည်ကျန်းမာစေရေးအတွက် ညီညွတ်မျှတတဲ့ နေထိုင်စားသောက်မှုပုံစံအချို့ကို ဝေမျှလိုပါတယ်။
အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုစားပါ
သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲတောင့် ရှည်များ၊   ပဲစေ့များ၊   ဂျုံ၊  ဆန်  စသည်ဖြင့် မိမိ စားသောက်မည့်   အစားအစာတွင်  အာဟာရဓာတ် အမယ်စုံပါဝင်အောင် စားသင့်ပါတယ်။ တစ်ရက် လျှင်   အနည်းဆုံး  ၄၀၀  ဂရမ်ခန့် အသီးအနှံများ စားသင့်ပါတယ်။   လတ်ဆတ်တဲ့  အသီးများနဲ့ ဟင်းသီးဟင်းရွက်များကို စားမြိန်စာအနေနဲ့လည်း စားနိုင်ပါတယ်။ ဒါ့အပြင် ရာသီအလိုက်ပေါ်သည့် အသီးအနှံများကိုလည်း အမျိုးစုံအောင် စားသုံးသင့် ပါတယ်။ အဲဒီလို စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှု နဲ့    မကူးစက်နိုင်တဲ့  ရောဂါများဖြစ်တဲ့  ဆီးချို၊ သွေးတိုး၊  နှလုံး၊  လေဖြတ်ခြင်းနဲ့ ကင်ဆာရောဂါ များဖြစ်စေမှုကို လျော့ကျစေနိုင်ပါတယ်။ 
ဆားနဲ့ သကြား လျှော့စားပါ
မြန်မာလူမျိုးများဟာ ဆားသုံးစွဲမှုမှာ ပုံမှန်ထက် ပိုများကြပါတယ်။    ဆားသုံးစွဲမှုများခြင်းသည် သွေးတိုးရောဂါအပါအဝင် နှလုံးရောဂါနဲ့ လေဖြတ် ရောဂါများကို ဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။ အငန် ဓာတ်များတဲ့ အစားအသောက်များ၊ စားမြိန်စာများ စားသုံးမှုကိုလည်း လျှော့ချသင့်ပါတယ်။ ထိုနည်းတူ အချိုစားသုံးမှုကိုလည်း   သတိပြုကြဖို့  လိုပါတယ်။ အချိုများများစားရင် သွားပိုးစားခြင်း၊ ကိုယ်အလေး ချိန်    တက်စေခြင်းအပါအဝင်   ဆီးချို၊  သွေးတိုး၊ နှလုံးရောဂါနှင့်    သွေးကြောဆိုင်ရာ   ရောဂါတွေ ဖြစ်စေနိုင်မှု မြင့်တက်လာစေနိုင်ပါတယ်။ သကြား ဓာတ်လွန်ကဲတဲ့  အချိုရည်နဲ့  တခြားသရေစာများ စားသုံးမှုကိုလည်း    လျှော့ချသင့်ပါတယ်။   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက လူတစ်ဦး နေ့စဉ်စွမ်းအင် လိုအပ်ချက်ရဲ့ ၅ ရာခိုင်နှုန်းအောက်သာ သကြား ဓာတ်ကို   စားသုံးသင့်ကြောင်း   တိုက်တွန်းထား ပါတယ်။
အန္တရာယ်များတဲ့ အဆီဓာတ်သုံးစွဲမှုများကို လျှော့ချပါ
အဆီဓာတ်စားသုံးမှုနဲ့ ပတ်သက်လို့ လူတစ်ဦး နေ့စဉ်    စွမ်းအင်လိုအပ်ချက်ရဲ့   ၃၀ ရာခိုင်နှုန်း အောက်သာ  အဆီဓာတ်ကို  စားသုံးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက   တိုက်တွန်းထားပါ တယ်။ အဆီဓာတ်မှာလည်း အမျိုးမျိုးရှိပြီး အဓိက အားဖြင့်  ပြည့်ဝဆီနဲ့  မပြည့်ဝဆီဟူ၍ ရှိပါတယ်။ ပြည့်ဝဆီတွေက ယေဘုယျအားဖြင့် ကျန်းမာရေး အတွက် မကောင်းပါဘူး။ မပြည့်ဝဆီများကတော့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ မှတ်ယူနိုင် ပါတယ်။ 
အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ပါ
အရက်သောက်ခြင်းနဲ့  ပတ်သက်လို့ကတော့ မည်မျှသောက်ရင်     လုံခြုံစိတ်ချရတယ်ဆိုပြီး သတ်မှတ်ချက်မရှိပါဘူး။   အရက်သောက်ခြင်း ကြောင့် ရနိုင်တဲ့ ကျန်းမာရေးပြဿနာများကတော့ စိတ်ကျန်းမာရေးနဲ့ အပြုအမူဆိုင်ရာ အလေ့အထ များ ပြောင်းလဲနိုင်ခြင်း၊ အရက်စွဲခြင်း အပါအဝင် အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ၊ အခြားသော   ကင်ဆာရောဂါများ၊   နှလုံးရောဂါ၊ အရက်မူးခြင်းကြောင့်   ထိခိုက်ဒဏ်ရာရခြင်းနှင့် ယာဉ်တိုက်မှုဖြစ်ခြင်းများ စသည်တို့ဖြစ်ပါတယ်။ 
ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ
ဆေးလိပ်သောက်ခြင်းဖြင့်    အဆုတ်ရောဂါ၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများနှင့် လေဖြတ် ရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက် ခြင်းဟာ ဆေးလိပ်သောက်သူကိုသာ ထိခိုက်တာ မဟုတ်ပါဘူး။   သူ့အနားမှာနေတဲ့  ဆေးလိပ်ငွေ့ ရှူနေရသူများကိုလည်း        ထိခိုက်စေပါတယ်။ အကယ်၍   သင်ဟာ  ဆေးလိပ်သောက်သုံးနေဆဲ လူတစ်ယောက်ဖြစ်ပါက ခုချက်ချင်းပဲ ဆေးလိပ် ဖြတ်ကြည့်လိုက်ပါ။ သိသာတဲ့ အကျိုးကျေးဇူးတွေ ချက်ချင်းရရှိနိုင်တာ တွေ့ရပါလိမ့်မယ်။ 
တက်တက်ကြွကြွ 
လှုပ်လှုပ်ရှားရှားနေထိုင်ပါ
ကိုယ်လက်လှုပ်ရှားခြင်းဆိုတာကတော့ စွမ်းအင် သုံးစွဲရန် လိုအပ်သောကြွက်သားများကို အသုံးပြုရ သည့်   မည်သည့်ကိုယ်ခန္ဓာလှုပ်ရှားမှုမျိုးကိုမဆို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း အပါအဝင်   လှေကားတက်ဆင်း ပြုလုပ်ရခြင်း၊ အလုပ်သွားရခြင်း၊ အိမ်မှုကိစ္စများလုပ်ဆောင်ခြင်း စတဲ့ ကိုယ်ခန္ဓာတွေ လှုပ်ရှားနေခြင်းဖြင့် စွမ်းအင် များကို   သုံးစွဲနေခြင်းဟာ  ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ နေ့စဉ် မည်မျှလှုပ်ရှားနေရ မယ်ဆိုတာကတော့ သင့်ရဲ့ အသက်အရွယ်အပေါ်မှာ မူတည်ပါတယ်။ အသက် ၁၈-၆၄ နှစ်ကြား ရှိသူများ ဟာ တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ပြုလုပ်သင့်ပါတယ်။ ကျန်းမာရေးပိုမိုကောင်းချင်သူများအနေနဲ့ တစ်ပတ် လျှင်   မိနစ်   ၃၀၀  ခန့်အထိ  အားရင်အားသလို လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ 
သင့်ရဲ့ သွေးပေါင်ချိန် ပုံမှန်တိုင်းတာပါ
သွေးတိုးရောဂါသည် အသံတိတ်လူသတ်သမား အုပ်စုထဲမှာ ပါဝင်ပါတယ်။ လူအတော်များများဟာ သွေးတိုးရှိနေမှန်း    မိမိကိုယ်မိမိ   မသိကြပါဘူး။ သွေးတိုးရှိ/ မရှိဆိုတာက   ပုံမှန်တိုင်းတာနေခြင်း ဖြင့်သာ သိနိုင်ပါတယ်။ သွေးတိုးရှိမှန်းသိမှသာ ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာနိုင်မှာ ဖြစ်ပါ တယ်။ သွေးတိုးကို   ဆေးဝါးဖြင့်ဖြစ်စေ   လူနေမှု ပုံစံဖြင့်ဖြစ်စေ    မထိန်းချုပ်ပါက   နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ အခြားရောဂါများဆီ ဦးတည် သွားနိုင်ပါတယ်။ 
ကူးစက်ရောဂါများ မကူးစက်နိုင်ရေးကာကွယ်ပါ
ခုခံအားကျရောဂါ(HIV)၊ တီဘီရောဂါ၊ အသည်း ရောင်ဘီရောဂါနှင့်      လိင်မှတစ်ဆင့်   ကူးစက် တတ်သောရောဂါ အပါအဝင် ကူးစက်တတ်သော ရောဂါများကို    မကူးစက်စေရေး   ဆောင်ရန်၊ ရှောင်ရန်များကို   သတိပြုလိုက်နာသင့်ပါတယ်။ 
လိုအပ်သည့် စစ်ဆေးခြင်းများ လုပ်ဆောင်သင့် ပါတယ်။    ၎င်းရောဂါများဟာ   စောစောသိလို့ စောစောကုသမှု ခံယူသင့်တဲ့ရောဂါတွေ ဖြစ်ပါတယ်။ မသိလို့   မကုဘဲနေပါက  ဆိုးရွားတဲ့ ကျန်းမာရေး ဆိုင်ရာ    အကျိုးဆက်တွေရလာနိုင်ပြီး   အသက် ဆုံးရှုံးမှုအထိ ဖြစ်စေနိုင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်သော   ရောဂါများဖြစ်တဲ့  ဆစ်ဖလစ် ရောဂါ၊ ဂနိုရောဂါများ အပါအဝင် ခုခံအားကျရောဂါ များ   ကူးစက်ခံရမှု  မရှိစေရေးအတွက်  အကာ အကွယ်အသုံးပြု၍ လိင်ဆက်ဆံခြင်းကို အလေးထား သင့်ပါတယ်။
ကာကွယ်ဆေးထိုးကြပါ
ကာကွယ်ဆေးထိုးခြင်းဟာ ကူးစက်ရောဂါများ ကာကွယ်ခြင်းအတွက် အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ ကာလဝမ်း ရောဂါ၊ ဆုံဆို့ကြက်ညှာမေးခိုင်ရောဂါ၊ တုပ်ကွေး၊ ဝက်သက်၊   ခွေးရူးပြန်ရောဂါ   စသဖြင့်  ရောဂါ တော်တော်များများအတွက်    ကာကွယ်ဆေးများ ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် မွေးကင်းစ ကလေးငယ်များကစ၍        သူ့အရွယ်အလိုက် ကာကွယ်ဆေးများ             ထိုးနှံပေးလျက်ရှိရာ မပျက်မကွက်   ထိုးနှံထားကြပါလို့  တိုက်တွန်း လိုပါတယ်။
ချောင်းဆိုး/နှာချေပါက 
သင့်ရဲ့ ပါးစပ်ကို အကာအကွယ်ပြုလုပ်ပါ
ကိုဗစ်-၁၉ ရောဂါ၊ တုပ်ကွေးရောဂါ၊ အဆုတ် ရောင်ရောဂါအမျိုးမျိုးနဲ့   တီဘီရောဂါ  စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဟာ  လေထဲမှတစ်ဆင့်  ကူးစက်တတ်တာ ဖြစ်ပါ တယ်။    ဒါ့ကြောင့်   ရောဂါကူးစက်ခံရသူများက ချောင်းဆိုး၊   နှာချေပြုလုပ်တဲ့အခါ  ရောဂါပိုးမွှား များဟာ တခြားသူတွေဆီကို တိုက်ရိုက်ရောက်ရှိ ကူးစက်စေနိုင်ပါတယ်။   တစ်ရှူး၊  လက်ကိုင်ပဝါ စသဖြင့် အကာအကွယ်တစ်ခုခုနဲ့ ပါးစပ်ကို ဖုံးထား ပြီးမှသာ ချောင်းဆိုးနှာချေ ပြုလုပ်သင့်ပါတယ်။ ဖုံးကာစရာဘာပစ္စည်းမှ မရှိပါက တံတောင်ဆစ်ဖြင့် ဖုံးကွယ်ပြီးမှသာ ချောင်းဆိုး/နှာချေ ပြုလုပ်သင့်ပါ တယ်။
ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ပါ
ခြင်ဟာ ကမ္ဘာပေါ်မှာကြောက်စရာအကောင်ဆုံး အင်းဆက်ပိုးမွှား ဖြစ်ပါတယ်။ ခြင်ကိုက်ခံရခြင်းမှ တစ်ဆင့် လူတွေကို သေစေနိုင်တဲ့အထိ ဒုက္ခပေးတဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့အပြင် ဆင်ခြေထောက်ရောဂါ၊ ဆင်တုပ်ကွေးရောဂါ စတဲ့ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း၊ ခြင်ပေါက်ပွား သည့်နေရာများကို  ဖျက်ဆီးခြင်း  စသဖြင့်  ခြင်မှ ရောဂါမကူးစက်အောင် နေထိုင်ကြရန် အရေးကြီး ပါတယ်။ 
ရေကောင်းရေသန့်ကိုသာ 
သောက်သုံးပါ
မသန့်ရှင်းသောရေကို       သောက်သုံးခြင်းမှ တစ်ဆင့်   ရောဂါပေါင်းစုံ ကူးစက်စေနိုင်ပါတယ်။ ဝမ်းရောဂါအမျိုးမျိုး၊    အသည်းရောင်ရောဂါအေ၊ ပိုလီယိုနဲ့   တိုက်ဖွိုက်ရောဂါတို့ဟာ  ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ ထင်ရှားတဲ့ရောဂါတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ တစ်ကမ္ဘာ လုံးမှာ   လူသန်းနှစ်ထောင်ခန့်ဟာ  ရေကောင်း ရေသန့်သုံးစွဲဖို့ အခွင့်အလမ်း ဆုံးရှုံးနေရပါတယ်။ အကယ်၍ သင့်အနေနဲ့ သောက်သုံးရန် ရေသန့်မရ နိုင်ပါက ရေကိုကျိုချက်ပြီးမှသာ သောက်သုံးသင့် ပါတယ်။ 
မွေးကင်းစမှ အသက် နှစ်နှစ်အထိ 
ကလေးများကို မိခင်နို့တိုက်ကျွေးပါ
မွေးကင်းစကလေးများအတွက်ကတော့ မိခင်နို့ သည် အကောင်းဆုံးအာဟာရ ဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက မိခင်ဝမ်းမှ ကျွတ်ကျွတ်ခြင်း ၁    နာရီအတွင်း   မိခင်နို့စတင်တိုက်ကျွေးရန်နဲ့ ခြောက်လသားအထိကို  မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန် မှတ်ချက်ပြုထားပါတယ်။ ဖြစ်နိုင်ရင် တော့  အသက် နှစ်နှစ်သားလောက်အထိကို  မိခင်နို့ တိုက်ကျွေးခြင်းဟာ     ကလေးအတွက်   အထူး ကောင်းမွန်ပါတယ်။     မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးအတွက်သာမက      မိခင်အတွက်လည်း သားအိမ်ခေါင်းကင်ဆာ၊ ဆီးချိုရောဂါ၊ မီးဖွားပြီး နောက်ပိုင်းဖြစ်တတ်တဲ့ စိတ်ကျရောဂါ စတာတွေကို ကာကွယ်နိုင်ကြောင်း သိရှိရပါတယ်။ 
စိတ်ဓာတ်ကျနေမယ်ဆိုရင် သင်ယုံကြည်ရတဲ့ တစ်ယောက်ယောက်နဲ့ စကားပြောပါ
စိတ်ကျရောဂါဟာ ကမ္ဘာတစ်လွှား အဖြစ်များ တဲ့အထဲမှာ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏   ကိန်းဂဏန်းများအရ  လူသန်းပေါင်း ၂၆၀   ခန့်ဟာ  စိတ်ကျရောဂါ  ခံစားနေရကြောင်း သိရပါတယ်။    စိတ်ကျရောဂါဟာ   ပုံစံမျိုးစုံနဲ့ လက္ခဏာပြတတ်ပါတယ်။    မျှော်လင့်ချက်မဲ့တာ၊ တန်ဖိုးမဲ့သလိုခံစားရတာ၊ အတွေးဆိုးများပဲ အမြဲ တွေးမိနေတတ်တာ၊ နာကျင်မှုတွေ ခံစားနေတတ် တာ    စသဖြင့်   မျိုးစုံခံစားနေရတတ်ပါတယ်။ ထိုသို့သော  အခြေအနေမျိုးမှာ တစ်ယောက်တည်း မနေပါနဲ့။  မိမိရဲ့   မိသားစုဝင်ပဲဖြစ်ဖြစ်၊  တခြား ယုံကြည်ရတဲ့   တစ်ဦးဦးကိုပဲဖြစ်ဖြစ်  ဖွင့်ဟပါ၊ တိုင်ပင်ပါ၊ ဆွေးနွေးပါ၊ စကားတွေပြောပါ။ စိတ်ကျ ခြင်းဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေဆီ ဦးတည် သွားနိုင်တာဖြစ်တဲ့အတွက် သတိမူသင့်ပါတယ်။ 
ပဋိဇီဝဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်ပါ
ယခုခေတ်ကာလမှာ ဗက်တီးရီးယားပိုးမွှားများ ဟာ    ပဋိဇီဝဆေးဝါးများကို   ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးတဲ့ပိုးမွှားများ   ပေါ်ပေါက်လာမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာဆိုရင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြီးမားတဲ့ ခြိမ်းခြောက် မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဆိုပါ ဗက်တီးရီးယားများဟာ  ဆေးဝါးများကို  ခံနိုင်ရည် ရှိလာတဲ့အတွက် ရောဂါပျောက်ကင်းအောင် မကုသ နိုင်တော့ဘဲ လူကိုသေဆုံးသည်အထိ တိုက်ခိုက်နိုင် လို့ပဲ ဖြစ်ပါတယ်။ ထို့အပြင် အဆိုပါ ဆေးမတိုးတဲ့ ပိုးများဟာ   လူထုအတွင်း  ကူးစက်ပြန့်ပွားမှုများ ဖြစ်လာပါက လူအစုလိုက် အပြုံလိုက် သေဆုံးစေတဲ့ ကပ်ရောဂါမျိုးတွေ ဖြစ်ပွားသည်အထိ ဖြစ်လာနိုင် ပါတယ်။ ဆေးမတိုးတဲ့ပိုးတွေ ထွက်ပေါ်လာစေတဲ့ အဓိကအကြောင်းကတော့    ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ မိမိသဘောနဲ့ မိမိသောက်ကြတာရယ်၊ ဆေးပတ်လည်အောင် မသောက်ကြတာရယ်ကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သာ အဆိုပါ antibiotics  လို့ခေါ်တဲ့ ပဋိဇီဝဆေးများကို သောက်သုံးသင့်ပါတယ်။
လက်ကိုစနစ်တကျဆေးကြောပါ
လက်သန့်စင်မှုဟာ  အင်မတန်အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာ    အချက်အလက်တစ်ခုပါ။ လက်မသန့်ခြင်းမှတစ်ဆင့်       ကူးစက်ရောဂါ တော်တော်များများ   ဖြစ်စေတာပါ။  ဒါ့ကြောင့် လက်ကို ဆပ်ပြာနဲ့ ရေတို့ဖြင့် သေချာစနစ်တကျ ဆေးကြောခြင်း၊  အရက်ပြန်ပါဝင်သည့်  ရေမလို လက်သန့်ဆေးရည်များဖြင့် မကြာခဏဆေးကြော ခြင်းကို သတိရတိုင်း လုပ်ဆောင်သင့်ပါတယ်။ 
အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ သန့်ရှင်းပါစေ
မသန့်ရှင်းတဲ့ အစားအသောက်များမှာ ပါဝင်နိုင် တဲ့    ပိုးမွှားမျိုးစုံနဲ့   ဓာတုပစ္စည်းများမှတစ်ဆင့် ဝမ်းလျှောဝမ်းပျက်ကဲ့သို့ ရောဂါများမှသည် ကင်ဆာ ရောဂါများအထိ ရောဂါအမျိုးပေါင်း ၂၀၀ ကျော် အထိ  ဖြစ်စေနိုင်ပါတယ်။   ဒါ့ကြောင့်  ဈေးကနေ အစားအသောက်ဝယ်ယူရာကစလို့          ပြင်ဆင် ချက်ပြုတ်မှုအလယ်       စားသောက်သည်အဆုံး သန့်ရှင်းမှုကို ဂရုပြုသင့်ပါတယ်။ ဒီနေရာမှာ သတိမူ ရမဲ့ အဓိကအချက် ၅ ချက်ကတော့ အစားအစာ များကို    သန့်ရှင်းအောင်ထားပါ၊   စားသောက် ကုန်ကြမ်းနဲ့ ချက်ပြုတ်ပြီး အစားအသောက်များကို ခွဲခြားထားပါ၊ ကျက်အောင်ချက်ပြုတ်ပါ၊ အစား အသောက်များကို  သတ်မှတ်အပူချိန်တွင်ထားပါ၊ သန့်ရှင်းသောရေနဲ့  သန့်ရှင်းသော ကုန်ကြမ်းများ ကိုသာ အသုံးပြုချက်ပြုတ်ပါ။ 
ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါ
ပုံမှန်ဆေးစစ်ခံယူခြင်းဖြင့်    ရောဂါများကို ကြိုတင်သိရှိနိုင်ကာ ရောဂါမရင့်မီ ကုသမှုခံယူခြင်း ဖြင့်    အသက်ရှည်ရှည်နေနိုင်ဖို့  အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ပါက ပုံမှန် ဆေးစစ်မှုများကို လုပ်ဆောင်သင့်ပါတယ်။
ဖော်ပြပါ    သတိထားရမယ့် အချက်များကို အလေးဂရုပြုလိုက်နာခြင်းအားဖြင့်    ကျန်းမာစွာ သက်တမ်းစေ့နေထိုင်နိုင်မှာဖြစ်သလို  မိမိတို့ဘဝ၊ မိမိတို့ရဲ့မိသားစုနဲ့ လူမှုစီးပွားဘဝများကို ထိန်းသိမ်း စောင့်ရှောက်နိုင်ကာ နိုင်ငံအတွက် ကျန်းမာသန်စွမ်း တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုရေးသားလိုက်ရပါတယ်။      ။